2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Union Minister Dr. Myint Htwe attends the coordination meeting on prevention and control of 2019 Novel Coronavirus (2019-nCoV) pneumonia

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ ပါသည်။


 

     အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့် က ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (surveillance) နှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ -

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံများ၌ ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် အဆိုပါ ဖြစ်ပွားမှုများအပေါ် သုံးသပ်ချက်များ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဆိုပါ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့သည့် အချက်များ၊

• (၅-၁-၂၀၂၀) ရက်နေ့မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်နေမှု၊

• (၆-၁-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်ထားရှိမှု၊

• အပြည်ပြည်ဆိုင်ရာ လေဆိပ်များအပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များတွင်လည်း လိုအပ်သည့် Thermal Scanner များ ဖြည့်တင်းထားရှိမှု၊

• (၈-၁-၂၀၂၀) ရက်နေ့တွင်2019 Novel Coronavirus (2019 nCoV) အဆုတ်ရောင် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့မှု၊

• Pneumonia Surveillance အတွက် သံသယလူနာတွေ့ရှိပါက တုံ့ပြန်ဆောင်ရွက်ရမည့် စံလုပ်ထုံလုပ်နည်း (Standard Operating Procedures (SOP)) များကို ရေးဆွဲဖြန့်ဝေထားရှိမှုများ၊

• သံသယလူနာတွေ့ရှိပါက လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆေးရုံသို့ စနစ်တကျလွှဲပြောင်းကာ သီးခြားလူနာခန်းတွင် ရောဂါစစ်ဆေးအတည်ပြုခြင်းနှင့် ကုသမှုခံယူခြင်းတို့ ဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ်ထားရှိမှုများ၊

• ပြည်သူများထံ ရောဂါနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများနှင့် ရောဂါကူးစက်ဖြစ်ပွားမှုမှကာကွယ်နိုင်ရန် အချက်များကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှင့် လူမှုကွန်ရက်စာမျက်နှာများမှ တဆင့်ဖြန့်ဝေထားရှိမှု၊

• ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများအား အားဖြည့်ဆောင်ရွက်လျက်ရှိရာ (၂၄-၁-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် သံသယလူနာ မတွေ့ရှိရမှုနှင့်

• ထပ်မံ၍ တရုတ်နိုင်ငံမှ လာရောက်မည့် လေယာဉ်များတွင် ခရီးသည်များအတွက် Health Alert Card များ ဖြန့်ဝေရန်စီစဉ်ထားရှိမှုကိုလည်းကောင်း၊


 

     ဆက်လက်၍ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်မာစိုးက ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ -

• ရောဂါကုထုံးလမ်းညွှန် (Clinical Management Guideline) များ ရေးဆွဲဖြန့်ဝေထားရှိမှု၊

• သံသယလူနာများနှင့် ရောဂါအတည်ပြုလူနာများအတွက် သီးခြားလူနာခန်းများကို ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် (ခုတင်-၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတို့တွင် ပြင်ဆင်ထားရှိမှု

• ယခင်ကူးစက်ရောဂါပြန့်ပွားကူးစက်မှုဖြစ်စဉ်များမှ အတွေ့အကြုံများကို အခြေခံ၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ထားရှိမှုနှင့်

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ကြိုတင်ဖြည့်ဆည်းထားရှိမှု များကိုလည်းကောင်း၊


 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉမ္မာဆွေတင်က -

• ဓာတ်ခွဲစစ်ဆေးခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဓာတ်ခွဲခန်း(Lab Facilities) များကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊

• လုပ်ငန်းလမ်းညွှန်များရေးဆွဲဖြန့်ဝေထားရှိမှုနှင့်

• သံသယလူနာများတွေ့ရှိပါက ရောဂါဓာတ်ခွဲစစ်ဆေးအတည်ပြုနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာတို့ကို ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက-

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓာတ်ခွဲအတည်ပြုနိုင်ခြင်း မရှိသေးသော Viral Pneumonia ရောဂါတစ်မျိုး ဖြစ်ပွားနေမှုသတင်းများရရှိပြီး ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်းအဖြစ် ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်း ရောဂါများဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်ချက်ကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် ထုတ်ပြန်ထားရှိမှု၊

• ခရီးသွားများအတွက်ကျန်းမာရေးအကြံပြုချက် (Health Advisory for Traveler) ကို အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ Arrival Hall များ၏ LED Board များတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပြသထားရှိမှုနှင့်

• ပြည်သူများထံ ရောဂါကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေသွားနိုင်ရန် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊


 

ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာနမှ ပါမောက်ဒေါက်တာစံပယ်ဖြူက -

• ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ယခင်ကူးစက်ရောဂါပြန့်ပွားကူးစက်မှုဖြစ်စဉ်များမှ အတွေ့အကြုံများကို အခြေခံ၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ထားရှိမှု၊

• သံသယလူနာများ လွှဲပြောင်းပို့ဆောင်လာပါက စနစ်တကျလက်ခံနိုင်ရန် ပြင်ဆင်ထားရှိမှုနှင့်

• လူနာများသီးခြားထားရှိကုသမှုပေးနိုင်ရန် သီးခြားခန်းများ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ ကုသမှုပေးသူများအတွက် ရောဂါကူးစက်မှုမရှိရန် (personal protective equipment) များ ပြင်ဆင်ထားရှိများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။


 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဤကဲ့သို့ ရောဂါကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိမှုများသည် ကောင်းမွန်ပါကြောင်း၊

• အပြည်ပြည်ဆိုင်ရာဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူး ကြပ်မတ်အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားသည် နိုင်ငံများမှလာရောက်သည့် ခရီးသည်များအား နယ်စပ်ဝင်ပေါက်များနှင့် လေဆိပ်များတွင် ရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုစဉ်က ရောဂါလက္ခဏာများ ပြသခြင်းမရှိသော်လည်း ၎င်းတို့၏ နေထိုင်သွားလာမည့်အချက်အလက်များကို စနစ်တကျ မှတ်တမ်းရယူထားရှိကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း၊

• သံသယလူနာများကို သီးခြားလူနာခန်းတွင်ထားရှိ၍ ရောဂါအတည်ပြုခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်းနှင့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်းကြပ်စွာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကို ဝန်ကြီးဌာနရှိ ဆေးရုံများထံဖြန့်ဝေခြင်းသာမက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများထံသို့ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပုဂ္ဂလိကဆရာဝန်များအဖွဲ့မှတဆင့် ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ရောဂါကာကွယ်နှိမ်နင်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို လမ်းညွှန်ပြောကြားခဲ့ပါသည်။


 

     ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ စီမံခန့်ခွဲရေးနှင့် ဓာတ်ခွဲ ပညာရှင်များက အကြံပြုဆွေးနွေးမှုများနှင့် အကြံပြုချက်များပေးအပ်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒုတိယဌာနေကိုယ်စားလှယ်နှင့်တာဝန်ရှိသူများ၊ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို နေ့လယ် (၁း၀၀) နာရီမှ (၄း၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၃-၁-၂၀၂၀) ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ (၂၃-၁-၂၀၂၀) ရက် နေ့အထိ ကမ္ဘာတစ်ဝှမ်းရောဂါဖြစ်ပွားသူဦးရေ (၅၈၁) ဦး ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၅၇၄) ဦး၊ ထိုင်းနိုင်ငံတွင် (၄) ဦး၊ ဂျပန်နိုင်ငံတွင် (၁) ဦး၊ တောင်ကိုရီးယားနိုင်ငံတွင် (၁) ဦးနှင့် အမေရိကန်ပြည်ထောင်စုတွင် (၁) ဦးတို့ တွေ့ရှိရပြီး အဆိုပါရောဂါဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် (၂၃-၁-၂၀၂၀) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြု သေဆုံးလူနာ (၁၇) ဦးရှိကြောင်း သိရှိရပြီး သေဆုံးသူအများစုမှာ အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည်ရောဂါအခံရှိသူများဖြစ်ပါသည်။

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဌာန်းချက် (၂၀၀၅) နှင့် အညီ (၂၂-၁-၂၀၂၀) ရက်နေ့နှင့် (၂၃-၁-၂၀၂၀) ရက်နေ့တို့တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ယခုဖြစ်ပွားနေသော 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကူးစက်ခံရမှုဖြစ်စဉ်သည် လက်ရှိအချိန်တွင် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ (Public Health Emergency of International Concern – PHEIC) ဟု ကြေညာရန် မသတ်မှတ်သေးသော်လည်း လိုအပ်သော စုံစမ်းစစ်ဆေးမှုတွေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်မျာအား ဆက်လက်ဆောင်ရွက်သွားပြီး အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဌာန်းချက်နှင့် အညီ ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

More Tags