COVID-19 ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြင်ဆင် ဆောင်ရွက်မှု အထူးအစည်းအဝေးကို အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပ (18-3-2020, 9:00 AM)

Union Minister Dr. Myint Htwe attends the “COVID-19 pandemic preparedness” video conferencing meeting

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၈) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ယနေ့၊ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ COVID-19 ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြင်ဆင် ဆောင်ရွက်မှု အထူးအစည်းအဝေးကို အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေး၌ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက‌ ပြောကြားရာတွင် -

• ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်နှင့် ဆရာမများစသည့် ကဏ္ဍစုံမှ တာဝန်ရှိသူများနှင့် ယနေ့ ဒုတိယအကြိမ် Video Conferencing ပုံစံဖြင့် တစ်ပြိုင်တည်း၊ တစ်စုတစ်စည်းတည်း အပြန်အလှန်ဆွေးနွေးနိုင်ခြင်းဖြင့် လုပ်ငန်းချိတ်ဆက် ဆောင်ရွက်မှုများ ပိုမိုထိရောက် ကောင်းမွန်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်း အတွေ့အကြုံကောင်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ ပညာရှင်များ အချင်းချင်းဝေမျှ နိုင်သည်ဖြစ်ပါကြောင်း၊

• ယနေ့ Video Conferencing ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် (၄-၁-၂၀၂၀) ကတည်းက စတင်ခဲ့သော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို တစ်ချိန်တည်း၊ တစ်စုတည်း ခြုံငုံသုံးသပ်ဆွေးနွေးနိုင်ခြင်းသည် မိမိတို့ ဝန်ကြီးဌာန၏ ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု စွမ်းဆောင်ရည် မြင့်မားလာစေမည်မှာ သေချာပါကြောင်း၊

• ပြဿနာ၊ အားနည်းချက်နှင့် စိန်ခေါ်မှုအရပ်ရပ်ကိုလည်း အချိန်နှင့် တစ်ပြေးညီ စုပေါင်းတိုင်ပင်၍ ဖြေရှင်းပေးနိုင်ပြီဖြစ်ပါကြောင်း၊ ရေရှည်တွင်လည်း မိမိတို့သည် ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စရပ်မျိုးစုံကို ဆွေးနွေးရန် Video Conferencing ကို ပုံမှန် တစ်ပတ်တစ်ခါ ပြုလုပ်တော့မည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ဆေးရုံကြီးများမှ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးနှင့် ဆေးပစ္စည်းများကိုလည်း အတတ်နိုင်ဆုံး ချက်ချင်း ဖြည့်ဆည်းမည်ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် ဝန်ကြီးဌာနအဆင့်မှ ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်မည်ဖြစ်ပြီး၊ ထပ်မံလိုအပ်သည်များကို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟို ကော်မတီထံသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• GAVI- the Vaccine Alliance ၏ Health system strengthening – 2 ရန်ပုံငွေမှ (၁၀) ရာခိုင်နှုန်း ဖြစ်သည့် အမေရိကန်ဒေါ်လာ (၁၀) သန်းကို ကို COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း အကြောင်းကြားလာခဲ့၍ ၎င်းရန်ပုံငွေများကို အသုံးချဆောင်ရွက်ရန် လုပ်ငန်းစီမံချက် အဆိုပြုလွှာတစ်ခုပြုစု ပေးပို့ကာ မိမိတို့ရရှိ တော့မည် ဖြစ်ပါကြောင်း၊

• ထို့အပြင် USAID မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံပံ့ပိုးပေးထားသော ရန်ပုံငွေများထဲမှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၇) သိန်းကိုလည်း ရယူအသုံးပြုနိုင်ရန် အကြောင်းကြားစာ ရရှိသည့်အတွက် မိမိတို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း၊ ဆေးရုံ၏ လိုအပ်ချက်များ ပံ့ပိုးရာတွင်လည်းကောင်း အသုံးပြုသွားမည် ဖြစ်ပါကြောင်း၊

• ထိုသို့ ပံ့ပိုးကူညီပေးသော GAVI- the Vaccine Alliance နှင့် USAID အဖွဲ့တို့အားလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော COVID-19 ရောဂါနှင့်ပတ်သက်၍ အမေးများသော မေးခွန်းနှင့် အဖြေများကို နောက်ဆုံးထွက်လာသော အချက်များနှင့် အညီပြုပြင်မွမ်းမံ၍ ထုတ်ဝေသွားရမည် ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များဖြစ်သည့် (က) အမျိုးသားအဆင့် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှု၊ (ခ)ပြည်သူများနှင့် သက်ဆိုင်သူအားလုံးထံ လက်ရှိအခြေအနေနှင့် လုပ်ဆောင် ရမည်များအား ပြန်ကြားဆက်သွယ်ခြင်း၊ (ဂ) ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်း၊ (ဃ) ကုသမှုလုပ်ငန်းများအားဖြည့်ဆောင်ရွက်ခြင်း၊ (င) ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ခြင်း၊ (စ) သံသယရောဂါလက္ခဏာရှိသူများအား ရှာဖွေခြင်း၊ (ဆ) အမျိုးသားအဆင့် ဓာတ်ခွဲခန်း၏ စွမ်းရည်မြှင့်တင်ခြင်း၊ (ဇ) ဆေးနှင့်ဆေးပစ္စည်းများ မဟာဗျူဟာမြောက် စီမံခန့်ခွဲခြင်း၊ (ဈ) မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများ မပြတ်တောက်စေရေး ဆောင်ရွက်ခြင်း အကြံပြု ပြောကြားချက်များကိုလည်း မိမိတို့ဝန်ကြီးဌာနမှ လုပ်ဆောင်ပြီးဖြစ်ပါကြောင်း၊


• ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပြည်သူများမှ ပါဝင်လှူဒါန်းနေသည့် ဆေးနှင့်ဆေးပစ္စည်းများအား အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနတွင် အဖွဲ့တစ်ခုဖွဲ့စည်းပြီး စနစ်တကျစာရင်းပြုစုကာ ခွဲဝေဖြန့်ဖြူး ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အထူးကြပ်မတ်ကုသဆောင် (ICU) များတွင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် မေ့ဆေးပညာပါမောက္ခများမှ လတ်တလောလိုအပ်ချက် အတွက်သာမက ရေရှည်ကာလ အတွက်ပါ ထည့်သွင်းစဉ်းစား၍ အကြံပြုသည်များကို မိမိတို့ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ယခုအချိန်တွင် ပြည်သူများအနေဖြင့် အရေးအကြီးဆုံး အလေးထားဆောင်ရွက်ရန်မှာ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ ရောဂါကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လက်ကို (၁၅ မှ ၂၀) စက္ကန့်ခန့် အချိန်ယူ၍ သေချာစွာ စနစ်တကျ ပွတ်တိုက်ဆေးကြောခြင်းနှင့် ဆေးကြောထားခြင်းမရှိသော လက်ဖြင့် မျက်နှာအားကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ သတင်းအချက်အလက် မှန်များကိုသာ တိုက်ဆိုင်စစ်ဆေးရယူခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ ဝန်ထမ်းများ အနေဖြင့်လည်း ပွင့်လင်းမြင်သာစွာဖြင့် သတင်းအချက်အလက်မှန်များကို ပြည်သူများ အသုံးပြုမှုများပြားသည့် လူမှုရေးကွန်ရက်မှ ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေ သွားရမည်ဖြစ်ပါကြောင်း၊ ဤအချက်သည် COVID-19 ရောဂါကာကွယ် ထိန်းချုပ်မှုအတွက် အလွန်အရေးကြီးသည့် နည်းဗျူဟာတစ်ခုဖြစ်ပါကြောင်း၊ ဤသို့ပြုလုပ်ခြင်း အားဖြင့် မမှန်သတင်းများနှင့် ကောလာဟလသတင်းများ အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်ပါကြောင်း၊

• ထို့အပြင် ယခုအချိန်ကာလတွင် ရောဂါဖြစ်ပွားမှုများပြားသော နေရာဒေသ၊ နိုင်ငံများမှ ပြည်တွင်းသို့ဝင်ရောက်မှုများ နည်းပါးခြင်းဖြင့် ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေလည်း နည်းပါးလာမည် ဖြစ်သဖြင့် မိမိတို့အနေဖြင့် ပြတ်သားစွာဖြင့် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားပါက ပြင်းထန်စွာဖြစ်ပွားပြီး သေဆုံးနိုင်ချေများသည့် အသက်အရွယ်ကြီးသူများ၊ ဆီးချို၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါနှင့် နာတာရှည်ရောဂါ အခံရှိသူများအနေဖြင့် ယခုကာလအတွင်း တတ်နိုင်သမျှ အပြင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြပြီး မိမိနှင့် သင့်တော်ရာ ကိုယ်လက်လှုပ်ရှားအားကစား ကိုလည်းဆောင်ရွက် ကြစေလို ပါကြောင်း၊

• ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား မှတ်တမ်းများထားရှိခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် စာရွက်စာတမ်း များကို ပင်မဖိုင်တစ်ခုစီ ပြုလုပ်စုစည်းထားရှိခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ရေးဆွဲထားရှိသော COVID-19 အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် (contingency plan) ကိုလည်း လက်တွေ့မြေပြင်အခြေအနေနှင့် အကိုက်ညီဆုံး ဖြစ်စေရေးအတွက် ရက်ပိုင်းအတွင်းအပြီးသတ် ရေးဆွဲရမည်ဖြစ်ပါကြောင်း၊

• ဆေးရုံများတွင် အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန်းစစ်ခြင်းကို အမြန်ဆုံး ပြုလုပ်၍ လိုအပ်သည်များကို ချက်ချင်းပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊

• နေရပ်စွန့်ခွာရသူများ ခေတ္တနေထိုင်ရာစခန်း (IDP Camp) များတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယခု Video Conferencing သို့ တက်ရောက်လျက်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများမှ ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• မိမိတို့ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုရေးကွန်ရက်တွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ ပြည့်စုံစွာ ဖော်ပြထားရှိပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ပြတ်သားစွာဆောင်ရွက်နေသော အခြားနိုင်ငံများမှ သာဓက နမူနာများရယူ၍ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်လာသော အခြေအနေနှင့် အညီ လိုအပ်သည်များအား ပြတ်သားစွာ ဆုံးဖြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊


• တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်၊ အမေရိကန် CDC စသည့် အင်တာနက်စာမျက်နှာများကို ပုံမှန် ကြည့်ရှုကာ သတင်းအချက်အလက်များ ရယူနေရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးစီးဌာနမှူးများအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များကို မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုက်ညီသော လုပ်ငန်းစဉ်များအဖြစ် မွမ်းမံကာ တာဝန်များ တိကျစွာခွဲဝေသတ်မှတ်၍ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• မိမိတို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများလုပ်ဆောင်နေခြင်း၏ အဓိကရည်မှန်းချက်မှာ ပြည်သူတစ်ဦးတစ်ယောက်တွင်မျှ ရောဂါမဖြစ်ပွားစေရေးနှင့် သေဆုံးမှုမရှိစေရေးတို့ ဖြစ်သည်ဆိုသည့် အချက်ကို ပြည်သူများ သိရှိစေခြင်းဖြင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူစေလိုပါကြောင်း၊

• ယနေ့ အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ပိုမိုကောင်းမွန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အကြံပြုချက်များကို ပွင့်လင်းစွာဖြင့် အခြေအနေမှန်ကို ပြောကြားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က လုပ်ငန်းလမ်းညွှန်ချက်များ အသီးသီးမှာကြားခဲ့ပါသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်း COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှု အခြေအနေများနှင့် အဆိုပါနိုင်ငံများတွင် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများနှင့် ကပ်ရောဂါဗေဒရှုထောင့်မှ သုံးသပ်ချက်များကို လည်းကောင်း၊

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်၊ ထွက်ပေါက်များတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆန်းစစ်သုံးသပ်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူးများက လက်တွေ့မြေပြင်အခြေအနေတွင် ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဆန်းစစ်သုံးသပ်ရာတွင် တွေ့ရှိရသော လုပ်ငန်းလိုအပ်ချက်များနှင့် အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတင်းအချက်အလက်များ ကိုလည်းကောင်း အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing မှ တစ်ဆင့် အသီးသီးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုနှင့် ပတ်သက်၍ လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ) ဒေါက်တာသန်းနိုင်စိုးက ပြည်သူများထံ လက်ရှိအခြေအနေများနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်သွယ် ပြောကြားမှု၊ အသိပေးနှိုးဆော်မှုများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက COVID-19 ရောဂါလူနာများတွေ့ရှိပါက ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထား ရှိမှုများကို လည်းကောင်း၊

အထူးကုဆေးရုံ (ဝေဘာဂီ) မှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဆေးရုံ အဆောင်သစ်တွင် လူနာများ သီးခြားထားရှိကုသမှုပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လည်းကောင်း အသီးသီးတင်ပြခဲ့ပါသည်။

အစည်းအဝေးတွင် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေး၊ ဓာတ်ခွဲ၊ ကုသရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ ကဏ္ဍအသီးသီးမှ အပြန်အလှန်ဆွေးနွေးမှုများ၊ အကြံပြုမှုများကို ဆောင်ရွက်ခဲ့ပါ သည်။


အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေကါတာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒုတိယညွှန်ကြားရေး မှူးချုပ် (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ)၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်မှလည်းကောင်း၊ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ အခြေခံကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အထူးကုဆေးရုံ (ဝေဘာဂီ) တို့မှ ပါမောက္ခ/ ဌာနမှူး (အပူပိုင်းဆေးပညာ) များ၊ လေဆိပ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများမှလည်းကောင်း အင်တာနက် ကွန်ရက်အသုံးပြု Video Conferencing ဖြင့် တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags