2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၇/၂၀၂၀) ကျင်းပ (3-2-2020, 9:15 a.m)

Union Minister Dr. Myint Htwe attends the central level daily coordination meeting (7/2020) on preparedness for detection and response to 2019-nCoV acute respiratory disease

နေပြည်တော်၊ (၂၀၂၀)ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော် ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၇/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှု ဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊

• ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊

• မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်၊ ထွက်ပေါက် (၂၀) တွင် ဝင်ထွက်သွားလာနေမှုများအား ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း ဆောင်ရွက်နေမှုများ၊

• မြန်မာနိုင်ငံတွင် သံသယလူနာ (suspected case) နှင့် စောင့်ကြည့်လူနာ (person under investigation) တွေ့ရှိမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊


 

• ထိုသို့တွေ့ရှိမှုများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ကောင်းမွန်သော ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နေမှု၊

• သံသယလူနာများနှင့် အတူနေထိုင်သူများ၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် သံသယလူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှု နေမှု၊

• ဟိုတယ်နှင့် တည်းခိုခန်းများသို့ သံသယရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိမှု၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ဆောင်ရွက်နေမှုအခြေအနေနှင့် သတင်းပေးပို့နေမှုအခြေအနေများ၊


 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ၂-၂-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့သော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့၊ နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်နေမှု၊

• ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး ပိုစတာ၊ လက်ကမ်းစာစောင်၊ စတစ်ကာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံး (update) ထုတ်ပြန်ချက်များနှင့် တစ်ပြေးညီ ပြုစုထုတ်ဝေနေမှုနှင့် ဖြန့်ဝေထားရှိမှု၊

• ဆေး နှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေများ၊

• လုပ်ငန်းကဏ္ဍအလိုက်၊ လုပ်ငန်းတာဝန်အလိုက် တာဝန်များ စနစ်တကျခွဲဝေ ဆောင်ရွက်နေမှု၊

• ကောလဟလသတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ပြန်လည်အသိပေးရှင်းလင်းနိုင်ရေး စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်ပြောကြားရာတွင် -

• ယခု ဖြစ်ပွားနေသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (2019-nCoV acute respiratory disease) ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ဆက်လက်မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လူမှုကွန်ရက်စာမျက်နှာများတွင် ကောလဟလသတင်းများဖြန့်ဝေနေမှုများအား ခြေဖျက်ရန်အတွက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် လုပ်ဆောင်နေသည့် လုပ်ငန်းများနှင့် ထူးခြားဖြစ်စဉ် သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ (real time) ထုတ်ပြန်ပေးရန်ဖြစ်ပါကြောင်း၊ ဤကိစ္စကို တာဝန်ရှိသူများက ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဆက်သွယ်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ ယခု 2019 Novel Coronavirus ရောဂါပိုးသစ်ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုထုံးသစ်များ စမ်းသပ်နေမှု သတင်းများကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ရှု၍ မိမိတို့တွင်ရှိနေသော ဆေးဝါးများကို စုဆောင်းထားခဲ့သည်သာမက ဆေးဝါးအသစ်များ ထပ်မံလိုအပ်ပါကလည်း ချက်ချင်းဝယ်ယူ ဖြည့်တင်းရမည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုး ရှိ၊ မရှိအား ဓာတ်ခွဲစစ်ဆေးအတည်ပြုနိုင်ရေး ဆေးသုတေသနဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာနနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်တို့မှ ဇီဝလုံခြုံမှုအဆင့် ၂ နှင့်အထက်ဓာတ်ခွဲခန်းများတွင် ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊

• အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ ဝင်ထွက်သွားလာနေမှုများကို နေ့စဉ်သုံးသပ်ပြီး လိုအပ်သည်များဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဤကိစ္စသည် အရေးကြီးပါသဖြင့် အလေးအနက်ထားထည့်သွင်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

• ဤရောဂါသည် လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပျံ့ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း တက်နိုင်သမျှ လျှော့ချခြင်း (social distancing) ဖြင့် ရောဂါကူးစက်ပျံ့ပွားမှုများကို ကာကွယ်လျှော့ချနိုင်မည်ဖြစ်သည် ဆိုသည့် အချက်သည် အလေးအနက်ထား ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်ပါကြောင်း၊

• ဤကိစ္စရပ် (၂) ခု နှင့်ပတ်သက်၍ 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ အစည်းအဝေးနှင့် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အစည်းအဝေးတို့တွင် အလေးအနက်ထား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊

• Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ပိုမိုထိရောက်စွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် “2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ” တွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်လည်း တိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

      အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သတင်းအချက်အလက်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


 

 




 

More Tags