COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (1-3-2020, 8:00PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၂၉-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီ မှ (၁-၃-၂၀၂၀) ရက်နေ့၊ ညနေ(၆:၀၀)နာရီအထိ စောင့်ကြည့်လူနာအသစ် ထပ်မံမတွေ့ရှိရပါ။ သို့ဖြစ်ပါ၍ စောင့်ကြည့်လူနာနှင့် သံသယလူနာ စုစုပေါင်း (၄၅) ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း သိရှိရပါသည်။ COVID-19 ရောဂါပိုး မတွေ့ရှိရသော်လည်း ဆေးရုံဆင်းခွင့် သတ်မှတ်ချက်အရ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၃) ဦးနှင့် မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် (၁) ဦး စုစုပေါင်း လူနာ(၄) ဦးအား ဆက်လက်ထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာအားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆက်လက် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းများမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 
 

More Tags