Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-2-2020, 8:00 pm)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၂၃-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက် ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ် ကုသသည့် လူနာသစ်မရှိပါ။

၃။ (၂၄-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရသော်လည်း (၄၈) နာရီ ဆက်လက် စောင့်ကြပ် ကြည့်ရှုမှုခံယူနေသည့် စောင့်ကြည့်လူနာ (၄) ဦးရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါ သည်။

၄။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာအနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြည့်လူနာနှင့် သံသယလူနာများတွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် သွားမည်ဖြစ်ပါသည်။

၅။ ရန်ကုန်မြို့သို့ (၁၃-၂-၂၀၂၀) ရက်နေ့မှ (၁၇-၂-၂၀၂၀) ရက်နေ့အထိ အလည်လာရောက်ခဲ့ သည့် အသက် (၃၄) နှစ်အရွယ် ကိုရီးယားနိုင်ငံသူ (၁) ဦးသည် (၂၃-၂-၂၀၂၀) ရက်နေ့တွင် ကိုရီးယားနိုင်ငံ၌ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအဖြစ် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူလျက်ရှိကြောင်း (၂၃-၂-၂၀၂၀) ရက်နေ့တွင် သတင်းရရှိခဲ့ရာ သတင်းရရှိလျှင်ရရှိချင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဆိုပါအမျိုးသမီးနှင့် အနီးကပ်ထိတွေ့ နေထိုင်ခဲ့သူ (၇) ဦးနှင့် ၎င်းတို့၏ မိသားစုဝင် (၁၅) ဦး၊ စုစုပေါင်း (၂၂) ဦးအား စုံစမ်းရှာဖွေ၍ ကျန်းမာရေးအခြေအနေ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လတ်တလောအားဖြင့် COVID-19 ရောဂါ သံသယလက္ခဏာများ ဖြစ်ပွားမှုမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသမီးနှင့် အနီးကပ် ထိတွေ့သူများ၊ ၎င်းတို့၏ မိသားစုဝင်များအား COVID-19 ရောဂါကူးစက်ဖြစ်ပွားပုံနှင့် ရောဂါလက္ခဏာများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး၍ ရောဂါလက္ခဏာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ရန်နှင့် နေအိမ်တွင် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Home Quarantine) နေထိုင်စဉ် လိုက်နာရမည့် အချက်များအား တိကျစွာလိုက်နာရန် အသိပေးပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့အား နေအိမ်တွင်သီးခြားထားရှိ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်များနှင့်အညီ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူနာနှင့် ၎င်းတို့အသီးသီး နောက်ဆုံး တွေ့ဆုံခဲ့သည့် ရက်မှ (၁၄) ရက်ပြည့်သည် အထိ ဆက်လက်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။

၆။ (၂၄-၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၂၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ/ သံသယလူနာနှင့်ထိတွေ့မှုရှိခဲ့ပါက မိမိကိုယ်တိုင် ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ် သတင်းပေးပို့ရန်နှင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

More Tags