Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (ပဉ္စမအကြိမ်) ကျင်းပ (25-2-2020, 11:00 a.m)

နေပြည်တော် (၂၅-၂-၂၀၂၀)၊ နံနက် (၁၁:၀၀) နာရီ

      (၂၅-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင်ကျင်းပသည့် Coronavirus 2019 (COVID-19) ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ (ပဉ္စမအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။

     ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် -

- ယနေ့ပြုလုပ်သည့် ဝန်ကြီးဌာနများပေါင်းစပ်ညှိနှိုင်းရေး (ပဉ္စမအကြိမ်) အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များကို ယခုကဲ့သို့ အချိန်ပေး လာရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

- COVID-19 လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အထူးသဖြင့် ဝူဟန်မြို့တွင် အဓိက ကူးစက်ပျံ့နှံ့ခဲ့သော်လည်း ယခုအခါ အခြား နိုင်ငံများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့်နိုင်ငံများအပါအဝင် ကူးစက်ပျံ့နှံ့မှုများပြားလာလျက်ရှိကြောင်း၊

- ကိုရီးယားသမ္မတနိုင်ငံ၌ ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်သူလူထုအတွင်း၌ စတင်ဖြစ်ပွားခဲ့ကာ ရောဂါကူးစက်မှုနှုန်းမြင့်မားနေသည့်ကာလ Ascending phase ဖြစ်နေသည့်အတွက် ယခုကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များအား သေချာစွာ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

- ဖြစ်ပွားပျံ့နှံ့သည့် နိုင်ငံအရေအတွက် ပိုမိုများပြားလာသည့်အတွက် ကျန်းမာရေးအခြေအနေ ကြေညာချက်ကဒ် Health Declaration card (HDC) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် အခြားရောဂါဖြစ်ပွားသောနိုင်ငံများအား ပြောင်းလဲလာသည့်အခြေအနေများကို ထည့်သွင်း တွက်ချက် ထပ်မံထည့်သွင်း၍ သေချာစွာဆွေးနွေးဆုံးဖြတ်လျက်ရှိပါကြောင်း၊

- လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌ Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အတည်ပြု ရောဂါ လူနာမတွေ့ရှိသေးသော်လည်း ကူးစက်ရောဂါဖြစ်ပွားမှုများသည် အချိန်၊ နေရာ မရွေး၊ လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

- ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့) သတင်းပေးပို့တိုင်ကြားရမည့်ရောဂါ အဖြစ်သတ်မှတ်နိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊

- ယင်းသို့ကြေညာပြီးပါက HDC ကဒ်များ ဖြည့်သွင်းရာတွင် ပိုမိုထိရောက်စေမည် ဖြစ်ပါကြောင်း၊

- ရောဂါဖြစ်ပွားမှုများသောနိုင်ငံများတွင် ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအားလည်း မှန်ကန်သော ကျန်းမာရေးအသိပညာများရရှိ၍ ထိရောက်သော ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာသံရုံးများဖြင့် ချိတ်ဆက် ဆောင်ရွက်စေလိုပါကြောင်း၊

- ရောဂါဖြစ်ပွားမှုများသော နိုင်ငံများတွင် သွားရောက်တက်ရောက်နေသည့် ဝန်ကြီးဌာန အသီးသီးမှ ပညာသင်ကျောင်းသားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည့် အနေအထားများကိုလည်း ကြိုတင်ပြင်ဆင်နိုင်ရန်ဖြစ်ကြောင်း၊

- ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် သံသယ ရောဂါလက္ခဏာများ တွေ့ရှိပါက အဆိုပါသံသယခရီးသည်အပါအဝင် အနီးကပ်ထိတွေ့ခဲ့သည့်သူများအား (၁၄) ရက် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) လုပ်ငန်းကို ဆောင်ရွက်မည့်အကြောင်းအား ခရီးသွားအေဂျင်စီများမှ တစ်ဆင့် ခရီးသွားများအား သိရှိနားလည်စေရေး သေချာစွာဆောင်ရွက်လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်များအနေဖြင့်လည်းကောင်း၊ ဆေးရုံအခြေပြုနှင့် ပြည်သူလူထုအခြေပြုအနေဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထုအခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများသည်လည်း အရေးကြီးသော အနေအထားတွင်ပါဝင်ပြီး သက်ဆိုင်ရာနှီးနွယ်ဌာနများမှ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

- ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့) သတင်းပေးပို့တိုင်ကြားရမည့်ရောဂါအဖြစ် သတ်မှတ်နိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊

- ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူစုလူဝေးများပြုလုပ်ခြင်းအား ရှောင်ကြဉ်ခြင်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း တိုက်တွန်းထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း နှိုးဆော်ချက်များ ထုတ်ပြန်ပြီးဖြစ်ကာ အကယ်၍ မဖြစ်သာသဖြင့် လူအများစုဝေးသော ပွဲလမ်းသဘင်များ ဆောင်ရွက်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပညာပေးချက်များအား လိုက်နာဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

- နေပြည်တော်တွင် ကျင်းပမည့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်ကပ်လှူပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် နှီးနွယ်ဌာနများဖြင့် အစည်းအဝေးကျင်းပခဲ့ပြီး သေချာစွာ စိစစ်လုပ်ဆောင်ရန် ပြင်ဆင်ထားရှိပါကြောင်း၊

- Visa ကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်းများ ဆောင်ရွက်ခြင်းသည် အရေးကြီးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားရေးဌာနများဖြင့် အဓိက ပူးပေါင်း လုပ်ဆောင်သွားရန်ဖြစ်ပါကြောင်း၊

- မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မကြာမီကျင်းပရန်ရှိသည့် အာဆီယံ အဆင့် Health Cluster Meeting အား ရက်ရွှေ့ဆိုင်းခဲ့ပါကြောင်း၊

- အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဝင်ပေါက်၊ထွက်ပေါက်များတွင် လုပ်ငန်းလမ်းညွှန်များအားလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား သက်ဆိုင်ရာနှီးနွှယ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှုဖြင့် သေချာစွာ ဆောင်ရွက်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊

- နိုင်ငံတကာအသိုက်အဝန်းမှလည်း ပြည်သူများ၏ လူမှုစီးပွားရေး တည်ငြိမ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ကုန်သွယ်ရေး စသည့် ကဏ္ဍ (Travel and Tourism, Trade) တို့ တွင် ထိခိုက်မှုနည်းပါးစေရန် တိုက်တွန်းလျက်ရှိပါကြောင်း၊

- အသစ်ဖြစ်ပွားလာသောရောဂါများ နှင့် ပြန်လည်ဖြစ်ပွားလာသောရောဂါများ (Emerging and Re-emerging Diseases) ဖြစ်ပွားမှုများတွင် SARS-CoV, MERS-CoV နှင့် Avian Influenza စသည့်ရောဂါများသည် ယခု ဆယ်စုနှစ်များအတွင်း ပုံမှန်ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူအများ၏ ကျန်းမာရေးအပြင် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် လူမှုစီးပွားရေး များပါ ထိခိုက်နိုင်သည့်အတွက် ထိခိုက်နစ်နာမှုများ နည်းနိုင်သမျှ နည်းပါးစေရန်အတွက် သက်ဆိုင်ရာ နှီးနွှယ်တာဝန်ရှိသူများအားလုံးအတူတကွ လက်တွဲဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်းနှင့် ယခု ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီအစည်းအဝေးကို (၁) ပတ်လျှင် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါကြောင်းနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် ယခု အစည်းအဝေးဆုံးဖြတ်ချက်များကို စုစည်း၍ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသာထွန်းကျော်က -

• ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဉီးဆောင်သည့်အနေအထားမှပါဝင်ပြီး သက်ဆိုင်ရာနိုင်ငံများနှင့် အတူတုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19နှင့် ပတ်သတ်ပြီး လက်ရှိနောက်ဆုံး သတင်းအချက်အလက်များရရှိမှုအရ အဆိုပါရောဂါပိုးသည် မျက်နှာပြင်အမာများ (hard surface) ပေါ်တွင် (၁၂) နာရီခန့်၊ အဝတ်အစားများပေါ်တွင် (၆) နာရီခန့်နှင့် လက်ဖဝါးပေါ်တွင် (၁၀) မိနစ်ခန့် တည်ရှိနေနိုင်ကြောင်း သိရှိရသည့်အတွက် လက်ကိုမကြာခဏ သေချာစွာသန့်စင်ရန်နှင့် လူအများစုဝေးသည့် ဈေးများ၊ စူပါမားကတ်များ စသည်တို့၏ စက်လှေကားလက်ရမ်းများ၊ ဓာတ်လှေကားခလုတ်များတွင် ပိုးများကပ်ညှိနေနိုင်ပါကြောင်း၊

• ရောဂါဖြစ်ပွားမှု၏ (၈၂) ရာခိုင်နှုန်းသည် အပျော့စားလက္ခဏာများ၊ (၁၅) ရာခိုင်နှုန်းသည် ပြင်းထန်လူနာများနှင့် (၃) ရာခိုင်နှုန်းသည် အလွန်ပြင်းထန်လူနာများဖြစ်ကြောင်းနှင့်

• စတင်ဖြစ်ပွားခဲ့သည့် အခြေအနေဖြစ်သော ရောဂါပိုးအမျိုးအစားအား ရှာဖွေနိုင်ခဲ့သည့် အခြေအနေမှ COVID-19 ရောဂါပိုး၏ သဘောသဘာဝ၊ ပျံ့နှံ့မှု၊ ပြင်းထန်မှုအား ဖြစ်ပွားခဲ့ဖူးသည့် SARS-CoV, MERS-CoV စသည့် အမျိုးအစားတူရောဂါပိုးများနှင့်ပတ်သက်သော အကြောင်းအရာများနှင့် အဆိုပါဖြစ်စဉ်များတွင် ဝန်ကြီးဌာနမှ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့သည့် သာဓကများကို ပြောကြားခဲ့ပါသည်။



 

     ၎င်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်က-

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါ ဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊

• ရောဂါဖြစ်ပွားမှုများပြားသည့် နိုင်ငံများ၏ လေဆိပ်/ရေဆိပ်များ၊ လူစုလူဝေးနေရာများတွင် အသွားအလာနည်းပါးလာခဲ့မှုအခြေအနေများ၊

• မြန်မာနိုင်ငံတွင် သံသယနှင့်စောင့်ကြည့်လူနာ ဖြစ်ပွားမှုတွင် ဓာတ်ခွဲအဖြေအရ ရောဂါပိုး မတွေ့ရှိရမှုအခြေအနေများ၊

• Phase wise ဖြင့်ဆောင်ရွက်နေမှုအခြေအနေများ၊ လက်ရှိတွင် Containment phase ဖြင့်ဆောင်ရွက်နေမှုအနေအထား၊ အချိန်နှင့်မရွေး အစုလိုက်ဖြစ်ပွားပျံ့နှံ့မှုအခြေအနေနှင့် ယင်းအခြေအနေများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

• ကိုရီးယားသမ္မတနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သော အမျိုးသမီးနှင့် မြန်မာနိုင်ငံအတွင် ၎င်းလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများအားလုံးကို အိမ်တွင်ထိန်းသိမ်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း (Home Quarantine) အား ဆောင်ရွက်နေမှုအခြေအနေ၊

• ရောဂါဖြစ်ပွားမှု အစုလိုက်တွေ့ရှိပါက Control phase ဖြင့်ဆောင်ရွက်ရန်အခြေအနေများ (မြို့၊ ရွာ များအား အသွားအလာ ကန့်သတ်ပိတ်ပင်၍ လုပ်ဆောင်ရသည့်အခြေအနေများ) အား နိုင်ငံတကာဖြစ်စဉ်များနှင့် သုံးသပ်ခြင်းနှင့် တစ်ပါတည်း လူမှုစီးပွားရေး (Economic impact) အား ထိခိုက်နိုင်မှုအခြေအနေများ၊

• ကိုရီးယားသမ္မတနိုင်ငံနှင့် နေ့စဉ်ခရီးသည် (၂၀၀) ဉီးခန့် ပုံမှန်လေကြောင်းလိုင်း ရှိသည့် အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင် ခြင်းအား အားဖြည့်ဆောင်ရွက်ထားရှိရန် အခြေအနေများ၊

• လေယာဉ်ပေါ်မှ စတင်ဆင်းသည့် အချိန်မှစ၍ Health Declaration Card ကဒ်များအား ပြန်လည် သိမ်းဆည်း ခြင်း၊ Thermal scanner များဖြင့် အဖျားတိုင်းတာခြင်းနှင့် ခရီးသည်များ၏ တည်းခိုမည့် လိပ်စာ များအရ လိုက်လံစောင့်ကြည့်ထောက်လှမ်းမည့်အခြေအနေထိ ဆောင်ရွက်ရန် ရှိသော လုပ်ငန်းစဉ်များ၊

• သံသယလူနာတွေ့ရှိပါက Health Declaration Card ကဒ် ဖြင့် စုံစမ်းထောက်လှမ်းမည့်လုပ်ငန်းများ၊

• ကူးစက်ဉပဒေအရ COVID-19 အား တိုင်ကြားရမည်ရောဂါအဖြစ် သတ်မှတ်ပြီးပါက Health Declaration Card ကဒ်တွင်ထည့်သွင်း၍ တည်ဆဲ ဉပဒေဖြင့် ဆောင်ရွက်နိုင်မည့် အခြေအနေ၊

• ဉရောပနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများလည်း ဖြစ်ပွားလာသည့်အတွက် လေကြောင်းအာဏာပိုင်များမှ ပူးပေါင်းဆောင်ရွက်ရန်အဓိကလိုအပ်မှုနှင့်

- လေကြောင်း/ရေကြောင်းဖြင့် ဝင်ရောက်လာသည့်ခရီးသည်များအား မျက်ခြေမပြတ် ရောဂါစုံစမ်းထောက်လှမ်းသွားနိုင်မှုအခြေအနေများအားလည်းကောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက -

- အဝေးပြေး ကားဂိတ်များ၊ လေဆိပ်များ၊ လေယာဉ်ပေါ်နှင့် အဝေးပြေးကားများပေါ်တွင် (၃)မိနစ်ခန့် အသိပေးပြောကြားရမည့် COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်များအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ဆောင်ရွက် ခဲ့မှု၊

- လေကြောင်းလိုင်းများတွင် Cabin Message ပေးရာ၌ အချိန်အကန့်အသတ်ရှိပါက အရေးကြီးသော Key Messages များကိုသာထည့်သွင်း၍ အချိန်ချုံ့ပေးရန်ဆောင်ရွက်ထားမှု၊

- စာရွက်(ကဒ်) ဖြင့် သတင်းအချက်အလက်ပေးမှုသည်လည်း ကောင်းမွန်ထိရောက်ကောင်းမွန်မှု၊

- လက်ရှိတွင် ကျန်းမာရေးအသိပညာပေး ဗီဒီယိုအား လုပ်ဆောင်လျက်ရှိပြီးဝန်ကြီးဌာနများ သို့မကြာမီဖြန့်ဝေပေးသွားမည်ဖြစ်မှုများကို လည်းကောင်း၊

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- လက်ရှိအချိန်ထိ အခြားနိုင်ငံသား (၂၀,၀၀၀) ဉီးခန့်အား အတည်ပြုပေးခဲ့ပြီး၊ (၃၀၀) ဉီးခန့်အား ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့မှု၊

- နယ်စပ်တွင် စောင့်ကြည့်ဂိတ်များဖြင့်ဆောင်ရွက်လျက်ရှိပြီး အဝင်ခရီးသည် နည်းပါးလာ သည်ကိုတွေ့ရှိရမှု၊

- ရွှေလီ- တရုတ်နှင့် ဆက်စပ်အစည်းအဝေးကျင်းပခဲ့ပြီး ပွဲများ၊ လူစုလူဝေးများ အားတားမြစ်ခြင်းနှင့် နယ်စပ်တွင် သံသယလူနာတွေ့ရှိပါက ပူးပေါင်းဆောင်ရွက်ရန်နှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်များဖမ်းဆီးခြင်းအား နှစ်နိုင်ငံတွဲဖက်၍ ကင်းလှည့်ရန် အောက်ခြေအဆင့်တွင် ဆွေးနွေးတောင်းဆိုခဲ့မှု ကို လည်းကောင်း၊

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- ဗဟိုကော်မတီဆွေးနွေးချက်များအားလိုက်နာဆောင်ရွက်ခဲ့မှု၊

- ခရီးသွားအေဂျင်စီများအား ခေါ်ယူပြီး ဆိုက်ရောက်ဗီဇာ (VOA) ပိတ်ခြင်းအား ညှိနှိုင်းဆောင်ရွက်ခဲ့မှု၊

- Visa on Arrival ဖြင့် အဝင်အထွက်အား တားမြစ်ခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှလည်း အထွက်မခံခဲ့၍ အဆင်ပြေမှု၊

- ကိုရီးယားသမ္မတနိုင်ငံမှ ခရီးသည်များဝင်‌ရောက်မှုအနေဖြင့်- ကုမ္ပဏီများဖြင့်ဝင်ရောက်ခြင်းထက် Individual ဖြင့်ဝင်ရောက်လာသည့်အတွက် Visa ကန့်သတ်သည့်ကိစ္စများ ဆောင်ရွက်ရန်ကိစ္စနှင့်

- အပျော်စီး သင်္ဘာဖြင့် ခရီးစဉ်စီစဉ်မှုများသည် (၆)လ (၁) နှစ်ခန့် ကြိုတင်စီစဉ် လေ့ရှိမှုတို့ကိုလည်းကောင်း၊

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- အနောက်ဉရောပနိုင်ငံများမှ ဝင်ရောက်ရာတွင် Individual Visa ဖြင့်လာရောက်သူဉီးရေများပြားကြောင်း၊

- စုစုပေါင်းဝင်ရောက်မှုများတွင် Individual Visa ဖြင့်ဝင်ရောက်သူ ၆၀% ခန့်နှင့် Company များဖြင့် လာရောက်သူ ၄၀% ရှိပါကြောင်းကိုလည်းကောင်း၊

သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- (၂-၃-၂၀၂၀) တွင် နေပြည်တော်၌ ဆရာတော်ကြီးများနှင့် (၃-၃-၂၀၂၀)ရက်နေ့မှ (၅-၃-၂၀၂၀) ရက်နေ့အထိ ကမ္ဘာအေး၌ တိုင်း/ပြည်နယ် ဆရာတော်ကြီးများ အစည်းအဝေးရှိကြောင်း၊

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်များကို အတိအကျလိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း‌၊

- ဆရာတော်ကြီးများနှင့်အတူ ဒကာဒယကာမများပါ လိုက်ပါမည်ဖြစ်ရာ ဘွဲ့တံဆိပ် အခန်းအနား၌ ကူညီဆောင်ရွက်မည့်သူ (၄၀၁၄) ဉီး ရှိပါကြောင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ စနစ်တကျ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက -

- Health Cretificate- သက်ဆိုင်ရာဆေးကောင်စီမှ အသိအမှတ်ပြု- Register ဆရာဝန်မှ ထောက်ခံသည့်အချက်များနှင့်

- ဆေးရုံများတွင် ပြင်ဆင်မှုအပိုင်းအားဆောင်ရွက်လျက်ရှိရာ သံသယလူနာ အစုလိုက်ရောက်ရှိပါက ICU preparation သည် ဆက်လက် အားစိုက်ဆောင်ရွက်လျက်ရှိမှု တို့ကိုလည်းကောင်း၊

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- ကိုရီးယားနိုင်ငံ ဒေဂူးမြို့တွင် မြန်မာနိုင်ငံသား (၃၅၀၀) ခန့်ရှိပြီး မြန်မာသံရုံးနှှင့် ဆက်သွယ် ၍ ရောဂါဖြစ်ပွားမှုအခြေအနေအား စုံစမ်းခဲ့ရာ လက်ရှိအနေဖြင့် ဖျားနာသူများ မရှိဟု သိရှိရပါကြောင်း၊

- တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား ၁၀၀၀ ကျော် ခန့်မှာ မြန်မာနိုင်ငံသို့ ပြန်လာရန် သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

- Korea visa ကိစ္စ Health Certificate ကိစ္စများနှင့် ပတ်သက်၍ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာလေကြောင်းလိုင်းများမှ ဆက်သွယ်၍ အကြောင်းကြားရန်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း သံရုံးအင်တာနက် စာမျက်နှာတွင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကိုလည်းကောင်း၊

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- Aircraft Health Document များအား လိုအပ်ချက်ရှိပါက တောင်းခွင့်ရှိပါကြောင်း၊

- လေကြောင်းပို့ဆောင်ရေးဦးစီးဌာနအနေဖြင့် လေကြောင်းလိုင်းများနှင့် Weekly meeting ပုံမှန်ဆောင်ရွက်လျက်ရှိရာ Health Decleration Card အား Onboard ဖြည့်သွင်းနိုင်ရေး ညွှန်ကြားထားပါကြောင်း ထို့အပြင် လေကြောင်းလိုင်းများအားလည်း HDC အား ကိုယ်ပိုင်ထုတ်ကူးဝေရန် ပြောထားပါကြောင်း၊

- အသစ်မွမ်းမံထားသော Health Decleration Card ရရှိပါက လေကြောင်းလိုင်းများသို့ ချက်ချင်းဆက်သွယ် ပေးပို့သွားမည်ဖြစ်ပါကြောင်း၊

- ခရီးသွားများအတွက် ကျန်းမာရေးပညာပေးချက်အား လေကြောင်းလိုင်းများမှ ကြေညာရာ တွင် Take off time limit ရှိသဖြင့် Cabin announcement ကြေညာရန် ကန့်သတ်ချက် များရှိပါကြောင်း၊

- ထို့ကြောင့် ကြေညာချက်အား နည်းလမ်းနှစ်သွယ်ဖြစ်သည့် deparature lodge တွင်ကြေညာခြင်းနှင့် လေယာဉ်ပေါ်တွင် ကြေညာချက်ကတ်အား ခရီးသည်များအား ဖြန့်ဝေခြင်း နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်ရန် အကြံပြုပါကြောင်း၊

- လက်ရှိတွင် ကိုရီးယားလေကြောင်းလိုင်းအနေဖြင့် နေ့စဉ်ပျံသန်းနေရာမှ တစ်ပတ်လျင် (၄)ကြိမ်သို့ လျှော့ချပြန်သန်းမည့် အစီအစဉ်ရှိပါကြောင်းကိုလည်းကောင်း၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- Mask တင်သွင်းသည့် ကုမ္ပဏီ စာရင်းအား ဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့ပါရန် ဆွေးနွေးထားရှိခဲ့မှုကိုလည်းကောင်း၊

ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက -

- Public Health England မှ Case defination ပြင်ဆင်မှုအား (၇-၂-၂၀၂၀) ရက်နေ့တွင် ပြင်ဆင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊

- ရောဂါဖြစ်ပွားမှုများသော နိုင်ငံများတွင် Visa free countries များပါဝင်သည့်အတွက် ယင်းနိုင်ငံများအား ပြန်လည်သုံးသပ်ခြင်းသည် ကောင်းမွန်ပါကြောင်းကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ဆက်လက်လုပ်ဆောင်ရမည့်အရာများနှင့် ပေါင်းစပ်ညှိနှိုင်းရ မည့်အချက်များအား ဗဟိုကော်မတီသို့ တင်ပြနိုင်ရေးအတွက် အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက -

- ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးအား ပုံမှန်ကျင်းပနိုင်သည်မှာ ယခုအချိန်ကာလတွင် အလွန်အရေးကြီးပါကြောင်း၊

- ပြည်သူလူထုမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား သေချာစွာဆောင်ရွက်လျက် ရှိကြောင်းသိရှိနားလည်စေရန် သတင်းများအချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်လျက်ရှိ ကြောင်း၊

- အစည်းအဝေးမှတ်တမ်းများအားထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊

- ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက် များအတိုင်း လုပ်ဆောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်၍ အစည်းအဝေးကို မွန်းလွဲ (၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

 
 

More Tags