COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၁/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (26-3-2020, 8:00 AM)

Union Minister Dr. Myint Htwe attends the central coordination meeting (41/2020) on preparedness and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၈) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုချိတ်ဆက်မှုကောင်းမွန်စွာဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ စီမံခန့်ခွဲ ကွပ်ကဲခြင်းများဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဌာန(Central Command Centre) ကို ယနေ့မှ စတင်၍ အဆင့်မြှင့်ကာ ဆောင်ရွက်သွားတော့မည်ဖြစ်ပါကြောင်း၊

• မိမိတို့မြန်မာနိုင်ငံ၌ ပြည်ပမှ ရောက်ရှိလာသူ (၃) ဦးတွင် COVID-19 ရောဂါ တွေ့ရှိနေပြီဖြစ်သဖြင့် မိမိတို့သည် လက်ရှိဆောင်ရွက်နေသော နည်းဗျူဟာများကို ပြောင်းလဲလာသည့် အခြေအနေနှင့် ကိုက်ညီစွာ မွမ်းမံပြင်ဆင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လျင်မြန်ပြတ်သားစွာ ဆုံးဖြတ်ချက်ချ၍ ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ်ထောင်ချီ၍ အစုလိုက် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေမှု အခြေအနေသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားရန်အတွက် အခွင့်အလမ်း အလွန်များပြီး အန္တရာယ်လည်းကြီးမားပါ ကြောင်း၊

• ထိုကြောင့် မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ပြည်သူများအား ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများအနေဖြင့် ဤအချက်ကိုနောက်ခံထားကာ ရောဂါကာကွယ် ထိန်းချုပ်ရေး နည်းဗျူဟာများကို ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဤကဲ့သို့ အစုလိုက်အပြုံလိုက်ဝင်ရောက်မှုအခြေအနေသည် ကမ္ဘာ၌ အလွန်ထူးခြားသော အခြေအနေတစ်ခုဖြစ်ပြီး အဆိုပါအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသဆိုင်ရာရုံးသို့ ဆက်သွယ် အကြောင်းကြားပြီး လိုအပ်သောအထောက်အပံ့များ ပိုမိုရရှိရန် ဆောင်ရွက်နေပါကြောင်း၊

• ဤသို့ ဝင်ရောက်လာသော မိမိတို့ နိုင်ငံသားများအနေဖြင့် မိမိတွင် ရောဂါပါလာပါက မိမိမှနေ၍ မိမိ၏ မိသားစုများ၊ မိတ်ဆွေများ၊ ရပ်ကွက်တွင်းရှိပြည်သူများအား မကူးစက်ရန် အလွယ်ဆုံးသော နည်းလမ်းမှာ (၁၄) ရက်တာကာလ အသွားအလာကန့်သတ်ခြင်းကို အသိစိတ်ဓာတ်ရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်များကို တိတိကျကျ နေ့စဉ်မပြတ် လိုက်နာခြင်းဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသွားအလာကန့်သတ်ခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများအတွက် လမ်းညွှန်ချက်များ၊ သတ်မှတ်နေရာ အဆောက် အဦ (facility quarantine center) များတွင် COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့် အချက် များနှင့် ဟိုတယ် quarantine center များတွင် COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကို သေချာစွာလိုက်နာ ကျင့်သုံးပါက ပြည်ပမှရောဂါပိုး ကူးစက်ခံရသူများမှတဆင့် ရောဂါဆက်လက်ပြန့်ပွားမှုကို နိုင်နင်းစွာ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊

• ဤ ကိစ္စကို အောင်မြင်ရန် သက်ဆိုင်ရာမြို့နယ်များမှ မြို့နယ်ဆရာဝန်နှင့် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ၊ ရပ်ကွက် လူကြီးများက လက်ကိုင်အသံချဲ့စက်ငယ်များ၊ အသံချဲ့စက်များကို အသုံးပြုကာ သင့်လျော်သော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အစရှိသည်တို့ဖြင့်လှည့်လည်၍ ပြည်သူများအား အသိပေး ရမည်ဖြစ်ပါကြောင်း၊

• လက်ကိုင်အသံချဲ့စက်များအသုံးပြု၍ ပြောကြားရမည့် COVID-19 ရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ကူးစက်ပုံနည်းလမ်း၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ အသွားအလာကန့် သတ်၍ စောင့်ကြည့်ခြင်းခံရသူများ လိုက်နာရမည့်အချက်များ၊ ပြည်သူများ ဝိုင်းဝန်းကူညီရမည့် အချက်များ စသည်ဖြင့် ပြည်သူများ သိရှိလိုက်နာရမည့် အဓိက လိုအပ်သည့်အချက်များကို ပြည်သူများနားလည်ရန်လွယ်ကူသော အသုံးအနှုန်းစာသားဖြင့် ပြုစုထားရှိပြီး မိမိတို့ဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာတွင် ရှင်းလင်းတိကျစွာ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊


 

• မိမိတို့ဝန်ကြီးဌာနမှ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ စသည့်အဆင့်တိုင်း၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ပြည်သူ လူထု အခြေပြု၊ ဆေးရုံအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင် ထွက်ပေါက်များမှ ဝင်ရောက်လာသူများ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း၊ သတ်မှတ်နေရာ အဆောက်အဦနှင့် နေအိမ်များတွင်ထားရှိကာ အသွားအလာကန့်သတ်ခြင်းပြု၍ စောင့်ကြပ်ကြည့်ရှုခြင်း၊ COVID-19 ရောဂါ သံသယလူနာနှင့် ဓါတ်ခွဲအတည်ပြုလူနာများ တွေ့ရှိပါက ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် ဆေးရုံများတွင် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးခြင်း၊ လိုအပ်မည့် ဓါတ်ခွဲပစ္စည်းကိရိယာများ မှာယူဖြည့်ဆည်းခြင်း၊ အမျိုးမျိုးသော လုပ်ငန်းလမ်းညွှန်များ ပြုစုထုတ်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ သိရှိရန်နှင့် အကြံပေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် အဓိကကျသည့် လုပ်ငန်းများ (Key action) နှင့် ဗဟိုမှ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်း (PPE) များ ပေးပို့ထောက်ပံ့မှု အခြေအနေများကို နေ့စဉ်အသိပေးသွားတော့မည်ဖြစ်ပါကြောင်း၊

• ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ပြည်သူများမှ လှူဒါန်းသောငွေကြေး၊ ဆေးနှင့်ဆေးပစ္စည်းများ စာရင်းကိုလည်း ပြည်သူများ သိရှိနိုင်စေရန် မိမိတို့ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၌ နေ့စဉ်ထုတ်ပြန် ကြေညာသွားတော့မည် ဖြစ်ပါကြောင်း၊

• ဗဟိုမှလည်း နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဝယ်ယူရရှိသော ဆေးနှင့် ဆေးပစ္စည်းများကိုလည်းကောင်း၊ လှူဒါန်းရရှိသော ဆေးနှင့် ဆေးပစ္စည်းများကိုလည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ်များ၊ ဆေးရုံများမှ တောင်းခံချက်များအား အမြန်ဆုံး၊ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊

• COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း လုပ်ဆောင်နိုင်ရာတွင် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အားလုံးသိရှိနိုင်ရန်နှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရေးအတွက် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများဖြင့် ဖွဲ့စည်းထားသော COVID-19 email group တွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ လူမှုရေးဝန်ကြီးများကိုလည်း ထပ်မံထည့်သွင်း၍ အသိပေးဆောင်ရွက်သွားတော့မည်ဖြစ်ပါကြောင်း၊

• ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိလာသူများကို ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ် (Community based facility quarantine) ဖြင့် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊

• ထိုကဲ့သို့ ပြည်သူလူထုအခြေပြုကာ သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ် (Community based facility quarantine)ကို စနစ်တကျ ဆောင်ရွက်သွားနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိကျသော လုပ်ငန်းလမ်းညွှန်များ ချမှတ်ပေးကာ ပြည်သူလူထုနှင့် ရပ်ကွက်/ ကျေးရွာ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊

• ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများ၏ မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင်မည့် နေရပ်လိပ်စာ အတိအကျကိုရယူကာ အသွားအလာကန့်သတ်ကာ နေထိုင်စေမည့်နေရာပြ မြေပုံ (Quarantine Mapping) များရေးဆွဲကာ အသွားအလာကန့်သတ်ကာ နေထိုင်စေသည့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်လာသူများ၏ ကျန်းမာရေးအခြေအနေကို သက်ဆိုင်ရာ မြို့နယ်ဆရာဝန်များသည် အခြေခံ ကျန်းမာရေးပညာရှင်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး၊ ရပ်ရွာပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုရယူကာ နေ့စဉ် စောင့်ကြည့် သတင်းရယူကာ အဆင့်ဆင့် ဆက်သွယ်အကြောင်းကြားရမည် ဖြစ်ပါကြောင်း၊

• ဓါတ်ခွဲအတည်ပြုလူနာများ တွေ့ရှိပါက အဆိုပါလူနာ နေ့ရက်အလိုက် သွားရောက်ခဲ့သည့် မြို့များ၊ နေရာများ၊ စီးနင်းခဲ့သည့်ယာဉ်များကို စုံစမ်းဖေါ်ထုတ်ကာ အများပြည်သူသိရှိအောင် သတင်းစာ၊ တီဗီ၊ ရေဒီယို၊ အင်တာနက်စာမျက်နှာတွင် ကြေညာခြင်းဖြင့် ထိုသူနှင့် ထိတွေ့၊ နီးစပ်ခဲ့သူများကို အသိပေးဖေါ်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊

• ယခုအချိန်အခါတွင် မြို့နယ်ဆရာဝန်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပြီး ဝန်ကြီးဌာ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လမ်းညွှန်ချက်များကို မိမိဒေသအခြေအနေနှင့် ကိုက်ညီစွာဖြင့် ထိရောက်စွာ စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့်လည်း ဝန်ထမ်းများကို လိုအပ်သလို သင့်လျော်သောနေရာများတွင် ခေတ္တပြောင်းလဲထမ်းဆောင်စေပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းအစည်းအဝေးတွင် -

• နိုင်ငံတကာတွင် ရောဂါဖြစ်ပွားပျံ့နှံ့မှု၊ သေဆုံးမှုအခြေအနေများ၊

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းလိုအပ်ချက်များ၊

• COVID-19 ရောဂါလူနာ (၃) ဦးအား ကုသပေးနေမှုနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေ၊ ၎င်းတို့နှင့်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ကာ အသွားအလာကန့်သတ်ရောဂါစောင့်ကြပ် ကြည့်ရှုမှု ဆောင်ရွက်ထားမှု၊

• သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ် (Community based facility quarantine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေမှုများ၊

• ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်စပ် ဝင်၊ ထွက်ပေါက်များတွင် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဦးဆောင်သည့် အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှု အတွေ့အကြုံများ၊

• တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ (EHO) နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊

• ဆေးနှင့်ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှုနှင့် ဖြန့်ဝေမှု စသည့် ကိစ္စရပ်များ၊

• ကမ္ဘာ့နိုင်ငံများမှ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများ၊ အသက်ရှူစက်များအပါအဝင် ဆေးနှင့် ဆေးပစ္စည်းများအား အပြိုင်အဆိုင်ဝယ်ယူနေသဖြင့် မိမိတို့အနေဖြင့်လည်း ဆုံးဖြတ်ချက်များ အမြန်ဆုံးဝယ်ယူရန် ကိစ္စ၊

• သင်တန်းပြီးမြောက်ခဲ့ပြီး လုပ်ငန်းခွင် မဝင်ရောက်ရသေးသော ကျန်းမာရေးမှူးများ၊ ဘက်စုံသားဖွားဆရာမများအနက်မှ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူများကို ဖိတ်ခေါ်ရန် စီစဉ်ဆောင်ရွက်နေမှု စသည်တို့ အားဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက အထွေထွေအကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags