2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် (၃-၂-၂၀၂၀)၊ နံနက် (၁၁:၀၀) နာရီ

     (၃-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင်ကျင်းပသည့် 2019 Novel Coronavirus (2019-nCoV)ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် -

 

- ယနေ့ပြုလုပ်သည့် ဝန်ကြီးဌာနများပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးသို့ တက်ရောက် လာကြတဲ့ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များကို ယခုကဲ့သို့ အချိန်ပေးလာ ရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
- (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် ယခု အစည်းအဝေးဆုံးဖြတ်ချက်များကို စုစည်း၍ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ပါကြောင်း၊

 

- ယခု Inter-ministerial Meeting အစည်းအဝေးမကျင်းပမီ (၂၈-၁-၂၀၂၀) ရက်နေ့တွင် Preliminary Meeting ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ ကြိုတင်ညှိနှိုင်းခဲ့သည့် အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့နှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး visa ကိစ္စများ၊ သံသယလူနာပါရှိသည့် လေယာဉ်ဆိုက်ရောက်ချိန်တွင် လေကြောင်းလိုင်းဆိုင်ရာကိစ္စရပ် များကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ယနေ့ (၃-၂-၂၀၂၀) ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါဖြစ်ပွားမှုအခြေအနေမှာ မြင့်တက်လျက်ရှိပြီး သေဆုံးမှု မှာလည်း မကျသေးကြောင်းနှင့် ယခုလက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပ အခြားနိုင်ငံ (၂၃) နိုင်ငံတွင်လည်း ဓါတ်ခွဲအတည်ပြုလူနာများ ရှိနေပါကြောင်း၊

 

-  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်များတွင် Active case surveillance များ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ (၃၁-၁-၂၀၂၀) ရက် နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ China southern airline ဖြင့် လိုက်ပါလာသူ တရုတ်နိုင်ငံသား (၁) ဦးအား သံသယလူနာအနေဖြင့် သတ်မှတ်ခဲ့ပြီး လိုအပ်သည့် စစ်ဆေးကုသမှုခံယူရန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးကုသမှုများပြုလုပ် ထားကြောင်း၊
- ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာပညာသင် (၆၃) ဦးအနက် (၅၉) ဦးကိုလည်း (၂-၂-၂၀၂၀) ရက်နေ့တွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်ခဲ့သောကိစ္စတွင် ဝန်ကြီးဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လိုအပ်သည့် ကူညီပံ့ပိုးမှု အစီအမံများကို ဆောင်ရွက် ပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့တော်ဝန်တို့အား ကျေးဇူးအထူးတင် ရှိပါကြောင်း၊

 

-  လေဆိပ်တွင် Thermal Scanner ဖြင့်စမ်းသပ်စစ်ဆေးသော်လည်း ရောဂါလက္ခဏာ မပြသေးသူအချို့မှာ လွတ်သွားနိုင်သည့်အတွက် ၎င်းခရီးသည်များ တည်းခိုနေထိုင်မည့် နေရပ်ဒေသနှင့် ဟိုတယ်လိပ်စာများသိရှိနိုင်ရေးသည် အရေးကြီးသည့်အတွက် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မိမိတို့ကိုကူညီပံ့ပိုးပေးစေလိုကြောင်း၊

 

- ဆိုက်ရောက်လာသော လေယာဉ်ပေါ်မှခရီးသည်များမဆင်းခင်ကပင် တာဝန်ကျကျန်းမာ ရေးဝန်ထမ်းများက Health Declaration Card များကို စစ်ဆေးခြင်းနှင့် ကျန်းမာရေး အခြေအနေ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်နိုင်ရန်အတွက် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပူးပေါင်း ပါဝင်ပေးစေလိုကြောင်း၊
- ကူးစက်မြန်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် အမိန့်စာထုတ်ပြန်ခွင့်ဥပဒေ နှင့်ပတ်သက်၍လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏မှတ်ချက်အားရယူပြီး ဗဟိုကော်မတီ သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊

 

-  လူမှုကွန်ယက်စာမျက်နှာများတွင် ကောလဟလသတင်းများ ဖြန့်ဝေနေမှုအား ခြေဖျက် နိုင်ရန်အတွက် ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.mohs.gov.mm) မှ Case by case သတင်းပြန်ကြားခြင်းများကို လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေပါကြောင်း၊
- ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း သတင်းနှင့်ရုပ်မြင်သံကြားအစီအစဉ်တို့တွင် ယခုထက်ပိုမို၍ သတင်းထုတ်ပြန်ပေးနိုင်ပါရန်နှင့် သတင်းစာတွင်ထည့်ပါက (၁) ရက် နောက်ကျမည်ဖြစ်သဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် MOI Website တွင် ထုတ်ပြန်ပေးနိုင်ရန်အတွက် ကူညီစေလိုကြောင်း၊
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်လည်း လေဆိပ်များတွင် ဝန်ထမ်းများအား Mask တပ်ဆင်ခိုင်းခြင်း၊ လက်သန့်စင်ဆေးရည် (Hand Sanitizer) များ ဖြန့်ဝေထားခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ကောင်တာများတွင်လည်း မှန်ကာများ တပ်ဆင်ပေးထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

 

-  တရုတ်ပြည်သူ့သမ္မတနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို Visa on arrival ထုတ်ပေးမှု ယာယီရပ်ဆိုင်းထားပြီးဖြစ်သလို Tour online E-visa ကိစ္စကို ယနေ့ ကျင်းပမည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊
- ဘန်ကောက်နှင့် စင်္ကာပူလေကြောင်းလိုင်းများနှင့်လိုက်ပါလာသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများမှ ဗီဇာယူလာ ရန် လိုအပ်မည်ဖြစ်ကြောင်း၊
- မြန်မာ-တရုတ် နယ်စပ်ဝင်/ ထွက်ဂိတ်များဖြစ်သည့် ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မူဆယ် ဂိတ်များတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်၍ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များကို နေ့စဉ် ဝင်/ ထွက်သွားလာနေသူများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊
- စောင့်ကြည့်လူနာများ၏ ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့်ထိုင်းနိုင်ငံရှိ ရည်ညွှန်းဓါတ်ခွဲခန်းများသို့ ပို့ဆောင်နိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

 

-    (၃၀-၁-၂၀၂၀) ရက်နေ့မှစ၍ တစ်နိုင်ငံလုံးရှိ ဟိုတယ်များသို့ သံသယလူနာရှိပါက အမြန်ဆုံးသတင်းပေးပို့ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဟိုတယ်များကို ညွှန်ကြားထားပြီးဖြစ်သလို၊ အသိပညာပေးဗီနိုင်းများကိုလည်း ဖြန့်ဝေ ထားသည်ကို သိရှိရပါကြောင်း၊
-     ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ထူးခြားဖြစ်စဉ်သတင်းများကို ရရှိပါက ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့စေလိုကြောင်း၊
-    ဗဟိုကော်မတီမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပေးခဲ့ကြသော သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊
-    ယခု ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီတွင် မပါရှိသေးသော ဝန်ကြီးဌာနများနှင့် လည်း ထပ်မံချိတ်ဆက်၍ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊
- ဗဟိုကော်မတီမှ အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်၍ လုပ်ဆောင်ရမည့် တာဝန်များ အား မိမိတို့ ပေါင်းစပ်ညှိနှိုင်းဆက်သွယ် ရေးကော်မတီတွင် အသေးစိတ်ဆွေးနွေးပြီး အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊

 

-     ယခု ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီအစည်းအဝေးကို (၁) ပတ်လျှင်တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် ဌာနဆိုင်ရာအသီးသီးမှ မိမိတို့ဝန်ကြီးဌာနနှင့်စပ်လျဉ်း ၍ လိုအပ်ချက်များ၊ ဆက်လက်လုပ်ဆောင်ရမည့်အရာများနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် အချက်များအား ဗဟိုကော်မတီသို့ တင်ပြနိုင်ရေးအတွက် အသေးစိတ်ဆွေးခဲ့ကြပါသည်။

 

     အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ စုစုပေါင်း (၁၈) ဦးခန့် တက်ရောက်၍ အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags