2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ကုသရေး၊ ဓာတ်ခွဲစစ်ဆေးရေးနှင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးတို့မှ အကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the meeting on strengthening of preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၌ ပြုလုပ်ခဲ့သော “2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ကုသရေးအတွက် ဆေးရုံများတွင် ကြိုတင်ပြင်ဆင်တားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ကုသရေး၊ ဓာတ်ခွဲစစ်ဆေးရေးနှင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးတို့မှ အကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပွဲ” သို့တက်ရောက်ခဲ့ပါသည်။


 

     အစည်းအဝေးတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့မှုအခြေအနေများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာချက်များ၊ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်လမ်းကြောင်းများ၌ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေမှု၊ လုပ်ငန်းလမ်းညွှန်များ ဖြန့်ဝေထားရှိမှု၊ သံသယလူနာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းကုသမှုအတွက် စီစဉ်ထားရှိမှု၊ ဆေးရုံများတွင် သံသယလူနာများအတွက် သီးခြားခန်း (isolation room) များပြင်ဆင်ထားရှိမှု၊ ပြည်သူများထံ ကျန်းမာရေးအသိပေးချက်နှင့် အသိပညာများ ဖြန့်ဝေထားရှိမှု၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ ရောဂါဖြစ်ပွားရာ ဒေသများမှဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများ မရှိသော်လည်း ရောဂါပျိုးချိန်အတွင်း ရောဂါဖြစ်ပွားမှု သံသယရှိပါက စောစီးစွာထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါပြန့်ပွားမှုမရှိစေရန်တို့အတွက် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် ဆောင်ရွက်ထားရှိမှု၊ ဆေးနှင့်ဆေးပစ္စည်း၊ ဘဏ္ဍာရေး ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ အထွေထွေဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် -

• နိုင်ငံတကာမှ ပြည်တွင်းသို့ဝင်ရောက်လာသည့် ခရီးသည်များအား ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပြည်တွင်းသို့ဝင်ရောက်စဉ်က သံသယလက္ခဏာများမရှိသော်လည်း ရောဂါပျိုးချိန်အတွင်း သံသယလက္ခဏာများ ပေါ်ပေါက်ပါက စောစီးစွာတုံ့ပြန် ဆောင်ရွက်မှုတို့မှာ အထူးအရေးကြီးကြောင်း၊

• ဝန်ကြီးဌာနအတွင်းသာမက နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပါ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုများကောင်းမွန်ရေးအမှာ အထူးအရေးကြီးပါကြောင်း၊

• သံသယလူနာများတွေ့ရှိပါက လူနာလွှဲပြောင်းမှု၊ သီးခြားခန်းတွင် ထားရှိကုသမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်းကြပ်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊


 

• ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ သံသယလူနာများရောက်ရှိလာပါက ဖြန့်ဝေပေးထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊

• နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်များ အပြန်အလှန် ဆက်သွယ်ပေးပို့ရေးမှာ အရေးကြီးပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့်လည်း အမြဲဆက်သွယ်၍ သတင်းအချက်အလက်များ ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ ဦးဆောင်မှု လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမြဲဆက်သွယ်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် သတင်းအချက်အလက်များ ရယူသွားကာ ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

      ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU)၊ ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ လေဆိပ်ကျန်းမာရေးဌာနတို့မှ အကြီးကဲများနှင့် တာဝန်ရှိသူများက ဆွေးနွေးမှုများနှင့် အကြံပြုတင်ပြမှုများ ဆောင်ရွက်ခဲ့ပါသည်။


 
 

More Tags