2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ (10-2-2020) (3:00 pm)

နေပြည်တော်၊ (၂၀၂၀)ပြည့်နှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်

2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို (၁၀-၂-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၃:၀၀) နာရီအချိန်တွင် အစည်းအဝေးခန်းမ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း အဖွင့်အမှာစကား ပြောကြားရာတွင်-

- ယနေ့ ကျင်းပသည့် အစည်းအဝေးသည် (၃-၂-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနများအနေဖြင့် လုပ်ဆောင်ရမည့် အချက်အလက်များအား မည်မျှလုပ်ဆောင်ပြီးသည်နှင့် ရှေ့လုပ်ငန်းစဉ်များအား ညှိနှိုင်းမည့် အစည်းအဝေးဖြစ်ပါကြောင်း၊

- လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌ 2019-nCoV ရောဂါ အတည်ပြုလူနာ မတွေ့ရှိ သေးကြောင်းနှင့် ဆေးရုံများရှိ စောင့်ကြည့်လူနာ (PUI) များအနက် ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်လည်ပေးပို့လာမည့် ဓာတ်ခွဲအဖြေကို စောင့်နေသည့် လူနာများရှိနေသေးကြောင်း၊ အဆိုပါ လူနာများ၏ ခရီးသွားရာဇဝင်အရ ၎င်းတို့ထဲတွင် နယ်စပ်ဝင်ထွက်ပေါက်များမှ ဝင်ရောက် လာသူများ ပိုများကြောင်း၊

- ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသည့် ဆေးရုံကြီး များရှိ စောင့်ကြည့်လူနာများ၏ ကျန်းမာရေးအခြေအနေများ တိုးတက်ကောင်းမွန်ကြောင်း၊

- စောင့်ကြည့်လူနာများအား နယ်မှ မြို့ပေါ်ဆေးရုံသို့ ခေါ်ဆောင်ကုသမှုပေးရာတွင် ပြည်သူ လူထုအနေဖြင့် နားလည်မှုလွဲမှားခြင်းများ၊ ထိတ်လန့်မှုများရှိနေသဖြင့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊


- ယခုရောဂါဖြစ်ပွားမှု အခြေအနေမှာ လူစုလူဝေးအခြေအနေတွင် ပိုမိုဆိုးရွားလာနိုင်သဖြင့် လူစုလူဝေး၊ ပွဲလမ်းသဘင်များကျင်းပခြင်းအား တတ်နိုင်သမျှ ရှောင်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊

- မဖြစ်မနေကျင်းပရန် လိုအပ်ပါကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြစေလိုပါကြောင်း၊

- ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် 2019-nCoV ရောဂါနှင့်ပတ်သက်သည့် ပြည်သူများသိရှိရန် သတင်းအချက်အလက်များကို တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်ပြန်ပေးသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ယခုကာလအတွင်းတွင် ဆက်လက်၍ အကြိမ်ရေ တိုးမြှင့်ထုတ်ပြန်ပေးစေလိုပါကြောင်း၊

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် တင်ထားပြီးဖြစ်သည့် ရောဂါကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် အချက်အလက်များပါဝင်သည့် လက်ကမ်း စာစောင်၊ ပို့စတာများအား ရယူ၍ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်လုပ်ငန်းများသို့ ပြန်လည်ဖြန့်ဝေပေးရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြစေလိုပါကြောင်း၊

- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေယာဉ်စီး ခရီးသည်များမှ မြန်မာနိုင်ငံသို့ မဝင်ရောက်မီ Health Declaration Card များ ဖြည့်စွက်နိုင်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် လေကြောင်းလိုင်းများသို့ ညွှန်ကြားပေးစေလိုကြောင်း၊


- အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရာမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး အခြေအနေ ထူးခြားမှုများ ရှိလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

- အချို့တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် ဟိုတယ်များတွင် တည်းခိုနေထိုင်ခြင်းမပြုဘဲ ရပ်ရွာထဲရှိ ငှားရမ်းထားသော နေအိမ်များတွင် နေထိုင်မှုများလည်း ရှိနေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အဆိုပါ ဒေသများတွင် ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မှ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊

- လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်ထွက်ပေါက်များရှိ ခရီးသွားလာခြင်းဆိုင်ရာမှတ်တမ်းများအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများအပါအဝင် အခြားနိုင်ငံခြားသားများ ဝင်ရောက်မှုများ သိသိသာသာ လျော့နည်းသွားခြင်းများရှိပါကြောင်း၊

- သံသယလူနာနှင့် စောင့်ကြည့်လူနာများထံမှ ဓာတ်ခွဲနမူနာများရယူ၍ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပို့ဆောင်ရာတွင် လေကြောင်းလိုင်းများမှ ပူးပေါင်းပါဝင် လုပ်ဆောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် သက်ဆိုင်ရာဌာနကိုယ်စားလှယ်များမှ မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများအား ပြန်လည်တင်ပြခဲ့ကြရာ -

- ပြန်ကြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးအသိပညာပေး အစီအစဉ်အနေဖြင့် ပြည်တွင်း မီဒီယာများတွင် သတင်းနှင့် ဓာတ်ပုံထည့်သွင်းမှု (၂၆၀) ကြိမ်၊ နိုင်ငံတကာ မီဒီယာများတွင် သတင်းနှင့် ဓာတ်ပုံထည့်သွင်းမှု (၁၀၉) ကြိမ်၊ ဆောင်ပါး၊ ခေါင်းကြီးနှင့် ထုတ်ပြန်ချက် (၂၉) ကြိမ်၊ Interview (၄) ကြိမ်၊ (၂၅-၁-၂၀၂၀) ရက်နေ့မှ (၇-၂-၂၀၂၀) ရက်နေ့အထိ ကျန်းမာရေး ပညာပေး TV spot (၁၇၈) ကြိမ် ထုတ်ပြန်ပြီးကြောင်း တင်ပြခဲ့ပြီး ရုပ်ရှင်ရုံများ တွင် လက်ဆေးခြင်းနှင့် ပတ်သက်သည့် Video clip အား ထည့်သွင်းနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊

- အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူစုလူဝေးပွဲလမ်းသဘင်များအတွက် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်စာတွင် ဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဟု ဖော်ပြပြီး ဖြစ်သော်လည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့လည်း ညွှန်ကြားချက် ထုတ်ပြန်ပေးမည်ဆိုပါက ပိုမို အဆင်ပြေနိုင်မည် ဖြစ်ကြောင်းဖြင့် ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။


အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား ညနေ (၅:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

More Tags