COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Union Minister Dr. Myint Htwe attends the ceremony on the donation of cash and medical supplies for prevention, control and response to Coronavirus Disease (COVID-19)

ရန်ကုန်၊ (၂၀၂၀)ပြည့်နှစ်၊ မတ်လ(၁၅)ရက်

ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် (၁၁:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆေးရုံသုံး စက်ပစ္စည်းများ၊ လှူဒါန်းငွေ များနှင့် ကျန်းမာရေး အသိပညာပေးပစ္စည်းများ လှူဒါန်းမှု အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အလှူရှင်များကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျန်းမာရေးကွန်ယက်၊ နိုင်ငံတကာဆက်ဆံရေးဌာန အတွင်းရေးမှူး ဦးစောဝင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင်နှင့် မြန်မာ့သြဘာ လုပ်ငန်းစု အမှုဆောင်အရာရှိချုပ် ဦးသတိုးဟိန်းတို့က လှူဒါန်းရခြင်း အကြောင်းအရင်း များကို ပြောကြားရာတွင် -

- ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားပျံ့နှံ့နေသော COVID-19 ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများအရ သိရှိရပါကြောင်း၊

- ထိုသို့ ဝင်ရောက်လာပါက ကုသနိုင်ရန်အတွက် ဝန်ကြီးဌာန၏ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာ၌ ဆေးရုံသုံး ပစ္စည်းကိရိယာများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် တစ်ကိုယ်ရည်သုံး ကာကွယ်ရေး ပစ္စည်းများလိုအပ်နိုင်သည့်အတွက် မိမိတို့မြန်မာနိုင်ငံသားများအနေဖြင့်နိုင်ငံနှင့် ပြည်သူများ အကျိုးအတွက် အမျိုးသားရေးတာဝန်အဖြစ် တစ်တပ်တစ်အား ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊

- စစ်ပွဲတစ်ပွဲတိုက်ရာတွင် လက်နက်များ လိုအပ်သည်နှင့်ကဲ့သို့ပင် ဤကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးဝန်ထမ်းများမှ အသုံးပြုရန်လိုအပ်သည့် ဆေးပစ္စည်း များကို လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

- ဆက်လက်၍လည်း နိုင်ငံနှင့်ပြည်သူအကျိုးအတွက် တတ်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်ပြီး၊ အခြားသူများမှလည်း လိုအပ်သည့်နေရာများတွင် လှူဒါန်းနိုင်ရန် ထပ်မံ နှိုးဆော်သွား မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ယနေ့ လှူဒါန်းပစ္စည်း၊ လှူဒါန်းငွေများအား အလေအလွင့်မရှိ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲသို့ အမှန်တကယ်လိုအပ်နေချိန်တွင် အမှန်တကယ်လိုအပ်သည်များကို ယခုကဲ့သို့ လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့လှူဒါန်းသည့် စက်ပစ္စည်းကိရိယာများသည် လူနာများစွာအတွက် အကြိမ်ကြိမ် အသုံးပြုသွားနိုင်မည်ဖြစ်ကာ လူ့အသက်ပေါင်းများစွာကို ကယ်တင်ကုသမှုပေးနိုင်မည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်နိုင်ချေရှိသည့် COVID-19 ရောဂါလူနာများအပါအဝင် ကူးစက်ရောဂါလူနာအမျိုးမျိုးကို ကိုင်တွယ်ကုသမှုပေးနေရသည့် ကျန်းမာရေးဝန်ထမ်းများ အတွက် ရောဂါကာကွယ်ရေးသုံး ပစ္စည်းကိရိယာများ လှူဒါန်းခြင်းသည် ကျန်းမာရေးဝန်ထမ်းများအတွက် များစွာအထောက်အကူပြုပါကြောင်း၊

• ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များအနေဖြင့် စက်ပစ္စည်းကိရိယာစုံလင်စွာဖြင့် ကုသမှုပေးနိုင်ခြင်းဖြင့် လူနာများအား ပိုမိုအရည်အသွေး ပြည့်ဝစွာကုသမှု ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ လူနာများတွေ့ရှိပါက ကုသမှုပေးရန် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင် လှူဒါန်းမှုများသည် များစွာအထောက်အကူ ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် ပြည်သူများအားလုံး၏ ကိုယ်စား အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း၊

• ပြည်သူများအနေဖြင့် မည်သည့်လှူဒါန်းမှုပမာဏနည်းများကို မဆို၊ မည်သည့်နေရာမှမဆို အလွယ်တကူထည့်ဝင် လှူဒါန်းနိုင်ရန်အတွက် အလှူငွေလက်ခံရန် ဘဏ်စာရင်းနံပါတ် (bank account) တစ်ခုထားရှိရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျန်းမာရေးကွန်ယက်၊ နိုင်ငံတကာဆက်ဆံရေးဌာန အတွင်းရေးမှူး ဦးစောဝင်းတို့က လှူဒါန်းမှုအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင် ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။

အဆိုပါ လှူဒါန်းပွဲ၌ အလှူရှင် (၅၆)ဦးထံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းငွေ စုစုပေါင်း သိန်း(၁၉၇၀)ကျော်၊ စုစုပေါင်း ကျပ်သိန်း (၃၉၈၀)ကျော် တန်ဖိုးရှိ၊ အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်း ကိရိယာ (၂)စုံ၊ အသက်ရှူအကူစက် (၅)စုံ၊ Digital X-rays ( ၁ ) လုံး၊ Bronchoscope (၁) စုံ၊ ဆေးနှင့် ဆေးပစ္စည်းများနှင့် အားဖြည့်ဆန်များ လက်ခံရရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိဆေးရုံများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း (၁၇၀)နှင့် ငွေကျပ် (၁၈၈,၀)သိန်းကျော် တန်ဖိုးရှိ အသက်ရှူအကူစက် (၁၀)စုံ၊ လူနာစောင့်ကြည့်စက် (၅)လုံး၊ ပညာပေးစာစောင် စုစုပေါင်း အရွက်ရေ (၉)သောင်း၊ လက်ကိုင်အသံချဲ့စက် (၃၅)လုံး၊ RRT Jacket အထည် (၅၀)၊ ခွဲစိတ်ခန်းသုံး မျက်နှာဖုံး အခုရေ (၁၀,၀၀၀) နှင့် ဆေးနှင့် ဆေးပစ္စည်းများ လက်ခံရရှိခဲ့ပါသည်။

ယနေ့ လှူဒါန်းပွဲတွင် အလှူရှင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ ဆေးရုံများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းသော အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း တန်ဖိုးမှာ (၈၀၂,၀၆၉,၀၀၀)ကျပ် ရှိပါသည်။

 

More Tags