Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (28-2-2020, 8:00 p.m)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) အသက် (၂၇) နှစ်အရွယ် ဗြိတိန်နိုင်ငံသား၊ အိန္ဒိယလူမျိုး အမျိုးသား တစ်ဦးသည် (၂၄-၂-၂၀၂၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး (၂၅-၂-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းသွားခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၂၇-၂-၂၀၂၀) ရက်နေ့တွင် ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) (၂၈-၂-၂၀၂၀) ရက်နေ့တွင် စစ်ဆေး သိရှိရပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ခ) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် နေထိုင်သော အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ သွားရောက်အလုပ် လုပ်ကိုင်ခဲ့ပြီး (၂၇-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာ မူဆယ်နယ်စပ်ဂိတ်တွင် ကိုယ်အပူချိန်မြင့်တက်နေကြောင်း တွေ့ရှိရသဖြင့် မူဆယ် မြို့နယ်ဆေးရုံသို့ လွှဲပြောင်းခဲ့ပြီး ကျန်းမာရေးစစ်ဆေးခဲ့ရာ လူနာသည် (၂၅-၂-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း သိရှိရသည့်အတွက် ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် ဆောင်ရွက်ထားရှိပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ဂ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်တွင် နေထိုင်သော အသက် (၂၅) နှစ် အရွယ် တရုတ်လူမျိုး အမျိုးသမီးတစ်ဦးသည် (၂၀-၂-၂၀၂၀) ရက်နေ့တွင် မြန်မာ နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး (၂၆-၂-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများခံစားခဲ့ရပြီး (၂၈-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) (၂၈-၂-၂၀၂၀) ရက်နေ့တွင် စစ်ဆေးသိရှိရပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

၃။ ယနေ့ (၂၈-၂-၂၀၂၀) ရက်နေ့၊ ည (၆:၀၀) နာရီအချိန်အထိ လူနာ (၁) ဉီးအား သက်ဆိုင်ရာ ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်း၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

၄။ (၂၈-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့မှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်တစ်စီးပေါ်တွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသား ကျောင်းသူ (၇) ဦး လိုက်ပါလာကြောင်း လေယာဉ်မှူးကြီးမှ သတင်းပေးပို့လာပါသည်။ စုံစမ်းစစ်ဆေးချက်အရ ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့၊ ဒုံမြောင်တက္ကသိုလ်တွင် ပညာသင်ကြားနေသော မြန်မာနိုင်ငံသား ကျောင်းသူ (၇) ဦး ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့မှုမရှိကြောင်း သိရှိရပါသည်။ သို့ရာတွင် လတ်တလောရောဂါကူးစက်ဖြစ်ပွားမှုရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နေထိုင်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသဖြင့် အဆိုပါ ကျောင်းသူ (၇) ဦးကို ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၁၄) ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်ထားပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၅။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် (၂၈-၂-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၆။ (၂၈-၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၄၇) နိုင်ငံတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။



 

 


 
 
 
 

More Tags