2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းဆေးရုံများအားလုံးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the meeting on hospital preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ယနေ့၊ နံနက် (၉:၃၀) နာရီတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်ဤ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဒုတိယဆေးရုံအုပ်ကြီးများနှင့်တွေ့ဆုံကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးရုံများအားလုံးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• နိုင်ငံတကာမှ ပြည်တွင်းသို့ဝင်ရောက်လာသည့် ခရီးသည်များအား ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပြည်တွင်းသို့ဝင်ရောက်စဉ်က သံသယလက္ခဏာများမရှိသော်လည်း ရောဂါပျိုးချိန်အတွင်း သံသယလက္ခဏာများ ပေါ်ပေါက်ပါက စောစီးစွာတုံ့ပြန်ဆောင်ရွက်မှုတို့မှာ အထူးအရေးကြီးကြောင်း၊

• သံသယလူနာများတွေ့ရှိပါက လူနာလွှဲပြောင်းမှု၊ သီးခြားခန်းတွင် ထားရှိကုသမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်းကြပ်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအတွင်းသာမက နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပါ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုများကောင်းမွန်ရေးအမှာ အထူးအရေးကြီးပါကြောင်း၊

• ထို့အပြင် နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်များ အပြန်အလှန်ဆက်သွယ်ပေးပို့ရေးမှာ အရေးကြီးပါကြောင်း၊

• ယခုအစည်းအဝေးတွင် ဆွေးနွေးမှုများကို အစည်းအဝေးသို့တက်ရောက်လာကြသူများသာမက နိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံအုပ်များ သိရှိရန် ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊


 

• ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဆိုင်ရာ ကဏ္ဍများအနေဖြင့် တူညီသော သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီရရှိရန်၊ အပြန်အလှန် သတင်းဖလှယ်ရန် ဆက်သွယ်ရေး ကွန်ရက်လမ်းကြောင်းတစ်ခု ချက်ချင်းဖော်ဆောင်ထားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများထိရောက်စွာဆောင်ရွက်ရန် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်သည့် ဌာန၊ တာဝန်ရှိသူများ အားလုံး အချိန်ကိုက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် (synchronized coordination and collaboration) လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (surveillance) နှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ -

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံများ၌ ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် အဆိုပါ ဖြစ်ပွားမှုများအပေါ် သုံးသပ်ချက်များ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဆိုပါ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့သည့် အချက်များ၊

• နိုင်ငံတကာနှင့် နယ်စပ် ဝင်ထွက်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊

• နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊


 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉမ္မာဆွေတင်က -

• ဓာတ်ခွဲနမူနာရယူခြင်း၊ ပေးပို့ခြင်းနှင့် စစ်ဆေးခြင်းများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းလမ်းညွှန်များရေးဆွဲဖြန့်ဝေထားရှိမှုနှင့်

• သံသယလူနာများတွေ့ရှိပါက ရောဂါဓာတ်ခွဲစစ်ဆေးအတည်ပြုနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာတို့ကို ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊

ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာနမှ ပါမောက်ဒေါက်တာစံပယ်ဖြူက -

• ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ယခင်ကူးစက်ရောဂါပြန့်ပွားကူးစက်မှုဖြစ်စဉ်များမှ အတွေ့အကြုံများကို အခြေခံ၍ အနည်းဆုံး (၆) လလျှင် တစ်ခါ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ထားရှိမှု၊

• သံသယလူနာများ လွှဲပြောင်းပို့ဆောင်လာပါက စနစ်တကျလက်ခံနိုင်ရန် ပြင်ဆင်ထားရှိမှုနှင့် လူနာများသီးခြားထားရှိကုသမှုပေးနိုင်ရန် (၇-၁-၂၀၂၀) ရက်နေ့တွင်လည်း ကြိုတင်ဇာတ်တိုက် လေ့ကျင့်ပြင်ဆင်ထားရှိမှု၊

• သီးခြားလူနာခန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကိုလည်းကောင်း၊


 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက-

• ပြည်သူများထံ ရောဂါကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။


 

ဆက်လက်၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ -

• ရောဂါကုထုံးလမ်းညွှန် (Clinical Management Guideline) များ ရေးဆွဲဖြန့်ဝေထားရှိမှု၊

• သံသယလူနာများနှင့် ရောဂါအတည်ပြုလူနာများအတွက် သီးခြားလူနာခန်းများ ပြင်ဆင်ထားရှိမှု

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ကြိုတင်ဖြည့်ဆည်းထားရှိမှုများကိုလည်းကောင်း၊


 

ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်က -

• ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ကြိုတင်စုဆောင်း ပြင်ဆင်ထားရှိမှု၊ ဖြန့်ဝေထားရှိမှု၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်၍ ပံ့ပိုးမှုများ ရယူဆောင်ရွက်နေမှုတို့ကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။


 

      ထို့နောက် တက်ရောက်လာကြသော ဆေးရုံအုပ်ကြီးများနှင့် ဒုတိယဆေးရုံအုပ်ကြီးများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။


 

     အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။


 

More Tags