2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (28-1-2020)

Union Minister Dr. Myint Htwe attends the central level daily coordination meeting on preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အတူ ယနေ့၊ နံနက် (၈) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ရောဂါ ကာကွယ်ကုသရေးအတွက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဓာတ်ခွဲအပါအဝင် ကဏ္ဍပေါင်းစုံ ချိန်သားကိုက်ချိတ်ဆက်ဆောင်ရွက်မှုများသည် အရေး ကြီးပါကြောင်း၊

• ရောဂါပျံ့နှံ့ဖြစ်ပွားမှုဖြစ်စဉ်များတွင် ဝန်ကြီးဌာနအတွင်းသာမက နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပါ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုကောင်းမွန်မှသာ လုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ်အဆင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ ဆေးရုံများ၊ ကျန်းမာရေးဌာနများ ဆယ်သွယ်ရေးလမ်းကြောင်း တစ်ခု ချက်ချင်းဖော်ဆောင်၍ သတင်းအချက်အလက်များ အပြန်အလှန်ပေးပို့ခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ယခုအစည်းအဝေးမှ ဆွေးနွေးမှုများကို တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဆင့်သို့ ဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊

• အစည်းအဝေးမှ ဆွေးနွေးမှုများကို အခြေခံ၍ လုပ်ငန်းလမ်းညွှန်မှုများလည်း ပေးအပ်သွားရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့်လည်း သံသယရောဂါလက္ခဏာများနှင့် လူနာများကို တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်ရှိကျန်းမာရေးဌာနသို့ အကြောင်းကြားပေးနိုင်ရန် အရေးပေါ် (၂၄) နာရီ ဆက်သွယ်ရေးလမ်းကြောင်းထားရှိ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ နောက်ဆုံးရ သတင်းအချက်အလက်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သူများ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စုစည်းကာ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် icon တစ်ခုထားရှိ ပေးရမည်ဖြစ်ပါကြောင်း၊

• အလားတူ ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးအသိပညာများ၊ ရောဂါနှင့်ပတ်သက်၍ မေးမြန်းဖြေကြား (interview) ထားရှိမှုများ စသည်တို့ကို ပြည်သူများ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စုစည်းကာ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် icon တစ်ခုထားရှိပေးရမည်ဖြစ်ပါကြောင်း၊


 

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ US CDC၊ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင် အင်တာနက်စာမျက်နှာများ စသည့် ခိုင်မာသော သတင်းအရင်းအမြစ်များမှ သတင်းအချက်အလက်များကို အမြဲမပြတ်စောင့်ကြည့်ကာ ထူးခြားမှုများရှိပါက တာဝန်ရှိသူများထံ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါပျံ့နှံ့မှု ဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်းအချက်များအားလုံးကို သီးသန့် ပင်မမှတ်တမ်းဖိုင် (master file) တစ်ခုထားရှိ စုစည်းထားရမည်ဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့်လည်း အမြဲဆက်သွယ်၍ သတင်းအချက်အလက်များ ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက ဦးဆောင်မှုဖြင့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) ကို အမြဲမပြတ်ကြည့်ရှုခြင်း၊ အချင်းချင်း ကွန်ရက်ချိတ်ဆက်ကာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများကို ဖွဲ့စည်းထားရှိရမည်ဖြစ်ပါကြောင်း၊

• ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကဆေးရုံ လုပ်ငန်းများမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများအတွက် ရောဂါဖြစ်ပွားမှု သံသယလက္ခဏာ များသိရှိနိုင်ရန်နှင့် သံသယလူနာများ တွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး ပိုစတာနှင့် စတစ်ကာများ ပြုစုရမည်ဖြစ်ပါကြောင်း၊

• ရောဂါ ကာကွယ်ကုသရေးအတွက် နောက်ဆုံးအချက်အလက်များဝေမျှမှု အစည်းအဝေးကို နေ့စဉ် နံနက်တိုင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ (၂၇-၁-၂၀၂၀) တွင် ပြုလုပ်ခဲ့သော “ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကဆေးရုံလုပ်ငန်းများမှ တာဝန်ရှိသူ များမှ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးပွဲ” ၌ မေးမြန်းဆွေးနွေးခဲ့သော အကြောင်းအရာများနှင့် “ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် နှီးနွှယ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးပွဲ” ကို ယနေ့ပြုလုပ်သွားမည့် အစီအစဉ်ကို လည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည် ရောဂါဖြစ်ပွားမှုအချက်အလက်များကို လည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်က ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ကြိုတင်စုဆောင်း ပြင်ဆင်ထားရှိမှုနှင့် ဖြန့်ဝေထားရှိမှုများကိုလည်းကောင်း၊

ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက ဟိုတယ်နှင့် တည်းခိုခန်းများ၊ ဘတ်စ်ကားများတွင် ကပ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး ပိုစတာနှင့် စတစ်ကာများ ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊


 

     အစည်းအဝေးသို့တက်ရောက်လာသည့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ တစ်ကိုယ်ရေသုံးရောဂါ ကာကွယ်ရေးဝတ်စုံ (personal protective equipment) များ ကို အလှူရှင်များမှ လှူဒါန်းရန် ချိတ်ဆက်ထားရှိမှုများ၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ရိုက်နှိပ်ရာတွင် လှူဒါန်းရန် ချိတ်ဆက်ထားရှိမှုများ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများဆောင်ရွက်ခဲ့ပါသည်။

More Tags