Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၂၃/၂၀၂၀) ကျင်းပ (24-2-2020, 9:00 am)

The central level coordination meeting (23/2020) on preparedness for detection and response to COVID-19 acute respiratory disease held in Nay Pyi Taw

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ(၂၄)ရက်

     Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၃/၂၀၂၀) ကို ယနေ့၊ နံနက် (၉:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဉီးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ လမ်းညွှန်ပြောကြားရာတွင် -

• Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ အဓိက ဖြစ်ပွားသောနေရာများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံစသည့် နိုင်ငံများ တွင်လည်း ဖြစ်ပွား၊ သေဆုံးမှု မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအား ပိုမိုအားစိုက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့နေ့စဉ် လေယာဉ် (၂) စီးခန့် ဝင်ရောက်လျက်ရှိသည့်အတွက် နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ပိုမိုဂရုစိုက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
• ဆိုက်ရောက်ဗီဇာများ (Visa on arrival) ပေးအပ်ခြင်းအား သေချာစွာစိစစ် လုပ်ဆောင်ရန် လိုအပ်ပြီး နိုင်ငံတကာ ဆက်ဆံရေးများအားလည်း ထိခိုက်မှုနည်းစေရန် ကျယ်ပြန့်စွာ ထည့်သွင်းတွက်ချက်၍ ဆိုက်ရောက်ဗီဇာ ပေးအပ်ခြင်း၌ ကျန်းမာကြောင်းစစ်ဆေး ထောက်ခံချက် (Health Certificate) အား ပြသနိုင်မှ ပေးအပ်ရေးအတွက် ညှိနှိုင်းထား ရှိ၍ ဆောင်ရွက်လျက်ရှိကြောင်း၊

• ရောဂါဖြစ်ပွားမှုများသော ပြင်ပနိုင်ငံများမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက် ရှိလာမည့် နိုင်ငံသားများ အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ သေချာစေရန် လိုအပ်ကြောင်း၊ ခရီးသွားရာဇဝင်အား ရယူရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် ရောဂါဖြစ်ပွားမှုများသော နိုင်ငံများကိုပါ ထည့်သွင်းတွက်ချက်ရန် စဉ်းစားထားရမည် ဖြစ်ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား‌များအနေဖြင့် စိုးရိမ်စိတ်လွန်ကဲခြင်းများ နည်းပါးစေရန် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် မှန်ကန်သော ကျန်းမာရေးအသိများအားလည်း သိရှိလိုက်နာစေရေး ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊

• (၄-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်သို့ဆိုက်ရောက်မည့် အပျော်စီးသင်္ဘောကိစ္စနှင့်ပတ်သတ်ပြီး ၎င်းသင်္ဘောသည် ဖူးခက်ဆိပ်ကမ်းမှ နောက်ဆုံးထွက်ခွာလာမည်ဖြစ်ရာ ထပ်မံတက်ရောက်လိုက်ပါလာမည့်ခရီးသည်များ အပါအဝင် ခရီးသည်အားလုံး၏ အသေးစိတ်အချက်အလက်များနှင့် ကျန်းမာရေးကြေညာချက်ကဒ် Health Declaration Card (HDC) များအား သေချာစွာစိစစ်ဆောင်ရွက်ရန်နှင့် အကယ်၍ ခရီးသည်တစ်ဉီးသို့ အစုလိုက် ဖျားနာမှုဖြစ်ပွားပါက ရောဂါစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်များအား တိုင်းပြည်၏ အခြေအနေနှင့် ကိုက်ညီလျက် သေချာစွာကြပ်မတ်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

• ထိုသို့ခရီးသည်များအား စောင့်ကြပ်ကြည့်ရှုရာတွင် တာဝန်ခံ ခရီးသွားကုမ္ပဏီ (Tour Company) များနှင့် ချိတ်ဆက်၍ တာဝန်ယူဆောင်ရွက်စေရန်လိုအပ်ကြောင်း၊


• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါစတင်ပျံ့နှံ့ဖြစ်ပွားကြောင်း သတင်းစတင်ရရှိသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလစတင်၍ အဆင့်အလိုက် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့၍ လက်ရှိအချိန်တွင် ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများသည် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊

• ကူးစက်ရောဂါတုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွန်ကဲတုံ့ပြန်မှု (Over react) မဖြစ်ပွား စေရေးအတွက်လည်း သတိထားဆောင်ရွက်ခဲ့၍ ပြည်သူအများ မလိုအပ်ပဲစိုးရိမ်ကြောင့်ကြမှု (panic) နည်းပါးခဲ့ သည်ကိုတွေ့ရှိရကြောင်း၊

• ဆေးရုံများ၌ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း (Hospital Preparedness is the key issue) လုပ်ငန်းအနေဖြင့်ဆောင်ရွက်ရာတွင် သံသယလူနာ (၅) ဉီးနှင့်အထက် တွေ့ရှိခဲ့ပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား Case Scenario/ Table top exercise များဖြင့် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များအား ဆက်လက်ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊

• အာဆီယံ-တရုတ် အစည်းအဝေးတက်ရောက်ခဲ့မှုတွင် Health Cluster Meeting အား ကျင်းပရန်အဆိုပြုခဲ့ပြီး ကျင်းပရန်သဘောတူညီမှုရရှိခဲ့ကြောင်း၊ အစည်းအဝေးတွင် ထိုင်းနိုင်ငံအနေဖြင့် Travel and Trade လုပ်ငန်းများကို ကန့်သတ်ခြင်း မရှိကြောင်းတွေ့ရှိရပြီး၊ စင်ကာပူနိုင်ငံမှ Coronavirus ကာကွယ်ဆေးများ ထုတ်လုပ်နိုင်မည့် အနေအထားကို မေးမြန်းမှုတွင် MERS-CoV နှင့် SARS-CoV များနှင့် ထောက်ပြဆွေးနွေးခဲ့ပါကြောင်း၊

• ကူးစက်ရောဂါဖြစ်ပွားမှုများသည် ကျန်းမာရေးနယ်ပယ်တစ်ခုတည်းသာမက ဖြစ်ပွားသော နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးစသည့်တို့ကိုပါ ထိခိုက်နိုင်သည်ဖြစ်ရာ ထိခိုက်ဆုံးရှုံးမှု အနည်ဆုံးဖြစ်စေနိုင်ရန်အတွက် အားလုံး အတူတကွ လက်တွဲဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင်လည်း ကျင်းပမည့် ပြည်ထောင်စု ဝန်ကြီးအဆင့် အာဆီယံအစည်းအဝေး ကျင်းပသွားရန်ရှိပါကြောင်း၊

• COVID-19 ရောဂါပိုးနှင့်ပတ်သတ်သည့် အကြောင်းအရာ၊ အချက်အလက်များအား အချိန်နှင့်တပြေးညီ သိရှိနိုင် စေရေးအတွက် ထွက်ရှိပြီးသော၊ ထပ်မံထွက်ရှိလာမည့် သုတေသန စာတမ်းများအား ဖတ်ရှူလေ့လာသွားရန်လိုပြီး Virologist ပညာရှင်များမှ လေ့လာ၍ တင်ပြသွားရန်ဖြစ်ပါကြောင်း၊

• အသက်ငယ်ရွယ်သူများ၊ အခြားရောဂါအခံ (Comorbidity) မရှိသူများတွင် bilateral pneumonia အနေအထား တွေ့ရှိပါက unusual အနေဖြင့်သတ်မှတ်ပြီး အထူးဂရုပြု စောင့်ကြည့်ကုသရန်လိုအပ်ကြောင်း၊ ဖြစ်နိုင်သော ကျန်းမားရေးပြဿနာများ ရှာဖွေခြင်းနှင့် တပြိုင်တည်း၌ COVID-19 အားလည်းထည့်သွင်း သတ်မှတ်စေ ချင်ကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာ ကုသရေးဆရာဝန်ကြီးများမှ စဉ်းစားဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊


• ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ (Influenza Surveillance) အားလည်း ပုံမှန်ဆက်လက် အားဖြည့်ဆောင်ရွက်နေရန်လိုအပ်ပါကြောင်း၊

• သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်ကပ်လှူခြင်း ပွဲတော်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ အား အစည်းအ‌ဝေးခေါ်ယူ၍ ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း၊

• COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် တေးသံရှင်ဖြင့်အသံသွင်းဆောင်ရွက်ခြင်း၊ အနုပညာရှင်များဖြင့် ရိုက်ကူးပညာပေးခြင်းများဖြင့် ဆောင်ရွက်ပါက ပိုမို အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊

• Contingency Plan ရေးဆွဲရာတွင် Containment phase, Control Phase နှင့် Mitigation phase များစသည်တို့ပါဝင်အောင် အားလုံးခြုံငုံသုံးသပ်၍ ရေးဆွဲဆောင်ရွက် သွားရန်လိုကြောင်း၊

• ဆေးရုံများတွင် Non-contact thermometer များအား ဝယ်ယူဖြည့်တင်းနိုင်ရေး ဆောင် ရွက်ရာတွင် ကြာရှည်ခံမှု (Durability) အားထည့်သွင်းဆောင်ရွက်ထားရန်လိုကြောင်း၊

• COVID-19 ဓာတ်ခွဲစစ်ဆေးကိရိယာ စိတ်ချယုံကြည်ရသော အရည်အသွေးရှိသည့် Rapid Test Kit(RDT) များ အသုံးပြုရန် လုပ်ငန်းလမ်းညွှန်များအား ကြိုတင်ရေးဆွဲထုတ်ပြန်ထားရန်လိုအပ်ပါကြောင်း၊

• လိုအပ်ပါက ဆေးရုံများတွင် အသုံးပြုနိုင်မည့် ယာယီရွက်ဖျဉ်တဲများအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊

• အထူးကြပ်မတ်ကုသဆောင်သုံး ဆေး၊ ဆေးပစ္စည်းနှင့် ကိရိယာများအား သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် မေ့ဆေးဆရာဝန်ကြီးများဖြင့်တိုင်ပင်၍ စာရင်းပြုစုသွားရန် လိုအပ်ပါကြောင်း၊

• ကုသရေးအတွက်လိုအပ်သည့်ဆေးဝါးများအား ဆေးရုံကြီးများ၏ ကိုယ်ပိုင် ဘဏ္ဍာငွေ လျာထားချက်အတွင်း ထည့်သွင်း တွက်ချက်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည်နှင့်အညီ ဝယ်ယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊

• ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် Thermal Scanner များအချိန်မီ ဝယ်ယူနိုင်ရေးအတွက် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင်-
ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာ တိုးသီရိအောင်မှ တင်ပြဆွေးနွေးရာတွင်-

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒ ရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ အကြောင်းနှင့်
• ကိုရီးယားသမ္မတနိုင်ငံတွင် ဖြစ်ပွားမှုများသည် Institutional based ဖြင့်စတင်ပျံ့နှံ့ခဲ့မှု အခြေအနေများနှင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးဆောင်ရွက်ရာတွင် Mass Testing ဖြင့်ဆောင် ရွက်ခဲ့မှုအနေအထားအားလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်မှ တင်ပြဆွေးနွေးရာတွင်-

• မြန်မာနိုင်ငံသို့ဝင်ရောက်ရန်ရှိသည့် အပျော်စီးသင်္ဘောများ၏ ခရီးလမ်းစဉ် (Tract record)၊ ခန့်မှန်းခရီးသည် စာရင်း၊ နိုင်ငံတကာဆိပ်ကမ်းများတွင် တက်/ဆင်းခရီးသည် အသစ်များရှိမှု စသည်တို့အား အသေးစိတ်ရယူ ဆောင်ရွက်ထားရှိမှုအခြေအနေ၊

• အပျော်စီးသင်္ဘောများ၌ သံသယလူနာတွေ့ရှိပါက လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များဖြင့် ရေးဆွဲဆောင်ရွက်ထားရှိမှု၊

• တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့်

ထူးခြားဖြစ်စဉ်များနှင့် တုံ့ပြန်ဆောင်ရွက် ခဲ့မှုများ၊ အားသာချက်အားနည်းချက်များ၊

• (၁၇-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာခဲ့ပြီး (၁၈-၂-၂၀၂၀) ရက်နေ့တွင် ဗီယက်နမ် နိုင်ငံမှတစ်ဆင့် ကိုရီးယားနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သည့် ကိုရီးယားနိုင်ငံသား တစ်ဉီးအား (၂၃-၂-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲစမ်းစစ်မှုအဖြေ၌ COVID-19 ရောဂါပိုးတွေ့ ရှိခဲ့မှုအပေါ် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဌာန်းချက် ဆက်သွယ်ရေးအရာရှိ International Health Regulation (IHR) focal point ဖြင့် ဆက်သွယ်ဆောင်ရွက်သွားမည့်အစီအစဉ်၊

• သံသယသို့ စောင့်ကြည့်လူနာတွေ့ရှိလာပါက ၎င်းလူနာ နေထိုင်တည်းခိုခဲ့သည့်နေရာများ၊ ယာဉ်/ ရထားများ၊ ထိတွေ့ခဲ့သည့်သူများ စသည်တို့အား သေချာစွာထောက်လှမ်း၍ ရောဂါစောင့်ကြပ်‌ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစီအစဉ်များနှင့်

• ILI/SARI Sentinel Hospital များတွင် ပုံမှန်ဆောင်ရွက်လျက်ရှိသော ရာသီတုပ်ကွေးရောဂါ ဆိုင်ရာ စောင့်ကြပ် ကြည့်ရှုခြင်းအား ဆက်လက်ဆောင်ရွက်နေရန် လိုအပ်မှုအားလည်းကောင်း၊

ကုသရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာမိုးခိုင်မှ တင်ပြဆွေးနွေးရာတွင် -

• တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများမှ လူနာများ၏ အခြေအနေများ၊

• ဆေးရုံများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်

• သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်ကပ်လှူခြင်း ပွဲတော်ကျင်းပရေးအတွက် ကျန်းမာရေး ဆပ်ကော်မတီ ကျင်းပသွားရန် အစီအစဉ်အား လည်းကောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာ သန်းနိုင်စိုးမှ တင်ပြဆွေးနွေးရာတွင် -

• ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နာမည်ကျော်အဆိုတော်တစ်ဉီးနှင့် အသံသွင်း ဆောင်ရွက်ရန်စီစဉ်ထားရှိမှု၊

• ဆက်လက်ပြီး စနစ်မှန်လက်ဆေးနည်းများအား ပြည်သူများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အနုပညာရှင် တစ်ဉီးဖြင့် ပညာပေးဗီဒီယို ထပ်မံရိုက်ကူးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိမှု၊

• Contingency plan ဆွဲရာတွင် All Phases အတွက် ပါဝင်ရေးဆွဲရန်နှင့် သို့မှသာ Fund flow အားမိမိတို့နိုင်ငံ အတွက် ကြိုတင်တင်ပြတောင်းခံနိုင်မည်ဖြစ်မှုအားလည်းကောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာစုစုလင်းမှ တင်ပြဆွေးနွေးရာတွင် -

• Clinically pneumonia case များအား ဓာတ်ခွဲမစစ်ဆေးနိုင်သည့်ကာလအတွင်း လိုအပ် သည့် အခြေခံ စမ်းသပ်ချက်များအား ဂရုပြုဆောင်ရွက်ပါက သင့်တော်မည်ဖြစ်ကြောင်းနှင့်

• Contingency plan ဆွဲရာတွင် All Phases အတွက် ပါဝင်ရေးဆွဲပါမှ သင့်တော်မည်ဖြစ်ပါ ကြောင်းအား လည်းကောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော်မှ ပါမောက္ခ ဒေါက်တာတင့်တင့်ကြည်မှ တင်ပြဆွေးနွေးရာတွင် -

• COVID-19 နှင့် ပတ်သတ်၍ ကုသရေးဆိုင်ရာ အချက်အလက်များ၊

• သံသယလူနာ သို့ စောင့်ကြည့်လူနာ (၁၀) ယောက်အထက်တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြင်ဆင်ထားရှိမှုများနှင့်

• ရာသီတုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၌ Sentinel Hospital မဟုတ်သော ဆေးရုံများ မှ ဓာတ်ခွဲနမူနာ ပို့ဆောင်လိုသည့်အခါ ခက်ခဲမှုအပိုင်းများ အားလည်းကောင်း၊


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခုတင် (၁၀၀၀) အထွေထွေရောဂါကု ဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါက်တာပပ မှ တင်ပြဆွေးနွေးရာတွင် -

• သံသယလူနာ သို့ စောင့်ကြည့်လူနာများအား ဆေးရုံကားဖြင့် စတင်ရောက်ရှိသည့်အချိန်မှ စတင်၍ ပြင်ပလူနာဌာနမှ စတင်၍ အထူးကြပ်မတ်ကုသဆောင်အထိ စီမံဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များ၊

• အထူးကြပ်မတ်ကုသဆောင် တွင် လက်ရှိ ခုတင် (၄) လုံးဖြင့် ပြင်ဆင်ထားရှိသော အခြေ အနေနှင့် ခုတင် (၈) လုံးဖြင့် တိုးချဲ့ဆောင်ရွက်သွားနိုင်သော အခြေအနေ၊ ဆက်လက်ပြီး လက်ရှိ စာသင်ဆောင် တစ်ခုအား ခုတင် (၃၀) ဆံ့ အထူးကြပ်မတ် ကုသဆောင်အဖြစ် ပြောင်းလဲဆောင်ရွက်နိုင်သော အခြေအနေ၊

• လက်တလောအနေဖြင့် အဓိက လိုအပ်သော PPE နှင့် ICU သုံး ခုတင် (၄) လုံးအပါအဝင် ထပ်မံလိုအပ်လာနိုင်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊

• မပြင်းထန် လူနာများ (Mild Pneumonia) မှ စတင်၍ High flow အောက်စီဂျင်ပေးရန် အတွက် စီမံပြင်ဆင် ထားရှိမှုအခြေအနေများနှင့်

• Contingency plan တွင် လူအများဖြစ်ပွားလာပါက လိုအပ်သည့်ခွဲခြားထားရှိရန် အဆောက်အဉီများနှင့် ဝန်ထမ်းများ ခွဲဝေတာဝန်ချထားရေးအတွက် သတ်မှတ်ထားပြီး ဖြစ်ကြောင်းအားလည်းကောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (ဝယ်/ ဖြန့်) ဒေါက်တာ အေးမြမြကျော်မှ တင်ပြ ဆွေးနွေးရာတွင် -

• Ventilator များဝယ်ယူရန်အတွက် ဆေးကုန်သည်ကြီးများအသင်းသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာတွင် ကုမ္ပဏီ (၄) ခု၏ စာရင်းအား ရရှိပြီးဖြစ်ကြောင်းအားလည်းကောင်း၊

ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ၊ လက်ထောက်အတွင်းဝန် ဒေါက်တာ ကျော်ခိုင်မှ တင်ပြဆွေးနွေးရာတွင် -

• COVID-19 Contingency plan (အရေးပေါ်စီမံချက်) အား ရာသီတုပ်ကွေးစီမံချက်အပေါ်၌ မူတည်၍ လည်းကောင်း၊ WEPRO ရှိ Contigency plan ပါ အချက် (၉) ချက်အား ထည့်သွင်း၍ ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် ယခုအပတ်အတွင်း၌ အပြီးသတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

• ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့တွင်နေထိုင်သည့်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝင်ရောက်ကူညီ၍ CIVID-19 စစ်ဆေးရန် အကြောင်းကြားလာခဲ့သည့်အပေါ် သက်ဆိုင်ရာ သံရုံးမှ တစ်ဆင့်အကြောင်းကြားပေးပါရန် ပြောကြားခဲ့ကြောင်းနှင့်

• နိုင်ငံတကာမှ လာရောက်ရန်ရှိသည့် ဆေးပစ္စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အားလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာ ခင်ခင်ကြီးက COVID-19 ရောဂါနှင့်ပတ်သတ်သည့် ရောဂါဗေဒဆိုင်ရာများ၊ နိုင်ငံတကာတွင် ဆောင်ရွက်ထားရှိသော သုတေသနစာတမ်းများအား အကျဉ်းချုပ်တင်ပြခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြညသူ့ကျန်းမာရေးနှင့်ကုသရေး) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီးများ၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-Health ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags