COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၈/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (22-3-2020, 5:30 PM)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေ (၅:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၈/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုအခါ COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၅) သို့ ကူးစက် ပြန့်ပွားနေပြီး ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားသည် ပြည်တွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေသည် ပိုမိုမြင့်မားလာပါကြောင်း၊

• ပြန်လည်ဝင်ရောက်လာကြသူများသည် အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ထိုသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာလိုက်နာကာ (၁၄) ရက်တာကာလအထိ နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ရမည် ဖြစ်ပါကြောင်း၊


 

• သို့မှသာ ရောဂါဖြစ်ပွားမှု ရှိပါက ချက်ချင်းသိရှိကာ လျင်မြန်စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ပါကြောင်း၊

• နေအိမ်များတွင် အသွားအလာကန့်သတ်နေထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် ဖြစ်ပါကြောင်း၊

• လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်းပြီးသည်ဖြစ်၍ ဟိုတယ်အချို့ကို အသွားအလာကန့်သတ်ပြီးစောင့်ကြပ်ကြည့်ရှုမည့် နေရာအဖြစ်သတ်မှတ်ပြီး ဟိုတယ်များ၌ ထားရှိပြီး အသွားအလာကန့်သတ်ခြင်းကိုဆောင်ရွက်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊


 

• မန္တလေးတိုင်းဒေသကြီးတွင်လည်း အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ရန် နေရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်နေမှုများကို အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) တို့ပါဝင်သည့် အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ကြေညာထားသော COVID-19 ရောဂါကူးစက်ပြန့်ပွားလျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂအဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များကို သက်ဆိုင်ရာ နေအိမ်များတွင်သာနေထိုင်စေ၍ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လိုက်နာရန်အချက်များကို တိတိကျကျလိုက်နာရန် မှာကြားထားပြီးဖြစ်ပါကြောင်း၊


 

• COVID-19 ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် စတင်ဖြစ်ပွားစဉ်ကာက၌ (၂.၁) ရာခိုင်နှုန်းခန့်သာရှိသော်လည်း ယခုအခါ ရောဂါကြောင့်သေဆုံးမှုရာခိုင်နှုန်းသည် (၄.၂) ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရှိရ၍ မိမိတို့အနေဖြင့် COVID-19 ဓာတ်ခွဲအတည်ပြု လူနာများကိုတွေ့ရှိပါက ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို ပိုမိုအားစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းများ၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများနှင့် ဤရောဂါနှင့် ပတ်သက်၍ အရေးကြီးသည့် ကိစ္စများကို ပိုမိုတိကျစွာ အချိန်နှင့် တစ်ပြေးညီချိတ်ဆက် နိုင်စေရေးအတွက် “ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုဌာန (Command Center) များကို ဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် တစ်ခု၊ နယ်စပ် ဝင်၊ ထွက်ပေါက်နေရာများအတွက် တစ်ခု ထားရှိကာ (၂၃-၃-၂၀၂၀) ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


 

• အဆိုပါ (Command center) များတွင် ခေတ်မှီ ဆက်သွယ်ရေးနည်းပညာများ အသုံးပြု၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန စသည့် ကဏ္ဍများမှ တာဝန်ရှိသူများ အပါအဝင် အထောက်အကူပြုအဖွဲ့များ ပါဝင်ကာ တစ်ရက်လျှင် အဆိုင်း (၃) ဆိုင်းဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်တော့မည်ဖြစ်ပါကြောင်း၊

• ဝယ်ယူဖြန့်ဖြူးရေးကဏ္ဍအနေဖြင့် (က) လက်ဝယ်တွင်ရှိသော ဆေးနှင့်ဆေးပစ္စည်းများ၊ (ခ) မှာယူရရှိရန်ရှိသော ဆေးနှင့်ဆေးပစ္စည်းများ၊ (ဂ) လှူဒါန်းရရှိမှုမှရရှိသော ဆေးနှင့်ဆေးပစ္စည်းခွဲဝေချထားမှုများကို စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်ရေးအတွက် dashboard များပြုလုပ်ထားရှိ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အချိန်နှင့် တစ်ပြေးညီ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ရောဂါကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရန်မှာ အချိန်နှင့်အမျှအရေးကြီးသဖြင့် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအား လုပ်ပိုင်ခွင့် (delegation of authority) ကို ယမန်နေ့က စတင်၍ အပြည့်အဝပေးအပ်ထားပါကြောင်း၊ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ပြီး ဗဟိုအဆင့် (Command Center) သို့ သတင်းပေးပို့ရမည်ဖြစ်ပါကြောင်း၊


 

• ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်တို့မှာ တစ်နိုင်ငံလုံးသို့ ရောက်ရှိရန် ခက်ခဲသဖြင့် တစ်နိုင်ငံလုံးမှ ပြည်သူများသိရှိရန်အတွက် မြို့နယ်နှင့် ကျေးလက်တောရွာများတွင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဌာနတို့ပူးပေါင်း၍ လက်ကိုင်အသံချဲ့စက်ငယ်များအသုံးပြုကာ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံမှ သက်ဆိုင်ရာနေရပ်နိုင်ငံများသို့ ပြန်လည်သွားရောက်လိုသည့် သံရုံးဝန်ထမ်းများနှင့် ကုလသမဂ္ဂဝန်ထမ်းများအတွက် ယခုလက်ရှိတွင် COVID-19 ရောဂါလက္ခဏာများ မရှိကြောင်း ထောက်ခံချက်ကိုလည်း ပြုလုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• ယခုလက်ရှိတွင် ဖွံ့ဖြိုးတိုးတက်မှုအမြင့်မားဆုံးသော အမေရိကန်ပြည်ထောင်စုနှင့် ဉရောပနိုင်ငံများတွင်လည်း ရောဂါကူးစက်ဖြစ်ပွားသေဆုံးနှုန်းများ မြင့်မားနေသည်ကို တွေ့ရှိနေရပါကြောင်း၊


 

• မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှာလည်း ယခုရက်ပိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ များပြားလာကာ သေဆုံးမှုများလည်းမြင့်တက်လာသဖြင့် မိမိအနေဖြင့် မိမိတို့နိုင်ငံသို့ဝင်ရောက်လာမည်ကို အထူးစိုးရိမ်မိပါကြောင်း၊

• ပြည်သူများအနေဖြင့် COVID-19 ရောဂါ၏ မိမိတို့နိုင်ငံအပေါ်ရိုက်ခတ်နိုင်သော အခြေအနေအတိမ်အနက်ကိုသိရှိကာ ပေါ့လျော့ခြင်းလုံးဝမရှိဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ဝန်ကြီးဌာနအသီးသီးမှ ထုတ်ပြန်ထားသည့် အချက်များကို စနစ်တကျလိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ကြပါရန်တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

အစည်းအဝေးတွင် -

• နိုင်ငံတကာတွင် ရောဂါဖြစ်ပွားကူးစက်မှု၊ သေဆုံးမှုအခြေအနေများ၊

• နိုင်ငံတကာတွင် အခြားနိုင်ငံများမှ နိုင်ငံတွင်းသို့ဝင်ရောက်လာကြသူများကို ဝင်ရောက်ခွင့်ပိတ်ပင်မှု၊ အသွားအလာကန့်သတ်ခြင်းဆောင်ရွက်မှု အခြေအနေများ၊

• နိုင်ငံတကာ ကုသရေးကုထုံးဆိုင်ရာ လေ့လာတွေ့ရှိမှုနှင့် မိမိတို့နိုင်ငံအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊

• ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဗဟိုကွင်းဆင်းအဖွဲ့၏ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများ၊

• တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊

• ဆေးနှင့်ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊

• ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကိုဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags