2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Union Minister Dr. Myint Htwe attends the central level daily coordination meeting (4/2020) on preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

နေပြည်တော်၊ (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၈) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဌာနချုပ်တွင် (၃၀-၁-၂၀၂၀) ၌ ကျင်းပခဲ့သော အဖွဲ့ဝင် (၁၅) ဦးပါဝင်သော Emergency Committee ၏ အစည်းအဝေးမှ အကြံပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က သဘောတူပြီး 2019 nCoV ကူးစက်ရောဂါဖြစ်ပွားမှုအား “အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern)” အဖြစ် ကြေညာလိုက်ပြီ ဖြစ်ကြောင်း၊

 
-ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဖွဲ့ဝင်နိုင်ငံများအား ရောဂါရှိသူထံမှ အခြားသူများထံကူးစက်ပျံ့ပွားမှုမရှိစေရေး လုပ်ငန်းများအလေးထားရန် အကြံပြုထားပါကြောင်း၊
-အကြံပြုချက်များသည် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် လတ်တလောဆောင်ရွက်လျက်ရှိသော အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
-ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် နေ့စဉ်ဆက်လက်မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို အထူးဂရုပြု၍ အားထုတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
-ယခုအခါသည် ရောဂါဖြစ်ပွားသော နိုင်ငံများမှ ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်လာခြင်း နည်းပါးသွားသည်နှင့် အမျှ မိမိတို့ နိုင်ငံတွင် အဆိုပါရောဂါကူးစက်ဖြစ်ပွားနိုင်ခြေမှာလည်း နည်းပါသွားမည်ဖြစ်ပါကြောင်း၊


- မိမိတို့အနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ကို ပိုမိုအလေးထား ဆောင်ရွက်ခြင်း (active surveillance)နှင့် ဖြစ်ပွားသူတွေ့ရှိရပါက ၎င်းရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေခြင်း (contact tracing) ကို ပိုမိုအားထည့်၍ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊
- ဤကိစ္စကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရန် နှင့် အစီရင်ခံခြင်း၊ သတင်းပို့ခြင်း များကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဤရောဂါကူးစက်ဝင်ရောက်လာပါက စောစီးစွာ သိရှိနိုင်ရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်း များကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆေးရုံ/ဆေးခန်းများတွင် ဆောင်ရွက်ထားရှိ ရုံသာမက နှီးနွှယ်ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊


- ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေးခြင်းကိုလည်း အထူးကိစ္စရပ်အနေဖြင့် ဘက်ပေါင်းစုံမှ မဟာဗျူဟာများဖြင်လုပ်ဆောင်လျက်ရှိပါကြောင်း၊
- မြန်မာနိုင်ငံဆရာဝန် အသင်းမှ တစ်ဆင့် အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့အား ဆက်သွယ်၍ သံသယလူနာစောင့်ကြပ်ကြည့်ရှုဖော်ထုတ်ခြင်း၊ သတင်းပို့ခြင်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
-ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာနိုင်ငံရုံးခွဲ) ကို ဆက်သွယ်၍ ဆက်လက်လိုအပ်နိုင်မည့် နှာခေါင်းစည်း (surgical mask)၊ N95 နှာခေါင်းစည်း၊ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (personal protective equipment)၊ ရောဂါပိုးစစ်ဆေးဖော်ထုတ်ရန် ဓာတ်ခွဲပစ္စည်း (primer၊ probe နှင့် PCR kit) များ အမြန်ဆုံးရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားပါသည်။


ထို့နောက် အမြဲတမ်းအတွင်းဝန်က -
- နယ်စပ်ဖြတ်ကျော်သွားလာမှုများအား တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မည် အစီအစဉ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာကျောင်းသူ/ကျောင်းသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး အတွက် အထူးလေယာဉ် စေလွှတ် ခေါ်ယူသွားရန်အတွက် လေယာဉ်အမှုထမ်း(Crew) အဖွဲ့၊ ကျန်းမာရေးအဖွဲ့ (Medical Team) နှင့် သယ်ယူပို့ဆောင်ရေး စသည်တို့အတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ၊ ကျောင်းသူကျောင်းသားများ ရောက်ရှိလာပါက လိုအပ်သည်များ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် က
- တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများ နှင့် Video conferencing နှင့် Teleconferencing ပြုလုပ်၍ သတင်းပေးပို့ ဖလှယ်ခြင်း၊ လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ခြင်းများ ကို လည်းကောင်း၊


ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-Health ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက -
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ ထုတ်ပြန်ချက်နှင့် သတင်းအချက်အလက်များ၊
- ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊
- လိုအပ်သော ဆေး နှင့် ဆေးပစ္စည်းများ ရရှိမှု၊ ခွဲဝေ ဖြန့်ဖြူးထားမှု အခြေအနေများ စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို ဝေမျှခြင်း နှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုဖြစ်ပွားနေသည့် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအားလုံး စနစ်တကျ ချိန်ကိုက် ပူးပေါင်းဆောင်ရွက်ညှိနှိုင်း (systematic and synchronized coordination) နှင့် ဆောင်ရွက်ပြီးစီးမှုကို သုံးသပ်ခြင်းနှင့် ပြန်လည်ဆန်းစစ်ခြင်း (proactive follow up) ကိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags