Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်မှု ဗဟိုဌာန (US Centers for Disease Control and Prevention) mission အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့

     ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန် အတွက် အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်မှု ဗဟိုဌာန (US- CDC Centers for Disease Control and Prevention) အဖွဲ့၏ ထိုင်းနိုင်ငံအခြေစိုက်ရုံးမှ Program Director Dr. Joshua Mott (Asia Regional Influenza Program)နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အခြေစိုက်ရုံးမှ Country Director Dr. Mitesh Desai နှင့် တာဝန်ရှိသူများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒေါက်တာသာထွန်းကျော်နှင့်တာဝန်ရှိပုဂ္ဂိုလ်များအား (၂၀-၂-၂၀၂၀) ရက်နေ့၊ ညနေ (၃:၃၀)နာရီအချိန်ခန့်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးရုံး၊ နေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့ကြပါသည်။


 

     တွေ့ဆုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) က -

• မြန်မာနိုင်ငံတွင် (၅-၁-၂၀၂၀) ရက်နေ့မှ စ၍ COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှူရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား စောစီးစွာ အလေးထား ဆောင်ရွက်ခဲ့မှုများ၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် ဝန်ကြီးဌာနများအကြား ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုများ၊

• အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်စပ် ကုန်းလမ်းကြောင်း ဝင်ပေါက်ထွက်ပေါက်များသာမက ပြည်သူလူထုအတွင်းတွင်လည်း ရောဂါရှာဖွေရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ခဲ့မှုများ၊

• ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်မှုများနှင့် လူမှုကွန်ရက်တွင် သတင်းမှားများဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်ဆောင်ရွက်မှုများနှင့် ဝူဟန်မြို့မှ မြန်မာကျောင်းသား/ကျောင်းသူ (၅၉)ဦးအား ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့မှုများအား ပြောကြားခဲ့ပါသည်။


 

     ထို့နောက် US CDC mission အဖွဲ့မှ တာဝန်ရှိသူများက -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ရောဂါပိုးအတည်ပြုစစ်ဆေးရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လက်ရှိတွင် စစ်ဆေးဆောင်ရွက်နေမှုများ နှင့် နိုင်ငံတကာ လေဆိပ်များ ဖြစ်သည့် ရန်ကုန်နှင့်မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများအား သွားရောက် လက်တွေ့ကွင်းဆင်းကြည့်ရှုခဲ့မှုများမှ တွေ့ရှိချက်များအား တင်ပြကြပြီး၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ စောင့်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိချက်များသည် ကောင်းမွန်ပါကြောင်း ပြောကြားကာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆေးနွေးမှုများပြုလုပ်ကာ အကြံပြုချက်များပေးအပ်ခဲ့ကြပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် US CDC mission အဖွဲ့တို့သည် ရောဂါသံသယရှိသူရှာဖွေခြင်းနှင့် လူနာနှင့်အနီးကပ်ထိတွေ့သူများအား ဖော်ထုတ်ခြင်း (Surveillance and Contact tracing)၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များနှင့် ပြည်သူလူထုအတွင်းရောဂါရှာဖွေခြင်း၊ ရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ရောဂါရှိသူ တွေ့ရှိပါက ဆေးကုသမှုပေးခြင်းနှင့် ပြည်သူလူထုအား သတင်းထုတ်ပြန်ခြင်း အစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)နှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။


 

 
 
 
 
 
 

More Tags