Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း (2-4-2020)

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ လှူဒါန်းမှုများ လက်ခံခဲ့ပါသည်။

 

     ရှေးဦးစွာ အလှူရှင်များကိုယ်စား ပြည်သူ့ပါတီ၊ ဥက္ကဋ္ဌ ဦးကိုကိုကြီးက လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားရာတွင် -

• မိမိတို့ အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေမှုများကို သိရှိရ ပြီး ယခုအထိမြန်မာနိုင်ငံတွင် COVID-19 လူနာ (၁၆) ဦးတွေ့ရှိခဲ့သည်ကို သိရှိရပါကြောင်း၊

• COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရေးအတွက် ပြည်သူ့အကျိုးကို ရည်မျှော်ပြီး ဌာနဆိုင်ရာများ၊ ပါတီများ၊ လူထုလူတန်းစားအသီးသီးအားလုံးမှ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း တတ်စွမ်းသမျှ လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

• ပြည်သူများမှ လှူဒါန်းငွေများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်နှင့် အညီ ပြင်ဆင် ဆောင်ရွက်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိပါကြောင်း၊

 

• ယခုလှူဒါန်းမှုများသည် COVID-19 လူနာများကုသမှုပေးနိုင်ရန် ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက်လည်းအသုံးချ သွားမည်ဖြစ်သဖြင့် COVID-19 ဖြစ်စဉ်တွင်သာမက ရေရှည်အတွက်ပါ အကျိုးရှိစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလှူရှင်များ ပေးအပ်လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ယနေ့ လှူဒါန်းပွဲတွင် သမဝါယမဘဏ်လိမီတက် (CB Bank) မှ ကျပ် (၃၀၀) သိန်း၊ ဦးစိုးသိန်းနှင့် မိသားစု (Shwe Baho BRC Factory and Nyein Chan Thu
company) မှ ကျပ် (၁၀၀) သိန်း၊ ဗဟိုသမဝါယမအသင်းနှင့် သမဝါယမအသင်းစုချုပ်များက ကျပ် (၁၃၀.၈) သိန်း၊ ပြည်ပရောက်မြန်မာများနှင့် ပြည်တွင်းမှ စေတနာရှင်များက ကျပ် (၁၃၂) သိန်း၊ Luoyang Northern Ek Motorcycle Co.,Ltd (Dayang Motorcycle China )က ကျပ် (၆၀) သိန်း၊ ဦးကျော်ဇင်ထွန်း (Autumn Flower Co.,Ltd) က ကျပ် (၂၅) သိန်းနှင့် ပြည်သူ့ပါတီက ကျပ် (၅၀) သိန်းနှင့် တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံ (PPE) (၁၀၀) စုံ တို့ကို အသီးသီးလှူဒါန်းခဲ့ကြပါသည်။

 
 
 

More Tags