2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (28-1-2020)

Union Minister Dr. Myint Htwe attends the inter-ministerial coordination meeting on preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအကြား ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုကောင်းမွန်မှသာ လုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊

• အဆိုပါရောဂါသည် ရောဂါပိုးအသစ်ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သဖြင့် ရောဂါ၏ ရောဂါဖြစ်ပေါ်ပြောင်းလဲမှုသဘောသဘာဝဖြစ်စဉ် (natural history of disease) ကို အတိအကျ သိရှိကြခြင်းမရှိသေးဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာကျန်းမာရေး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လက်ရှိရရှိသော အချက်အလက်များအရ ရောဂါပျိုးချိန်မှာ ရက်သတ္တပတ် (၂) ပတ်ခန့် ရှိသည်ဖြစ်၍ ရောဂါဖြစ်ပွားရာ ဒေသများမှဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့စတင် ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများ မရှိ၊ နာမကျန်းမှု မရှိသော်လည်း မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိပြီးမှ ရောဂါလက္ခဏာများ ပေါ်ပေါက်ကာ ရောဂါဖြစ်ပွားမှုရှိနိုင်ပါကြောင်း၊

• ထိုသို့သော လူနာများကို စောစီးစွာထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါပြန့်ပွားမှုမရှိစေရန် အတွက် အရေးကြီးသဖြင့် အလေးထားဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ၊ အဌားယာဉ်နှင့် အများပြည်သူသုံးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ အခန်းကဏ္ဍ သည် ယခုအချိန်၌ အလွန်အရေးကြီးပါကြောင်း၊

• နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ဝင်ရောက်စဉ်တွင် ယခင်သွားရောက်ခဲ့သည့် နိုင်ငံများ၊ လက်ရှိကျန်းမာရေးအခြေအနေ၊ မြန်မာနိုင်ငံတွင် တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများ၊ သွားလာမည့်နေရာဒေသများကို Health Declaration Form များတွင် ဖြည့်သွင်းစေရန် သက်ဆိုင်ရာ ဌာနများမှ တဆင့် ညှိနှိုင်းဆောင်ရွက် ထားပါကြောင်း၊


 

• သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များမှ တာဝန်ရှိသူများ၊ ခရီးသွားလမ်းညွှန်များနှင့် ယာဉ်မောင်းများ အနေဖြင့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယ လက္ခဏာများတွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက သတ်မှတ်ထားသော ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် ချက်ချင်း အကြောင်းကြားပေးခြင်းဖြင့် လူနာထံမှ အခြားလူများထံရောဂါပျံ့နှံ့မှုမရှိစေရန်နှင့် လူနာအား ကုသမှုပေးရန်တို့ကို ချက်ချင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများသည် များပြားလှသော ခရီးသည်များနှင့် နေ့စဉ်ထိတွေ့နေရသဖြင့် ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မျက်နှာဖုံးများ စနစ်တကျ တပ်ဆင်ရေး၊ လက်သန့်စင်ပိုးသတ်ဆေး (hand sanitizer) အသုံးပြုရေး၊ လူနာများထံမှ ချောင်းဆိုးခြင်းနှင့်နှာချေခြင်းတို့မှ တစ်ဆင့်ရောဂါကူးစက်မှုမှ ကာကွယ် နိုင်ရန် Immigration Desk များတွင် မှန်အကာအကွယ်ငယ်များ တပ်ဆင်အသုံးပြုရေး တို့အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြားထားရှိပြီးဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးအသိပညာများ၊ ရောဂါနှင့်ပတ်သက်၍ မေးမြန်းဖြေကြား (interview) ထားရှိမှုများ စသည်တို့ကို ပြည်သူများ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စုစည်းကာ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် icon တစ်ခုထားရှိမည် ဖြစ်ပါကြောင်း၊

• ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးတို့မှလည်း ပြည်သူများထံ ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးသွားရန် ဆက်လက်ပံ့ပိုးဆောင်ရွက်စေလိုပါကြောင်း၊

• ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် နှီးနွှယ်ဝန်ကြီးဌာနများပါဝင်သည့် ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီကိုဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယနေ့ အစည်းအဝေးတွင် ဆွေးနွေးပြောကြားချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဆင့်သို့ ဆက်လက် ဖြန့်ဝေပေးသွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူပေါင်းဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများနှင့် တာဝန်ရှိသူများက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတကာ လေကြောင်းအဖွဲ့အစည်း International Civil Aviation Organization (ICAO) ၏ ထုတ်ပြန်ချက်များနှင့် အညီ အခြားနိုင်ငံများနည်းတူ လေယာဉ်ဝင်ထွက်သွားလာခွင့်များ ဆောင်ရွက်နေမှု၊ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းများထုတ်ပြန်ခြင်းနှင့် စာနယ်ဇင်း ကော်မတီများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း၍ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်သူများထံ မိုဘိုင်းတယ်လီဖုန်းများမှတဆင့် စာတို (SMS) ဖြင့် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးသွားရန် ဆောင်ရွက်သွားမည့် အစီအစဉ်၊


 

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လေဆိပ်နှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပညာရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးဦးစီးဌာနတို့မှ ကျောင်းများတွင် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးသွားမည့် အစီအစဉ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တည်းခိုခန်းနှင့်ဟိုတယ်များတွင် ကျန်းမာရေးအသိပညာပေး ပိုစတာများတပ်ဆင်ထားရှိရန်နှင့် သံသယလူနာများတွေ့ရှိပါက အကြောင်းကြားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းရပ်များကို အသီးသီးဆွေးနွေးပြောကြားခဲ့ကြပါသည်။


 

     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags