2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ တာန်ရှိသူများကို မှာကြားချက်များ

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့


 

(၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ တာန်ရှိသူများကို မှာကြားချက်များ

• 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအကြား ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုကောင်းမွန်မှသာ လုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊

• ယခုအချိန်တင် ရောဂါပျံ့နှံ့မှု ကာကွယ်တားဆီးရေးလုပ်ငန်းများကို အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်မှသာ လူနာများကို စောစီးစွာထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါပြန့်ပွားမှုမရှိစေရန်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• အဆိုပါရောဂါသည် ရောဂါပိုးအသစ်ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သဖြင့် ရောဂါ၏ ရောဂါဖြစ်ပေါ်ပြောင်းလဲမှုသဘောသဘာဝဖြစ်စဉ် (natural history of disease) ကို အတိအကျ သိရှိကြခြင်းမရှိသေးဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာကျန်းမာရေး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လက်ရှိရရှိသော အချက်အလက်များအရ ရောဂါပျိုးချိန်မှာ ရက်သတ္တပတ် (၂) ပတ်ခန့် ရှိသည်ဖြစ်၍ ရောဂါဖြစ်ပွားရာ ဒေသများမှဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့စတင် ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများ မရှိ၊ နာမကျန်းမှု မရှိသော်လည်း မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိပြီးမှ ရောဂါလက္ခဏာများ ပေါ်ပေါက်ကာ ရောဂါဖြစ်ပွားမှုရှိနိုင်ပါကြောင်း၊

• ထိုသို့သော လူနာများကို စောစီးစွာထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါပြန့်ပွားမှုမရှိစေရန်အတွက် အရေးကြီးသဖြင့် အလေးထားဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ၊ အဌားယာဉ်နှင့် အများပြည်သူသုံးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အလွန်အရေးကြီးပါကြောင်း၊

• နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ဝင်ရောက်စဉ်တွင် ယခင်သွားရောက်ခဲ့သည့် နိုင်ငံများ၊ လက်ရှိကျန်းမာရေးအခြေအနေ၊ မြန်မာနိုင်ငံတွင် တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများ၊ သွားလာမည့်နေရာဒေသများကို Health Declaration Form များတွင် ဖြည့်သွင်းစေရန် သက်ဆိုင်ရာ ဌာနများမှ တဆင့် ညှိနှိုင်းဆောင်ရွက် ထားပါကြောင်း၊

• သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များမှ တာဝန်ရှိသူများ၊ ခရီးသွားလမ်းညွှန်များနှင့် ယာဉ်မောင်းများအနေဖြင့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယ လက္ခဏာများတွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက သတ်မှတ်ထားသော ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် ချက်ချင်း အကြောင်းကြားပေးခြင်းဖြင့် လူနာထံမှ အခြားလူများထံရောဂါပျံ့နှံ့မှုမရှိစေရန်နှင့် လူနာအား ကုသမှုပေးရန်တို့ကို ချက်ချင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများသည် များပြားလှသော ခရီးသည်များနှင့် နေ့စဉ်ထိတွေ့နေရသဖြင့် ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မျက်နှာဖုံးများ စနစ်တကျ တပ်ဆင်ရေး၊ လက်သန့်စင်ပိုးသတ်ဆေး (hand sanitizer) အသုံးပြုရေး၊ လူနာများထံမှ ချောင်းဆိုးခြင်းနှင့်နှာချေခြင်းတို့မှ တစ်ဆင့်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် Immigration Desk များတွင် မှန်အကာအကွယ်ငယ်များ တပ်ဆင်အသုံးပြုရေးတို့အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြားထားရှိပြီးဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးအသိပညာများ၊ ရောဂါနှင့်ပတ်သက်၍ မေးမြန်းဖြေကြား (interview) ထားရှိမှုများ စသည်တို့ကို ပြည်သူများ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စုစည်းကာ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် icon တစ်ခုထားရှိမည်ဖြစ်ပါကြောင်း၊

• ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးတို့မှလည်း ပြည်သူများထံ ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးသွားရန် ဆက်လက်ပံ့ပိုးဆောင်ရွက်စေလိုပါကြောင်း၊

• ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများပါဝင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယနေ့ အစည်းအဝေးတွင် ဆွေးနွေးပြောကြားချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဆင့်သို့ ဆက်လက် ဖြန့်ဝေပေးသွားကြစေလိုပါကြောင်း၊

(အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ပါသည်။)

 

 

 

More Tags