Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၁၉/၂၀၂၀) ကျင်းပ (17-2-2020) (7:30 AM)

Union Minister Dr. Myint Htwe attends the central coordination meeting (19/2020) on preparedness for detection and response to Coronavirus Disease 2019 (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၁၉/၂၀၂၀) ကို ယနေ့၊ နံနက် (၇:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဦးဆောင်၍ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် -
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များအရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ တစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ Epicenter ဖြစ်သော ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် Case များကျဆင်း လျက်ရှိမှုအခြေအနေ၊
• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီး၏ ရောဂါစောင့်ကြပ် ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများအရ ပုံမှန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ထူးခြား ဖြစ်စဉ်များအား တင်ပြ၍ စောင့်ကြည့်လူနာ (၈) ဉီး၏ အခြေအနေ များမှာ သက်သာကောင်းမွန်လျက်ရှိမှု၊
• လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ ပြင်းထန်လူနာများအား စောစီးစွာ သိရှိကုသနိုင်မှု (Early detection and prompt treatment) သည် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ် တားဆီးခြင်း၌ အရေးကြီးသည့် အတွက် ကျောင်း၊ ဈေးနှင့် Institution များတွင် အနီးကပ်ထိတွေ့မှု ရာဇဝင်ရှိသူများအား သေချာစွာဖော်ထုတ် စောင့်ကြည့်ခြင်း (Contact tracing and Active surveillance) အားသေချာစွာဆောင်ရွက်လျက်ရှိမှု၊
• ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် Non Pharmaceutical Intervention ဖြစ်သော ကျန်းမာရေး အသိပညာမြှင့်တင်ခြင်းလုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်းနှင့် ခရီးသွားများ အတွက်လိုက်နာရန် ပညာပေးချက် အား တင်ပြမှု၊
• ပြည်သူလူထုမှ မှန်ကန်သော ကျန်းမာရေးအသိပညာများအား နားလည်သိရှိခြင်း (community awareness) နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု (community participation) ရှိပါမှ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ယင်းအတွက် (All Sector Approach) ဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု၊
 


• ကျောက်ပန်းတောင်းမြို့တွင် ရာသီတုပ်ကွေးအစုလိုက်ဖြစ်ပွားမှု (Influenza Cluster) အား ပြည်သူများမှချက်ချင်း သတင်းပေးပို့ခဲ့သည့်အပေါ် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးမှ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းနှင့် လူနာများ၏ ရောဂါလက္ခဏာနှင့်ရာဇဝင်အရ ရာသီ တုပ်ကွေးအနေဖြင့် ကုသခဲ့မှုအားတင်ပြခြင်း၊
• မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC 2) တွင်ကျင်းပရန်ရှိသည့် လူပရိတ်သတ် (၁၅၀၀) ခန့် တက်ရောက်မည့် E-Government ဆွေးနွေးပွဲတွင် အဖျားတိုင်းကိရိယာ (thermal scanner) တပ်ဆင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊
• မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံအား လူနာသီးခြား ထားရှိရန် (Designated Hospital) အဖြစ်သတ်မှတ်ပြီး လူနာသီးခြားထားရှိရန် အခန်းများ (Isolation Ward) နှင့် အထူးကြပ်မတ် ကုသဆောင် (Intensive Care Unit-ICU) များအား ပြင်ဆင်ဆောင်ရွက်နေမှု၊
မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၇)ခုတွင် အဖျားရောဂါစောင့်ကြပ်ကြည့်ရှု သည့်အခြေအနေနှင့် သံသယ လူနာ/စောင့်ကြည့်လူနာမတွေ့ရှိရခြင်း၊
. နိုင်ငံတကာအလှူရှင်များထံမှ PPE, Hand Gel, Isolation Gown, Surgical နှင့် N95 Mask စသည့်ပစ္စည်းများ ရရှိရန်ဆောင်ရွက်ထားရှိမှုအခြေအနေအားတင်ပြ၍ အချိန်မီလက်ခံရရှိနိုင်ရေး အလှူရှင်အဖွဲ့အစည်းများအား နှိုးဆော် ဆောင်ရွက်ရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများရရှိမှုနှင့် လိုအပ်သလို တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ခွဲဝေဖြန့်ဖြူးရှိခြင်း၊
• ကုသရေးဉီးစီးဌာနမှ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် ကျိုင်းတုံ၊ မူဆယ်၊ လားရှိုး၊ စပ်စံထွန်းနှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံများတွင် လူနာလွှဲပြောင်း ပို့ဆောင်ရန်အတွက် ပစ္စည်းကိရိယာ ပြည့်စုံသော လူနာတင်ယာဉ်များအားစီစဉ်ဆောင်ရွက်ရာတွင် Ventilator များနှင့် Oxygen Cylinder အပိုများ အပါအဝင် လိုအပ်သော ဆေး၊ဆေးပစ္စည်းများ ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ထားရန် ညှိနှိုင်းစီစဉ်ထား များအား ဆွေးနွေးခြင်း စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြု ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ပြောကြားရာတွင် -
• ယခု ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထူးသဖြင့် ဝူဟန်မြို့တွင် ကူးစက်ပျံ့ပွား၊ သေဆုံးမှုသည် အဓိက ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရောဂါဖြစ်ပွားပျံ့နှံ့မှုသည် ကျဆင်းသည့်သဏ္ဍာန်ရှိသော်လည်း ကူးစက်ရောဂါ များသည် ခန့်မှန်းရခက်ပါကြောင်း၊
• သို့ဖြစ်ပါ၍ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို အထူးဂရုပြု၍ ဆက်လက်အားထုတ် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊
• ရောဂါ နိုင်ငံအတွင်းသို့ ဝင်ရောက်ပြန့်ပွားမှုမရှိစေရန်အတွက် Preventive aspect ဖြင့် ဆောင်ရွက်ရာတွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် သံသယလူနာနှင့် အနီးကပ်ထိတွေ့ ဆက်ဆံခဲ့သူများအား လိုက်လံစုံစမ်း ထောက်လှမ်း ကြည့်ရှုခြင်းတို့ကို အထူးအလေး ထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ကုသရေးဉီးစီးဌာနမှ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် ၊ ကျိုင်းတုံ၊ မူဆယ်၊ လားရှိုး၊ စပ်စံထွန်းနှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံများ၏ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ (Preparatory Status) အား ဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြရမည်ဖြစ်ပါကြောင်း၊
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လက်ရှိအချိန်ထိ ရရှိခဲ့သော အထောက်အပံ့များအားပြန်လည်စိစစ်ပြီး ၎င်းတို့ ကတိကဝတ်ပြု ထားသည်များ ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• (Disinfection) လုပ်ငန်များတွင် လိုအပ်သောပစ္စည်းများ အလုံအလောက်ရှိမှု အခြေအနေအား လျင်မြန်စွာစိစစ် (Quick review) ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ဘဏ်များ စသည့်အများပြည်သူပိုင် လူစုလူဝေးလေ့ရှိသော နေရာများတွင် ပြည်သူများအား ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများအား မလိုအပ်ပါက ထိတွေ့မှုနည်းအောင် နေထိုင်ရေး အလေ့အကျင့်များ ရှိစေရန်အတွက် ထိရောက်သော သတင်းတို ထုတ်ဝေရမည်ဖြစ်ပါကြောင်း၊
• နိုင်ငံတကာလေဆိပ်များရှိခရီးသည်များအား တည်းခိုသောလိပ်စာ ရယူရာတွင် မြို့နယ်အလိုက် Mapping ဖြင့်စာရင်းပြုစုထားရှိရမည်ဖြစ်ပါကြောင်း၊
• ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်၍ ဟိုတယ်များ၌ တည်းခိုသည့် ဖျားနာလူနာ များအား သတင်းရယူဆောင်ရွက်နိုင်ရေးကို ဆက်လက်အားဖြည့်ဆောင်ရွက်ရန်နှင့် ဟိုတယ်၊ တည်းခိုခန်းများသို့ နေ့စဉ်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် Early case detection သည် အရေးကြီးသည့် အတွက် သံသယလူနာတွေ့ရှိပါက ပြည်သူများ၏ သတင်းပေးပို့မှုသည် လွန်စွာအရေးကြီးသည့် အတွက်ဆက်လက်ရယူ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဉီးဆောင်၍ တိုင်းဒေသကြီး /ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနများနှင့် Teleconference ပြုလုပ်ကျင်းပရမည်ဖြစ်ပါကြောင်း၊
• ပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဉီးစီး ဌာနမှူးများ၏ ဦးဆောင်မှုသည် ယခုအချိန်တွင်အလွန်အရေးကြီးပြီး ကျန်းမာရေးဝန်ထမ်းများအားလုံးမှ လည်းအားတက်သရော ပါဝင်ဆောင်ရွက်နေသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန်အတွက် လမ်းညွှန်မှု များပေးအပ်ခဲ့ပါသည်။


     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာ ဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး စသည့်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags