Agence Francaise De Developpement (AFD)၊ Foundation Merieux နှင့် Institut Pasteur တို့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံ လာရောက်တင်ပြ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၄)၌ Agence Francaise De Developpement (AFD) မှ Project leader Mr. Philippe Lagier, Project officer Mr. Mathilde Gasperi, Foundation Merieux မှ Operations Manager Mr. Pascal Vincelot, Institut Pasteur မှ Head of project team Dr. Maud Seguy, Scientific Project manager Dr. Magali Herrant တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လာရောက်တင်ပြခြင်းကို လက်ခံတွေ့ဆုံခဲ့ပါသည်။


 

AFD၊ Foundation Merieux နှင့် Institut Pasteur မှ တာဝန်ရှိသူများ တင်ပြပြောကြားရာတွင် -

• AFD နှင့် မိတ်ဘက်အဖွဲ့အစည်းများသည် (၂၀၁၉)ခုနှစ်မှစ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) နှင့် ပူးပေါင်း၍ -

- ဇီဝလုံခြုံမှုအဆင့်မြင့် ဓာတ်ခွဲခန်း (high security laboratory - BSL 3) နှင့် သုတသေနဓာတ်ခွဲစမ်းသပ်ရန် တိရိစ္ဆာန်များထားသိုမည့် အဆောက်အဦအသစ် တို့ကိုတည်ဆောက်ခြင်း၊

- အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်) ရှိ သမိုင်းဝင်ဓာတ်ခွဲခန်းအဆောက်အဦ နှင့် ပြည်သူ့ကျန်းမာ ရေး ဓာတ်ခွဲခန်း (မန္တလေး) တို့ကို ပြုပြင်ထိန်းသိမ်းတည်ဆောက်ခြင်း၊

- အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း၏ ကျွမ်းကျင်မှုဆိုင်ရာ သုတေသနနှင့် သိပ္ပံနည်းပညာဆိုင်ရာ စွမ်းရည်မြှင့်တင် ခြင်းနှင့်

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းများ ကွန်ရက်ချိတ်ဆက်မှုကို အားဖြည့်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• အဆိုပါလုပ်ငန်းများဆောင်ရွက်ရန်အတွက် (၂၀၁၈) ခုနှစ်၊ ဇွန်လတွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယူရိုငွေ (၅) သန်းကို EU မှထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ယူရိုငွေ (၂၂) သန်းကို AFD မှ (soft loan) ချေးငွေ အဖြစ်ပေးအပ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊

• အဆောက်အဦများကို (၂၀၁၉) ခုနှစ်တွင် စတင်ဆောက်လုပ်သွားရန် စီစဉ်ထားရှိပြီး စွမ်းရည်မြှင့်တင် မှုလုပ်ငန်းများကို (၂၀၁၉) ခုနှစ် နှစ်ဦးပိုင်းမှ စတင်၍ (၄) နှစ်တာကာလ အကောင်အထည်ဖော်ဆောင် ရွက်သွားရန်လျာထားပါကြောင်း၊

• လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ Foundation Merieux၊ Institut Pasteur နှင့် တို့အကြား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များ သဘောတူလက်မှတ်ရေးထိုးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းကို တင်ပြခဲ့ကြပြီး ရေးဆွဲထားသော အဆောက်အဦဒီဇိုင်းပုံစံများနှင့် လုပ်ငန်းအစီအစဉ် များကို တင်ပြခဲ့ကြပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးကဏ္ဍအတွက် အထူးအရေးကြီးသော ကျန်းမာရေးဓာတ်ခွဲခန်းဆိုင်ရာ အဆင့်မြှင့်တင်မှု လုပ်ငန်းများတွင် ပူးပေါင်းကူညီသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

• အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကျန်းမာရေးဆိုင်ရာဓာတ်ခွဲစမ်းသပ်မှုများ၊ ရောဂါရှာဖွေမှုများ၊ သုတေသနများစသည်တို့ကိုပိုမိုကောင်းမွန်စွာ၊ အဆင့်မြင့်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံနှင့် ပြည်သူများ အတွက်လည်း အထူးအကျိုးရှိစေမည်ဖြစ်ကြောင်း၊

• လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (NHL) ဒေါက်တာဌေးဌေးတင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ လက်ထောက်အတွင်းဝန် (ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး) ဒေါက်တာကျော်ခိုင်၊ ညွှန်ကြားရေးမှူး (NHL) ဒေါက်တာဝင်းသိန်းနှင့် Foundation Merieux မှ ဌာနေကိုယ်စားလှယ် Dr. Nay Thiha နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags