2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) တွင် ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများကို မှာကြားချက်များ

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့


 

(၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) ၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) တွင် ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများကို မှာကြားချက်များ

• ရောဂါ ကာကွယ်ကုသရေးအတွက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဓာတ်ခွဲအပါအဝင် ကဏ္ဍပေါင်းစုံ ချိန်သားကိုက်ချိတ်ဆက်ဆောင်ရွက်မှု (synchronized coordination and collaboration) များရရှိရေးဆောင်ရွက်ရန်၊

• လုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ ထိရောက်ပီပြင်စေရန် ဝန်ကြီးဌာနအတွင်းသာမက နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပါ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းစွာဖြင့်ဆောင်ရွက်ရန်၊

• ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ်အဆင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ ဆေးရုံများ၊ ကျန်းမာရေးဌာနများ အကြား ဆယ်သွယ်ရေးလမ်းကြောင်း တစ်ခု ချက်ချင်းဖော်ဆောင်၍ သတင်းအချက်အလက်များ အပြန်အလှန်ပေးပို့ခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ဆောင်ရွက်ရန်၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ယခုအစည်းအဝေးမှ ဆွေးနွေးမှုများကို တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဆင့်သို့ ဖြန့်ဝေပေးသွားရန်၊

• အစည်းအဝေးမှ ဆွေးနွေးမှုများကို အခြေခံ၍ လုပ်ငန်းလမ်းညွှန်မှုများလည်း ပေးအပ်သွားရန်၊

• ပြည်သူများအနေဖြင့်လည်း သံသယရောဂါလက္ခဏာများနှင့် လူနာများကို တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်ရှိကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားပေးနိုင်ရန် အရေးပေါ် (၂၄) နာရီဆက်သွယ်ရေးလမ်းကြောင်းထားရှိ ဆောင်ရွက်သွားရန်၊

• 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ နောက်ဆုံးရ သတင်းအချက်အလက်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သူများ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စုစည်းကာ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် tab icon တစ်ခုထားရှိ ပေးရန်၊

• အလားတူ ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးအသိပညာများ၊ ရောဂါနှင့်ပတ်သက်၍ မေးမြန်းဖြေကြား (interview) ထားရှိမှုများ စသည်တို့ကို ပြည်သူများ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စုစည်းကာ အဆိုပါ tab တွင် ထားရှိရန်၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်၊ US CDC၊ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင် အင်တာနက်စာမျက်နှာများ စသည့် ခိုင်မာသော သတင်းအရင်းအမြစ်များမှ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အမြဲမပြတ်စောင့်ကြည့်ကာ ထူးခြားမှုများရှိပါက တာဝန်ရှိသူများထံ ချက်ချင်းအကြောင်းကြားရန်၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါပျံ့နှံ့မှု ဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်းအချက်များအားလုံးကို အချိန်မရွေးမှီငြမ်းအသုံးပြုနိုင်ရန်အတွက် သီးသန့် ပင်မမှတ်တမ်းဖိုင် (master file) တစ်ခုထားရှိ စုစည်းထားရန်၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့်လည်း အမြဲဆက်သွယ်၍ သတင်းအချက်အလက်များ ရယူဆောင်ရွက်ရန်၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် လုပ်ငန်းတာဝန်ခွဲဝေဆောင်ရွက်မှု (division of labour) ဖြင့် ဆောင်ရွက်ရန်၊

• တိုင်းဒေသကြီး/ ပြည်နယ်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက ဦးဆောင်မှုဖြင့် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ်အလေးထားကာ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်၊

• တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) ကို အမြဲမပြတ်ကြည့်ရှုခြင်း၊ အချင်းချင်း ကွန်ရက်ချိတ်ဆက်ကာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရေး အကြောင်းကြားရန်၊

• ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများကို အမြဲတမ်းအတွင်းဝန်မှ တာဝန်ယူ ဖွဲ့စည်းထားရှိရန်၊

• ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကဆေးရုံ လုပ်ငန်းများမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများအတွက် ရောဂါဖြစ်ပွားမှု သံသယလက္ခဏာ များသိရှိနိုင်ရန်နှင့် သံသယလူနာများ တွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး ပိုစတာနှင့် စတစ်ကာများ ချက်ချင်းပြုစုရန်နှင့် ဖြန့်ဝေပေးရန်၊

• ရောဂါ ကာကွယ်ကုသရေးအတွက် နောက်ဆုံးအချက်အလက်များဝေမျှမှု အစည်းအဝေးကို ယခု acute phase ကာလအတွင်း နေ့စဉ် နံနက်တိုင်း ဆက်လက်ပြုလုပ်သွားရန်၊

 

 

More Tags