2019 Novel Coronavirus ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (2-2-2020, 6:00 p.m)

(၂-၂-၂၀၂၀ ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်)

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် (2019 nCoV) ရောဂါပိုးကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပက်သတ်၍ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ဝန်ကြီးဌာနအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ-

(က) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၃၁.၁.၂၀၂၀)ရက်နေ့တွင် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား၊ အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦးသည် (၁.၂.၂၀၂၀)ရက်နေ့တွင် ကိုယ်ပူချိန်မြင့်တက်ခဲ့သဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပြသခဲ့ပါသည်။

အဆိုပါကလေးငယ်ကို အသေးစိတ်စစ်ဆေးခဲ့ရာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော 2019 Novel Coronavirus ရောဂါ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရပါသည်။

သို့သော်လည်း ပိုမိုသေချာမှုရှိစေရေးအတွက် စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ထားရှိပြီး သီးခြားခန်းတွင်ထားရှိကာ ကုသပေးလျက်ရှိပါသည်။

အဆိုပါ ကလေးငယ်သည် ယနေ့၊ ညနေ စစ်ဆေးချက်များအရ သက်သာကောင်းမွန်လျက်ရှိပါသည်။

(ခ) ကိုရီးယားသမ္မတနိုင်ငံသား အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှတစ်ဆင့် (၁၆.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး (၂-၂-၂၀၂၀) ရက်နေ့တွင် ချောင်းဆိုးရာ၌သွေးစအနည်းပါခြင်းဖြစ်ပွားသဖြင့် ညောင်ရွှေပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တောင်ကြီးစပ်စံထွန်းဆေးရုံသို့ စနစ်တကျ လွှဲပြောင်းကာ သီးခြားခန်းတွင်ကုသမှုပေးခဲ့ပါသည်။

အဆိုပါလူနာအား အသေးစိတ်စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁၄) ရက်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးသွားရာဇဝင်မရှိခဲ့ခြင်း၊ ပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ဖြစ်ပွားသူ လူနာများအား ကုသကိုင်တွယ်သူ ကျန်းမာရေးဝန်ထမ်းများ (သို့မဟုတ်) ဓာတ်ခွဲအတည်ပြုလူနာနှင့် နီးကပ်စွာထိတွေ့ခဲ့မှုမရှိခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော 2019 Novel Coronavirus ရောဂါ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရပါသည်။

သို့သော်လည်း ပိုမိုသေချာမှုရှိစေရေးအတွက် စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ထားရှိပြီး သီးခြားခန်းတွင်ထားရှိကာ ကုသပေးလျက်ရှိပါသည်။

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါသံသယလူနာများ တွေ့ရှိပါက ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 
 

More Tags