2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီပူးတွဲ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ဆွေးနွေးချက်များ

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်

• 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည် ဗိုင်းရပ်(စ်)ပိုးအသစ် (Novel Coronavirus) ကြောင့်ဖြစ်ပွားသည်ဖြစ်၍ ရောဂါဖြစ်ပေါ် ပြောင်းလဲမှု သဘောသဘာဝ (natural history of disease) ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊
• ကွန်ပျူတာဖြင့် မျှော်မှန်းတွက်ချက်ခြင်း (modelling and simulation) လုပ်ဆောင်ရာ၌ ဤရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားသူများထံကူးစက်ပျံ့နှံ့နိုင်မှု အခြေခံနှုန်း (basic reproduction number (R0)) တန်ဖိုးသည် မြင့်မားသည်ကို တွေ့ရှိရပါကြောင်း၊
• တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ဤရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုသည် နေ့စဉ်ဆက်လက်မြင့်မား နေပြီး အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း၊
• သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဝန်ကြီးဌာနများအကြား စနစ်တကျ ချိန်သားကိုက်ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်မှု (systematic and synchronized coordination and collaboration) များ ကောင်းမွန်စွာဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနများအကြား ဆက်သွယ်မှုလမ်းကြောင်း (line of communication) ကို တိကျရှင်းလင်းပြတ်သားစွာ ချမှတ်ဆောင်ရွက်ရန်သည်လည်း အထူးအရေးကြီးပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ရေဆိပ် များ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ကိုယ်ခန္ဓာအပူချိန်တိုင်းကိရိယာ (Thermal scanner and infrared thermometer) များ အသုံးပြု၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက် လျက်ရှိပါကြောင်း၊
• ဤရောဂါ၏ ရောဂါပျိုးချိန် (incubation period) သည် (၂) ရက်မှ (၁၄) ရက်အတွင်း ရှိသည်ဖြစ်၍ ရောဂါပိုးကူးစက်ခံရသူများအနေဖြင့် ရောဂါပျိုးချိန်အတွင်း ပြည်တွင်းသို့ ဝင်ရောက်လာပါက ၎င်းတို့၌ သံသယရောဂါလက္ခဏာများကို တွေ့ရှိရမည်မဟုတ် ပါကြောင်း၊

 

• သို့ဖြစ်ပါ၍ ဟိုတယ်များနှင့် တည်းခိုခန်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလမ်းညွှန်များ၊ အငှားကား၊ ဘတ်(စ်)ကားနှင့် အဝေးပြေးယာဉ်မောင်းနှင်သူများနှင့် ယာဉ်နောက်လိုက်များ အနေဖြင့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယရောဂါလက္ခဏာများ တွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက နီးစပ်ကျန်းမာရေးဌာနသို့ ချက်ချင်း တယ်လီဖုန်းဖြင့် အကြောင်းကြားပေးရန်မှာ အရေးကြီးပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဤရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာများ၊ အသိပေးနှိုးဆော်မှုများကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိပါကြောင်း၊
• အထူးသဖြင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတစ်လျှောက်ရှိနေသည့် မြို့များမှ ပြည်သူများ အဆိုပါ ကျန်းမာရေးအသိပညာဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နှီးနွှယ်ဝန်ကြီးဌာနများက အထူးကိစ္စရပ်အနေဖြင့် ပူးပေါင်း ပံ့ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း၊
• လူမှုကွန်ရက်စာမျက်နှာများတွင် ကောလဟလသတင်းများဖြန့်ဝေနေမှုများအား ခြေဖျက်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.mohs.gov.mm) မှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ (real time) ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊
• ဝန်ကြီးဌာနအသီးသီးအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာ နက် စာမျက်နှာမှ ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်းအချက် အလက်များကို ပုံမှန်ကြည့်ရှုစေလိုပြီး၊ ကောလဟလသတင်းတုများကို မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများနှင့် တိုက်ဆိုင်စိစစ်စေလိုပါကြောင်း၊

 

     ယခုအခါသည်ရောဂါဖြစ်ပွားသော နိုင်ငံများမှ ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက် လာခြင်း နည်းပါးသွားသည်နှင့်အမျှ မိမိတို့ နိုင်ငံတွင် အဆိုပါရောဂါ ကူးစက်ဖြစ်ပွား နိုင်ခြေမှာလည်း နည်းပါသွားမည်ဖြစ်ပါကြောင်း၊
• အထူးသဖြင့် နယ်စပ် ဝင်၊ ထွက်ပေါက် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပျံ့ ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း လိုအပ်မှသာကျင်းပခြင်းနှင့် တတ်နိုင်သမျှ လျေှာ့ချခြင်း (social distancing) ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုများကို ကာကွယ်လျှော့ချ နိုင်မည်ဖြစ်ပါကြောင်း၊
• မိမိအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဝေဘာဂီအထူးကုဆေးရုံတို့တွင် ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ထားရှိမှုများ ကို ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ရာ ကျေနပ်ဖွယ်ရှိပါကြောင်း၊
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် (၃၀-၁-၂၀၂၀) ရက်နေ့တွင် ဤရောဂါကူးစက်ပျံ့နှံ့ ဖြစ်ပွားမှုအား “အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern)” အဖြစ် ကြေညာ ခဲ့ပါကြောင်း၊
• ထိုသို့ကြေညာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင ့်ဆောင်ရွက်ခြင်း(active surveillance)၊ သံသယလူနာများအားစောစီးစွာထောက်လှမ်းခြင်း (early detection)၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင်ထားရှိကုသမှုပေးခြင်း (isolation and case management)၊ သံသယလူနာ/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (contact tracing)၊ ရောဂါထပ်မံပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်း(prevention of onward spread of 2019-nCoVinfection)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်း (to share full data with WHO)တို့ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါကြောင်း၊

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါကူးစက် ပျံ့နှံ့ဖြစ်ပွားမှုအား “အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် မကြေညာမီကတည်းက အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ယခုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊
• အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေအရပ်ရပ်ကို ဘက်စုံထည့်သွင်းစဉ်းစား၍ ဖြစ်ပေါ်ပြောင်းလဲ နေသော အခြေအနေများအရ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက် ရန်အတွက် ဗဟိုအဆင့်အစည်းအဝေးကိုနေ့စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊
• အဆိုပါ အစည်းအဝေးများမှ အရေးကြီးသည့် ဆွေးနွေးမှုများကို နှီးနွှယ်ဝန်ကြီး ဌာနများမှ ကြည့်ရှုကြခြင်းဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်း ဦးတည်ချက်၊ လုပ်ငန်းဆောင်ရွက်မှုများကို သိရှိကာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 
 

More Tags