38th Global Fund Board Meeting နှင့် 1st WHO Global Ministerial Conference on Ending Tuberculosis in the Sustainable Development Era: A Ministerial Response အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် 38th Global Fund Board Meeting နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိကျင်းပပြုလုပ်သည့် 1st WHO Global Ministerial Conference on Ending Tuberculosis in the Sustainable Development Era: A Ministerial Response သို့ တက်ရောက်ခဲ့ပါသည်။

     38th Global Fund Board Meeting ကိုဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ Crowne Plaza Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ Global Fund Board အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ INGO အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။

     အစည်းအဝေးကာလအတွင်း Global Fund Board အဖွဲ့၏ Executive Director အသစ်ရွေးချယ်တင်မြှောက်နိုင်ခဲ့ပြီး၊ Global Fund ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ခွဲဝေချထားသည့် ရန်ပုံငွေများအားအတည်ပြုခြင်း၊ Global Fund ရန်ပုံငွေဖြင့် စီမံချက် လုပ်ငန်းများအားဆန်းစစ်လေ့လာခြင်းနှင့် (၂၀၁၇-၂၀၂၂) ခုနှစ်အတွင်း Global Fund အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် Country Cooperative Mechanism အဖွဲ့၏ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် Crowne Plaza Hotel ၌ ပြင်သစ်နိုင်ငံအခြေစိုက် Biomerieux အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ Global Point Prevalence Survey for Anti-microbial Resistance တွင် မြန်မာပြည်မှ ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် Anti-microbial Resistance (AMR) ပြဿနာ ကာကွယ်ဖြေရှင်းနိုင်ရေး ကိစ္စများဆွေးနွေးခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂျီနီဗာမြို့ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်ရုံးရှိ Non-Communicable Disease ဌာနသို့သွားရောက်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု တိုက်ဖျက်ရေး၊ ကာယလှုပ်ရှားမှုပုံမှန် ဆောင်ရွက်နိုင်ရန် ပိုမိုအားပေးရေးကိစ္စများ၊ ရန်ကုန်မြို့အား ကင်ဆာရောဂါကာကွယ်ရေးလုပ်ငန်းဦးစားပေးသည့်မြို့တော်အဖြစ် အကောင်အထည်ဖော်ရေးကိစ္စများ၊ ပြည်သူလူထုအတွင်း ဆားသုံးစွဲမှု၊ အချိုဓာတ်စားသုံးမှုနှင့် အန္တရာယ်ဖြစ်စေသော အဆီများစားသုံးမှုလျှော့ချရေးကိစ္စများ၊ ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးဌာနနှင့် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးယဉ်ပါးတီဘီရောဂါ ကာကွယ်ကုသရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့ မော်စကိုမြို့ World Trade Center တွင် ကျင်းပပြုလုပ်သည့် 1st WHO Global Ministerial Conference သို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တီဘီရောဂါအလုံးစုံကင်းစင်ပပျောက်ရေး နည်းလမ်း ကောင်းများ၊ အတွေ့အကြုံကောင်းများအား ဖလှယ်ဆွေးနွေးကြခြင်း၊ ဆေးသေချာစွာ ကုသမှုမခံယူပါက ဆေးယဉ်ပါးတီဘီရောဂါပိုးအဖြစ် ပြောင်းလဲသွားပုံတို့အား ဆွေးနွေးကြပါသည်။ ညနေပိုင်းတွင် Sustainable Development Goals ပါ တီဘီရောဂါနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများပြည့်မီရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးကြပါသည်။

     နိုဝင်ဘာလ(၁၇)ရက်နေ့တွင် တီဘီရောဂါကာကွယ်ကုသမှုလုပ်ငန်းများ လူတိုင်းလက်လှမ်းမီရရှိစေရေး၊ လိုအပ်သည့် ရန်ပုံငွေများလုံလောက်စွာနှင့် ရေရှည်ရရှိစေရေးအတွက် နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနည်းလမ်းများ၊ တီဘီရောဂါကာကွယ်ဆေးများ အမြန်ဆုံးဖြန့်ဝေသုံးစွဲနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ ပိုမိုထိရောက်စွာ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးကြပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် SDG Target 3.3 နှင့် other SDG Targets that Impact the TB epidemic နှင့်သက်ဆိုင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ တီဘီလူနာများအား ရှာဖွေကုသမှုပေးရာတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကုသမှုခံယူရန်လိုအပ်သောလူနာများ နှစ်စဉ် (၅၀,၀၀၀) ခန့်ရှိသည်ဟု ခန့်မှန်းထားပါကြောင်း၊ ကွဲပြားသော အကြောင်းရင်းခံများကြောင့် တီဘီလူနာများဆေးကုသမှု လက်လှမ်းမမီခြင်းဖြစ်နိုင်ပါ၍ ထိုအချက်များကိုသိရှိရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကဆေးခန်းများမှ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနများသို့ သတင်းပို့ပြီး မှတ်ပုံတင်ကုသနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တီဘီလူနာများနှင့် ပတ်သက်သောသတင်းပို့ခြင်း ကိစ္စရပ်များတွင် သတင်းအချက်အလက်များ တိကျရန်လိုအပ်ပါကြောင်း၊ လူမှုရေးအထောက်အပံ့များရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Sub-national Strategies များရေးဆွဲလျက်ရှိပါကြောင်း၊ တီဘီရောဂါပပျောက်ရေး သက်ဆိုင်ရာဌာနအသီးသီးနှင့်ချိတ်ဆက်၍ ပူးပေါင်းမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ပါသည်။

     ဆေးယဉ်ပါးတီဘီရောဂါပိုးနှင့် ဆေးယဉ်ပါးပိုးမွှားများပြဿနာနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် ခြိမ်းခြောက်လာမှုများ၊ တီဘီရောဂါဖြစ်ပွားမှုနည်းသည့် နိုင်ငံများတွင် တီဘီရောဂါအမြစ်ပြတ်​ခြေမှုန်းရေးနှင့် တီဘီ/HIV ရောဂါဖြစ်ပွားသော လူနာများအားစနစ်တကျ ကုသပေးရေးဆိုင်ရာကိစ္စများ၊ ကူးစက်တတ်ခြင်းမရှိသည့် နာတာရှည်ရောဂါများတွင် (အထူးသဖြင့် ဆီးချိုရောဂါများတွင်) တီဘီရောဂါ ပိုမိုဖြစ်ပွားမှု ကာကွယ်ကုသရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

     ညနေပိုင်းတွင် TB ရောဂါဆိုင်ရာ မော်စကိုကြေညာစာတမ်းကို အတည်ပြုကြေညာခဲ့‌သည်။

More Tags