Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၄) ရက်နေ့

     Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၁,၀၀၀) ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းခဲ့ရာ Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် လက်ခံခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လှူဒါန်းရခြင်းအကြောင်း ပြောကြားရာတွင် -

• COVID - 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် မြန်မာနိုင်ငံသို့လည်း စတင်ဝင်ရောက်လာပြီဖြစ်ရာ ပြည်သူအားလုံး အတွက် အစိုးရနှင့်အတူ ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်လျက် ရှိကြောင်း၊
• ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အခန်း(၁)၊ ပုဒ်မ ၂ (ခ) ၌ ဘေးအန္တရာယ်ဟုဆိုရာတွင် သဘာဝဘေး၊ လူကြောင့်ဖြစ်သောဘေးများသာမက ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများလည်း ပါဝင်ကြောင်း၊
• သဘာဝဘေးကျရောက်စဉ်တွင် ပြည်သူများလှူဒါန်းထားသောငွေများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ စာရင်းတွင် ထည့်သွင်းထားရှိပြီး ဘေးနှင့် ပတ်သက်၍ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရာတွင် အကျိုးရှိစွာအသုံးပြုလျက်ရှိကြောင်း၊

 

• သို့ဖြစ်ပါ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ်ကြောင်း၊
• ပြည်သူ့ ဘဏ္ဍာငွေကို ပြည်သူ့ထံသို့ ပြည်သူများလိုအပ်ချိန်တွင် သုံးစွဲနိုင်ရန် ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် -

• ဤလှူဒါန်းငွေများကို ပြည်သူများအတွက် အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာအသုံးပြု သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 
 

More Tags