Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၄/၂၀၂၀) ကျင်းပ (26-2-2020, 8:00 a.m)

Union Minister Dr. Myint Htwe attends the central coordination meeting (24/2020) on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်

     Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၄/၂၀၂၀) ကို ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပြောကြားရာတွင် -

• ယနေ့ ခေတ်ကာလသည် လေကြောင်းခရီးသွားလာမှုများ တိုးတက်များပြားသည့်အတွက် အိမ်နီးချင်းနိုင်ငံများသာမက အလှမ်းဝေးကွာသည် နိုင်ငံများသို့ပင် နေ့ချင်းခရီးရောက်ရှိ နိုင်သည့့်အတွက် အလှမ်းဝေးနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုပုံသဏ္ဍာန်သည် မိမိတို့ မြန်မာနိုင်ငံသို့လည်း ထင်ဟပ်လာနိုင်သည့်အတွက် ၎င်းနိုင်ငံများ၌ ဖြစ်ပွားသည့် ရောဖြစ်ပွားမှုအခြေအနေများအား အချိန်နှင့် တစ်ပြေးညီသုံးသပ်ရမည်ဖြစ်ပါကြောင်း၊

• ရောဂါစတင်ဖြစ်ပွားရာပင်ရင်းဗဟိုနေရာ (epicenter) ဝူဟန်မြို့ အပြင် အခြားရောဂါကူးစက်ပြန့်ပွားမှု ဆင့်ပွားဖြစ်ပွားမှုနေရာငယ် (Sub-epicenter) များလည်း အချိန်မရွေး ဖြစ်ပွားလာနိုင်သည့်အခြေအနေများကိုလည်း သုံးသပ်ပြီး မိမိတို့နိုင်ငံ၌ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရမည်ဖြစ်ပါကြောင်း

• COVID-19 ရောဂါပိုးသည် ယခုအချိန်အထိ မျိုးရိုးဗီဇပြောင်းလဲခြင်း (mutation) မရှိသေးသည်ကို တွေ့ရှိရသည်မှာ ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် ရောဂါဖြစ်ပွားမှုများသော နိုင်ငံများ၏ သတင်း ထုတ်ပြန်ချက်နှင့် ပြောကြားချက်များအား နေ့စဉ်နားထောင်ခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်း တို့ကိုပြုလုပ်ခြင်း၊ အပတ်စဉ် ကပ်ရောဂါဗေဒရှုထောင့် (Epidemiological Point of View) မှအခြေအနေများအား တင်ပြအစီရင်ခံသွားရမည်ဖြစ်ကြောင်း၊

• ဒေသတွင်းနိုင်ငံများတွင် COVID-19 ရောဂါရှိသူများအား အောင်မြင်စွာ ကုသခဲ့မှု ကုထုံးဆိုင်ရာ အတွေ့အကြုံများနှင့် အခက်အခဲ အချက်အလက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် ချိတ်ဆက်၍ အမြန်ဆုံးသတင်းရယူ သွားရန် အရေးကြီးပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံတွင် ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါ လူနာများတွေ့ရှိပါက ၎င်းတို့အား ကုသရာ၌ များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊


 

• မြန်မာနိုင်ငံတစ်ဝန်းရှိ အဓိကဆေးရုံများနှင့် နယ်စပ်ဒေသတွင်ရှိသော မြို့နယ်ဆေးရုံများတွင် လက်ရှိအချိန်၌ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား စာရင်းပုံစံဖြင့် ဆန်းစစ်ခြင်း (Checklist) ကို ချက်ချင်းဆောင်ရွက်၍ တွေ့ရှိချက်များအား ဝန်ကြီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်လိုအပ်ပြီး၊ လိုအပ်ချက်များကို ချက်ချင်းဖြည့်ဆည်းမည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါနှင့်ပတ်သက်၍ ယခုအချိန်အခါ၌ နယ်စပ်မြို့များမှ လူများဝင်၊ ထွက်ရာနေရာများရှိ ဝန်ထမ်းများနှင့် ပြည်သူများ၏ ကျန်းမာရေး အသိပညာ မည်မျှရှိနေသည်ကို ဆန်းစစ်ခြင်းဖြင့် မိမိတို့၏ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ ထိရောက်မှုအတိုင်းအတာကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်ပေါ်မူတည်၍ လိုအပ်လျှင်လိုအပ်သလို မဟာဗျူဟာ၊ နည်းဗျူဟာများကို ပြောင်းလဲ၍ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လတ်လောရောဂါဖြစ်ပွားမှုများပြားနေသော ကိုရီးယာသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံများမှဝင်ရောက်သော ခရီးသည်များအား အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ယခုထက်ပိုမို၍ ဂရုစိုက်စစ်ဆေးရန်လိုအပ်သည့် အပြင် ၎င်းတို့တည်းခိုမည့် ဟိုတယ်နှင့် တည်းခိုခန်းများသို့ ချက်ချင်းအကြောင်းကြားသည့် ကိစ္စသည် ယခုအချိန်အခါ၌ အထူးအရေးကြီးပါကြောင်း၊

• ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိသော လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများနှင့် မိမိတို့ လေဆိပ်ကျန်းမာရေးဌာနများတို့သည် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် အပတ်စဉ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး လိုအပ်လျှင် လိုအပ်သလို ပိုမိုတိကျစနစ်ကျစွာဖြင့် ချိန်ကိုက်ညီပူးပေါင်းဆောင်ရွက်ခြင်း (synchronized coordination) ကို လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ လာရောက်နေထိုင်မှုများပြားသည့် ရပ်ကွက်များ၌လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ယခုထက်ပိုမို၍ စနစ်တကျ ဆောင်ရွက်စေလိုကြောင်း နှင့် အသိပညာပေးဟောပြောမှုများကို ဆက်လက်၍ ဆောင်ရွက်စေလိုပါကြောင်း၊

• ဗဟိုအဆင့်နေ့စဉ်အစည်းအဝေးများတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ ရန်ကုန်၊ ကပ်ရောဂါဗေဒဌာနမှ ဆရာ/ဆရာမတစ်ဦး မဖြစ်မနေတက်ရောက်၍ လက်တွေ့လုပ်ငန်း ဆောင်ရွက်ဆွေးနွေးမှု အတွေ့အကြုံများအား ရယူကာ သင်ကြားမှုများပြုလုပ်ရာတွင် ပြန်လည်မျှဝေသွားရန်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ရာတွင် အစိုးရိမ်လွန်ကဲခြင်းနှင့် လုံးဝအလေးဂရုမပြုခြင်းတို့ကြားတွင် မျှတမှုရှိသော ကျန်းမာရေးအသိပေးမှုများ (balanced health education and communication) ကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊


 

• COVID-19 ရောဂါနှင့်ပတ်သက်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြည်သူများ မှ အလွယ်တကူ နားလည်သိရှိစေရန်အတွက် အသိပေးရမည်ဖြစ်ပါကြောင်း၊ အလားတူ အခြားရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ပြည်သူများ နားလည်သိရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အများပြည်သူများအသုံးပြုသည့် YBS ဘတ်စ်ကားများ၊ အဝေးပြေး express ကားများနှင့် သင်္ဘောများ တွင် လက်ဆေးခြင်း၊ ချောင်းဆိုးခြင်းနှင့်ပတ်သက်သည့် (၂) မိနစ်ခန့်ကြာမည့် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို ဖြစ်နိုင်ပါက လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများကို အကြောင်းကြားရမည်ဖြစ်ပါကြောင်း၊

• အပျော်စီးသင်္ဘောများ ပြည်တွင်းသို့ဝင်ရောက်မှုအား တတ်နိုင်သမျှမလာစေချင်ပါ ကြောင်းနှင့် (၄-၃-၂၀၂၀) ရက်နေ့တွင် ဝင်ရောက်မည့်သင်္ဘောပါခရီးသည်များ၏ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားလာမှု ရာဇဝင်နှင့် မြန်မာနိုင်ငံအတွင်း သွားရောက်မည့်ခရီးစဉ်၊ အသုံးပြုမည့်ယာဉ်၊ တည်းခိုမည့် ဟိုတယ်များအပါအဝင် အသေးစိတ်အချက်အလက်များ အတိအကျတောင်းခံ၍ ရောဂါ စောင့်ကြပ်ကြည့်ရှုသွားရန် လိုအပ်ကြောင်း၊ ဤကိစ္စရပ်ကို အထူးတင်းကြပ်စွာ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• Free visa ပေးထားသည့် နိုင်ငံများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးရန် လိုအပ်ပါကြောင်း၊

• နိုင်ငံခြားခရီးသည်များတည်းခိုနေထိုင်မည့်ဟိုတယ်များတွင် COVID-19 ရောဂါနှင့်ပတ်သက် ၍ လုပ်ဆောင်ရမည့် ညွှန်ကြားစာများ ရရှိခြင်း ရှိ၊ မရှိကို အမြန်ဆုံး ဆန်းစစ်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လှူဒါန်းရရှိထားသည့် ဤရောဂါနှင့် ပတ်သက်သည် ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သော ဆေးရုံများ၏ လက်ကျန်စာရင်း (Balance) အားစိစစ်၍ အမြန်ဆုံး ဖြန့်ဝေပို့ဆောင်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံရရှိမည့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE) များသည် မိမိတို့ ဝန်ထမ်းများ သံသယလူနာများထံမှ ဓာတ်ခွဲနမူနာများရယူခြင်းနှင့် ကုသမှုပေးခြင်းများ၌ အသုံးပြုရန်လိုအပ်သဖြင့် လုံးဝပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ပြသပါက မဖြစ်မနေသတင်းပေးပို့တိုင်ကြားရမည့်ရောဂါ (mandatory reporting) အဖြစ် သတ်မှတ်၍ အမိန့်စာထုတ်ပြန်မည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးသဖြင့်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပါက ပိုမိုထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊

• လိုအပ်ပါက COVID-19 ရောဂါ သံသယနှင့် စောင့်ကြည့်လူနာအဓိပ္ပာယ်သတ်မှတ်ချက် (definition) တွင်ဖြစ်ပွားပျံ့နှံ့မှုများလျက်ရှိသည့် နိုင်ငံများ၌ အသုံးပြုသည့် ပုံစံကို သုံးသပ်ပြီး သင့်လျော်ပါက မိမိတို့နိုင်ငံ၌လည်း ပြင်ဆင်သတ်မှတ်သွားရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးကြော်ငြာချက်ကဒ်တွင် ရောဂါဖြစ်ပွားသည့်နိုင်ငံများအား ထပ်တိုးထည့်သွင်း သတ်မှတ်သွားခြင်းနှင့် လေယာဉ်မထွက်ခွာမီ ကျန်းမာရေးအသိပေးနှိုးဆော်ချက်ကို ပိုမိုရိုးရှင်းစေရန်အတွက် ပြန်လည်မွမ်းမံထားသည်ကို တွေ့ရှိရသည်မှာ ကောင်းမွန်ပါကြောင်း၊

• ဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအားလုံးအနေဖြင့် မိမိတို့တွင် ရှိသော လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ စက်ပစ္စည်းကိရိယာများဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများကို လုံးဝအရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားခဲ့ပါသည်။


 

အစည်းအဝေးတွင်-

• တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြည်နယ်အလိုက်ရောဂါ ဖြစ်ပွားမှုနှင့် အခြေအနေများ၊

• ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်နိုင်ငံများ၊

• လေကြောင်း ဆက်သွယ်မှုအခြေအနေများ၊

• တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဆေးရုံ/ ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေ အနေများ၊

• တိုင်းဒေသကြီး/ပြည်နယ်များအတွင်းတွင် COVID-19 ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးသည့် အခြေအနေများ နှင့် လက်ရှိနေ့စဉ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် ထပ်မံလိုအပ်နိုင်သည့် ဆေးနှင့်ဆေးပစ္စည်း အလျင်အမြန် ဖြည့်တင်းပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိသည့် အခြေအနေများ၊

• (၂၅-၂-၂၀၂၀) ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် ဝန်ကြီးဌာနများပေါင်းစပ်ညှိနှိုင်းဆက်သွယ် ရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့မှုအခြေအနေများ၊

• Cabin announcement တွင် မြန်မာ၊ အင်္ဂလိပ် (၂) ဘာသာဖြင့် အချိန်တိုအတွင်း ပြောကြားနိုင်စေရန် မွမ်းမံပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊

• ရောဂါဖြစ်ပွားမှုမြင့်မားသည့်နိုင်ငံများမှ ပြန်လာသောကျောင်းသားများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်ရောက်ရန်တောင်းဆိုထားသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည့်ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိရေး တင်ပြခြင်း၊

• အပြည်ပြည်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းလမ်းစဉ်များနှင့် အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော လေဆိပ်နှင့် ဆိပ်ကမ်းများတွင် Pneumonia Surveillance ဆောင်ရွက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်း၊

• ဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းများအား မီဒီယာများမှ အလေးထားရယူ၍ သတင်းများ ထုတ်ပြန်ရန် ညှိနှိုင်းခြင်းအတွက် Media Advocacy ဆောင်ရွက်ရန်ကိစ္စ၊

• လူအများအား အသိပညာပေးရာတွင် ထိရောက်စေရန်အတွက် လက်ကိုင်အသံချဲ့စက်များဖြင့် အသုံးပြုနိုင်မည့် စက္ကန့် (၈၀) ခန့်ကြာမြင့်သည့် အသံဖိုင်အား ပြုလုပ်ထားရှိမှု စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)နှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ehealth စသည့်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags