2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃) ရက်

     2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအား ဗဟိုကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်နှင့် ပူးတွဲဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က ဦးဆောင်၍ ၃-၂-၂၀၂၀ ရက်၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ပြည်နယ် (၃) ခုနှင့် တိုင်းဒေသကြီး (၃)ခုတို့၏ အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

 

     အစည်းအဝေးတွင် ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမှာစကားပြောကြားခဲ့ရာ ယနေ့ အစည်းအဝေးတွင် ဗဟိုကော်မတီအတွက် ချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့် အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ပြီးစီးမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အခြေခံ၍ ရေရှည် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားကြရန် ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေး မတိုင်မီ ကနဦး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၃၁-၁-၂၀၂၀ ရက်တွင် မိမိမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များအရ ဗဟိုကော်မတီအနေဖြင့် ပြီးခဲ့သည့် (၂) ရက်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ပြောကြားသွားလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့မှု အရသော်လည်းကောင်း၊ လတ်တလော အခြေအနေများအရ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာပြီး မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ၁-၂-၂၀၂၀ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာပညာသင် ၆၃ ဦးအနက် ၅၉ ဦးကိုလည်း ၂-၂-၂၀၂၀ ရက်တွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါကြောင်း၊ အဆိုပါခရီးစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖက်ဖက်မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးတို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လိုအပ်သည့် ကူညီပံ့ပိုးမှု အစီအမံများအား ဆောင်ရွက်ပေးလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့တော်ဝန်တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ခရီးစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ကျောင်းသားမိဘများနှင့် ပြည်သူပြည်သားများ၏ စိုးရိမ်သောကများကို လျော့နည်းစေသည်သာမက ပြည်ပရောက် မိမိနိုင်ငံသားများ၏ အကျိုးကို အလေးအနက်ထား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည် ဆိုသည့် ပုံရိပ်ကောင်းကို နိုင်ငံတကာ မျက်နှာစာတွင် မှတ်ကျောက်တင်လိုက်ခြင်းပင် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားခဲ့ရာတွင် 2019-nCoV အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည် ဗိုင်းရပ်(စ်)ပိုးအသစ်ကြောင့် ဖြစ်ပွားသည်ဖြစ်၍ ရောဂါဖြစ်ပေါ် ပြောင်းလဲမှု သဘောသဘာဝ ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဤရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုသည် နေ့စဉ် ဆက်လက်မြင့်မားနေပြီး အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဝန်ကြီးဌာနများအကြား စနစ်တကျ ချိန်သားကိုက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု (systematic and synchronized coordination and collaboration) များ ကောင်းမွန်စွာဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအကြား ဆက်သွယ်မှုလမ်းကြောင်းကို တိကျရှင်းလင်းပြတ်သားစွာ ချမှတ်ဆောင်ရွက်ရန်လည်း အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ရေဆိပ်များ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ကိုယ်ခန္ဓာအပူချိန်တိုင်း ကိရိယာများ အသုံးပြု၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်များနှင့် တည်းခိုခန်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလမ်းညွှန်များ၊ အငှားကား၊ ဘတ်(စ်)ကားနှင့် အဝေးပြေးယာဉ် မောင်းနှင်သူများနှင့် ယာဉ်နောက်လိုက်များအနေဖြင့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယ ရောဂါလက္ခဏာများ တွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း တယ်လီဖုန်းဖြင့် အကြောင်းကြားပေးရန်မှာ အရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဤရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာများ၊ အသိပေးနှိုးဆော်မှုများကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ် ဝင်/ထွက်ပေါက်များ တစ်လျှောက်ရှိနေသည့် မြို့များမှ ပြည်သူများ အဆိုပါ ကျန်းမာရေး အသိပညာဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်စပ် ဝန်ကြီးဌာနများက အထူးကိစ္စရပ်အနေဖြင့် ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများတွင် ကောလာဟလသတင်းများ ဖြန့်ဝေနေမှုများအား ခြေဖျက်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) မှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှ ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်းအချက်အလက်များကို ပုံမှန်ကြည့်ရှုစေလိုပြီး၊ ကောလာဟလ သတင်းတုများကို မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်သောသတင်းများနှင့် တိုက်ဆိုင်စိစစ်စေလိုပါကြောင်း၊ အထူးသဖြင့် နယ်စပ် ဝင်/ ထွက်ပေါက် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဝေဘာဂီအထူးကုဆေးရုံတို့တွင် ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို သွားရောက်ကြည့်ရှုခဲ့ရာ ကျေနပ်ဖွယ်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ သံသယလူနာများအား စောစီးစွာ ထောက်လှမ်းခြင်း၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသမှုပေးခြင်း၊ သံသယလူနာ/ လူနာနှင့် အနီးကပ် ထိတွေ့ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါ ထပ်မံပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန် ဝေမျှခြင်းတို့ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါကူးစက် ပျံ့နှံ့ဖြစ်ပွားမှုအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မကြေညာမီကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ယခုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လစ်ဟင်းမှု မရှိဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်အတွက် ဗဟိုအဆင့် အစည်းအဝေးကို နေ့စဉ်ကျင်းပ ဆောင်ရွက်လျက် ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

 

     ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ရာတွင် ရောဂါ ဖြစ်ပွားမှုသတင်းများကို ပြည်သူလူထုမှ သတင်းပေးပို့နိုင်ရန်အတွက် Hotline ထားရှိ သတင်းရယူမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဟိုတယ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူ ဝန်ထမ်းများအား ကျန်းမာရေး ပညာပေးနိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာသော မြန်မာပညာတော်သင်များ၊ အနီးကပ်ထိတွေ့ခဲ့သူ ကျန်းမာရေးဝန်ထမ်းများ၊ လေယာဉ်မှူးအဖွဲ့များနှင့် လေယာဉ်အမှုထမ်းများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လိုအပ်သော ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ဆေးနှင့် ဆေးပစ္စည်းများ စုစည်း ထားရှိမှု၊ စောင့်ကြည့်လူနာများအား ဆေးကုသခြင်းနှင့် ၎င်းတို့ထံတွင် ရောဂါဖြစ်ပွားလာပါက ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါပိုး ထိန်းချုပ်မှု၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု၊ သံသယလူနာ တွေ့ရှိပါက သီးခြားထားရှိ ကုသမှုပေးနိုင်ရန် ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် နေပြည်တော် ခုတင် ၁၀၀၀ အထွေထွေရောဂါကု ဆေးရုံကြီးတို့အား ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေး အသိပညာပေးခြင်းများအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ဆောင်ရွက်ထားရှိမှု အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက 2019 Novel Corona Virus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနအချင်းချင်းသော်လည်း ကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်များတွင် သက်ဆိုင်ရာဌာနများ အချင်းချင်း သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များ တည်းခိုသည့် ဟိုတယ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာ တွေ့ရှိပါက သတင်းပေးပို့ခြင်း၊ ညွှန်းပို့ကုသမှုပေးခြင်းနှင့် ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုများသို့ ရောဂါ ကူးစက်မှု မရှိစေရေးကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူလူထုနှင့် ခရီးသွားဧည့်သည်များအား အသိပညာပေးရေး၊ သတင်းထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မီဒီယာများမှ တိကျမှန်ကန်သောသတင်းများအား အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေနိုင်ရေး ဆောင်ရွက်နေမှုများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ဆောင်ရွက်နေမှု အခြေအနေများ၊ ရောဂါကာကွယ်ကုသရန် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်း (Personal Protective Equipment and masks များ အပါအဝင်) ဓါတ်ခွဲခန်းသုံးပစ္စည်းများကို တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ စသည်တို့အပေါ် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

     ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးကျော်တင်က နိဂုံးချုပ်မိန့်ခွန်း ပြောကြားရာတွင် 2019 Novel Coronavirus ပြင်းထန်အဆုတ်ရောင်ရောဂါ ဆက်လက် မပြန့်ပွားစေရေးနှင့် ရောဂါထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ အစိုးရ၏ ဆောင်ရွက်မှုအစီအမံများအား အသိအမှတ်ပြုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ရောဂါပြန့်ပွားမှုကို ပြန်လည်တုံ့ပြန်ရာတွင် အားနည်းမှုရှိပြီး ထိခိုက်နိုင်ခြေများသည့် နိုင်ငံများအတွက် စိုးရိမ်ပူပန်သောကြောင့် ကမာ္ဘလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်မှုတွင် ခရီးသွားလာမှု၊ ကုန်သွယ်မှုများကို မလိုအပ်ဘဲ ကန့်သတ်ခြင်း မပြုရန်နှင့် အဓိကအားဖြင့် ရောဂါ ထိန်းချုပ်ရေးကို ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ မိမိတို့အနေဖြင့်လည်း ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးနှင့် International Civil Aviation Organization (ICAO) တို့၏ စည်းမျဉ်းစည်းကမ်းများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန် အစရှိသည်တို့ကို ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်၍ ဟန်ချက်ညီမျှသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

More Tags