COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) ကို ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေပိုင်းတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဦးအောင်ရဲဝင်းနှင့် ဒေါ်နှင်းဝေလွင် (Galaxy Software Company မိသားစု) မှ လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) ကို လာရောက်လှူဒါန်းမှုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် လက်ခံခဲ့ပါသည်။


 

     အလှူရှင်များက လှူဒါန်းရခြင်းရည်ရွယ်ချက်ကို ပြောကြားရာတွင် -

• ကမ္ဘာအနှံ့ COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေချိန်တွင် မိမိနိုင်ငံအတွက် ရှေ့တန်းမှ စွမ်းစွမ်းတမံ ကာကွယ်ကုသပေးနေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ထမ်းများအား ကူညီအားပေးသော အနေဖြင့် လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် -

• ဤလှူဒါန်းငွေများကို ပြည်သူများအတွက် အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာအသုံးပြုသွား မည် ဖြစ်ကြောင်း၊

• ယခုလှူဒါန်းငွေများသည် ယခုဖြစ်ပွားနေသော COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်သာမက အထူးကြပ်မတ်ကုသဆောင်များတွင် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ဝယ်ယူတပ်ဆင်သုံးစွဲနိုင်မည်ဖြစ်၍ အရေးပေါ် လူနာများ၊ အသည်းအသန် ဖြစ်နေသော လူနာများကို ကုသရာတွင် အလွန်အသုံးဝင်မည်ဖြစ်၍ ရေရှည်အကျိုးရှိမည်ဖြစ်ပါကြောင်း၊

• ယခုလှူဒါန်းမှုသည် လှူဒါန်းသူများအတွက် အလွန်ကုသိုလ်ရပြီး အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ယင်းလှူဒါန်းပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယအမြဲအတွင်းဝန် (ကျန်းမာရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

 

More Tags