2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၀) ကျင်းပ (9-2-2020, 8:00 a.m)

Union Minister Dr. Myint Htwe attends the central level daily coordination meeting (13/2020) on preparedness for detection and response to 2019-nCoV acute respiratory disease

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၉) ရက်၊ နံနက် (၈) နာရီ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၀၈:၀၀) နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုဝန်ကြီးဧည့်ရိပ်သာခန်းမ၌ ကျင်းပ ခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၀) သို့ တက်ရောက် ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၈-၂-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်များအရ ယခု ဖြစ်ပွားနေသော 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွား ပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ရက်ဆက် ပိုမိုမြင့်မားနေပါကြောင်း၊
• ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားသူပေါင်း (၃၄,၈၈၆)ဦးရှိပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် (၃၄,၅၉၈) ဦးဖြစ်ပါကြောင်း၊

 

• Home Quarantine, Hotel Quarantine, Contact Tracing များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ရမည့် အချက်များအား ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ Guideline ပြင်ဆင် ဆောင်ရွက် ပေးစေလိုကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနအနေဖြင့် Isolation (သီးသန့်ခွဲခြားထားရှိခြင်း) နှင့် Quarantine (အသွားအလာတားမြစ်ပိတ်ပင်ခြင်း/ ကန့်သတ်ခြင်း) စသည့် စကားလုံးများကို ပြည်သူလူထုနားလည်သိရှိနိုင်မည့် စကားလုံးများဖြင့် ရှင်းလင်း မြင်သာစွာ အဓိပ္ပါယ်ဖွင့်ဆိုသင့်ကြောင်း၊ သို့မှသာ သံသယလူနာများအား မိမိတို့ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်ခြင်းသည် လူနာအတွက်သာမက အနီးကပ်ထိတွေ့နေသည့်သူများကို ရောဂါကာကွယ်မှု ပေးနိုင် သည်ကို ပြည်သူလူထုအနေဖြင့် သိရှိမည်ဖြစ်ကြောင်း၊

 

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ထုတ်ဝေထားသည့်အချက်များအား ပြည်သူလူထု အနေဖြင့် ယခုထက်ပိုမို၍အသိပညာပိုမိုရရှိနိုင်ရေးအတွက် ဘုရား၊ ဈေးများနှင့် လူစည်ကား ရာ နေရာများတွင် ပိုစတာများ၊ ဗွီနိုင်းများကို ကပ်ထားစေလိုကြောင်း၊

 

• ယခုဖြန့်ဝေထားသည့် သတင်းအချက်အလက်နှင့် ပတ်သက်၍ မိမိတို့တကယ် ထုတ်ဝေချင် သည့်နေရာများသို့ ရောက်ရှိ/မရှိ၊ ပါဝင်သည့် သတင်းအချက်အလက် များသည် ပြည်သူ လူထုရိုးရှင်းစွာနားလည်မှုရှိ/မရှိ ဆိုသည်ကို အောက်ခြေထိသွားရောက်၍ စီစစ်ကြီးကြပ် စေလိုကြောင်း၊

• ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ အခြေခံ ကျန်းမာ‌ရေးကျွမ်းကျင်ပညာရှင်များ၊ Volunteer, Health Worker များလုပ်ဆောင်ရမည့် အချက်များကို mobile tablet များထဲတွင် ထည့်ထားပြီးဖြစ်သလို၊ တိုင်း/ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ဆရာဝန်များ ဆောင်ရွက်ရမည့် အချက်များကို လည်းပြင်ဆင်ပေးစေလိုကြောင်း၊

 

• နေ့စဉ်စောင့်ကြည့်လူနာ၊ သံသယလူနာနှင့် သီးခြားခွဲခြားလူနာစာရင်းများကို နေ့စဉ် ပုံမှန်သတင်းထုတ်ပြန်နိုင်ရေးအတွက် အချိန်မီပေးပို့ရန်လိုအပ်ကြောင်း၊

• ယခုလက်ရှိဖြစ်ပွားနေသော 2019-nCoV ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ လူနာအမျိုးအစား ခွဲခြားသတ်မှတ်ရာတွင် ရောဂါပိုး၏ ကူးစက် ရောဂါဗေဒဆိုင်ရာပြောင်းလဲမှု၊ လူနာတွင်ဖြစ်ပွားသော ရောဂါလက္ခဏာနှင့် လူနာ၏ အခြေအနေများပေါ်မူတည်၍ လူနာအမျိုးအစားသတ်မှတ်ရာတွင် အပြောင်းအလဲရှိနိုင် ကြောင်း၊ သံသယလူနာတွင် Coronavirus ဓာတ်ခွဲအဖြေ(Negative) ဖြစ်သော်လည်း လိုအပ်ပါကအဆိုပါလူနာအား ဆေးရုံများတွင်လိုအပ်သလို ဆက်လက်ကုသမှုများ ပြုလုပ်ရန်လိုကြောင်းတို့ကိုလည်း ပြည်သူလုထုအား အသိပေးစေလိုကြောင်း၊

 

• ကုသရေးဦးစီးဌာနအနေဖြင့် ‌ဆေးကုသမှုလုပ်ငန်းများအဆင်ပြေစေရန် ကျွမ်းကျင်ပညာရှင် များဖြင့် (Working Group) ဖွဲ့စည်းထားပြီး နေ့စဉ် case review လုပ်ခြင်း၊ case definition နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများ၏ ကုသမှု လုပ်ငန်းစဉ်များ၊ လူနာ၏ တိုးတက်မှုအခြေအနေများကို နေ့စဉ်သုံးသပ်၍ တင်ပြပေးစေ လိုကြောင်း ၊

• ဆေးရုံတက်လူနာများ၏ အခြေအနေကို ထုတ်ပြန်ကြေငြာရာတွင်လည်း စောင့်ကြည့်လူနာ၊ သံသယလူနာနှင့် သီးသန့်ခွဲစောင့်ကြည့်လူနာစာရင်းများနှင့် ပတ်သက်သည့် အချက်အလက် များကို အသေးစိတ်စာရင်းပြုစုထားရှိပြီး ဓာတ်ခွဲအဖြေမရရှိသေးသည့် လူနာများနှင့် ပတ်သက်၍ သီးခြားဖော်ပြစေလိုကြောင်း၊ သို့မှသာ ပြည်သူလူထုမှ အဖြေမရသေး၍ စောင့်ဆိုင်းနေသည်ကို သိရှိမည်ဖြစ်ကြောင်း၊

 

• ယနေ့ (၉.၂.၂၀၂၀)ရက်နေ့အထိ စောင့်ကြည့်လူနာ (၉)ဦး၊ သံသယလူနာ (၁)ဦးရှိပြီး ဆေးရုံ တက်‌‌ရောက်ကုသနေသည့်လူနာ (၁၀)ဦးရှိသည်ကို တွေ့ရှိရပါကြောင်း၊

• ဓာတ်ခွဲအဖြေစုစုပေါင်း(၁၃)ခုအား ရည်ညွှန်းဓာတ်ခွဲပေးပို့ထားပြီးဖြစ်သလို (၇)ယောက် မှာ (Negative) ဖြစ်ပြီး (၆)ယောက်မှာ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေပြီး အမျိုးသား ကျန်းမာရေး ဆိုင်ရာဓာတ်ခွဲမှုဌာနအနေဖြင့် လူနာများ၏ ဓာတ်ခွဲစမ်းသပ်မှုနှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီလုပ်ဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊

 

• ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် အသုံးပြုနေသည့် ventilator, monitor, defibrillator စက်ကိရိယာလိုအပ်ချက် ကို စာရင်းပြုစု၍ လိုအပ်သလိုတင်ပြမှုများကို ပံ့ပိုးပေး မည်ဖြစ်ပါကြောင်း၊

• ထိုလိုအပ်ချက်ပေါ်မူတည်၍ ဦးစားပေးပံ့ပိုးရမည့်ဆေးရုံ၊ အထူးသဖြင့် နယ်စပ်ဝင်/ ထွက် ဒေသများရှိ‌ဆေးရုံများကို ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် ဆက်စက်ပစ္စည်းများကို အလျင်အမြန်ဝယ်ယူ၍ ဖြည့်ဆည်းပေးစေလိုကြောင်း၊

• ဆေးရုံတွင်လိုအပ်သော ကြိုတင်ပြင်ဆင်မှုများအတွက် နိုင်ငံတော်ရန်ပုံငွေမှ ကျခံဝယ်ယူ နိုင်ရေးတင်ပြဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနသို့ လှူဒါန်းထားသော အလှူငွေများကိုဦးစွာ အသုံးပြုပြီး လိုအပ်သောစက်ကိရိယာများ ဝယ်ယူနိုင်ရေးအတွက် အမြဲတမ်းအတွင်းဝန်မှ ဦးစီးဆောင်ရွက်စေလိုကြောင်း၊

 

• အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနအနေဖြင့် ဓာတ်ခွဲနမူနာရယူခြင်း၊ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ပေးပို့ခြင်း လုပ်ငန်းစဉ်များကို guideline , SOP များအတိုင်း လုပ်ဆောင်နေ သည်ကို တွေ့ရှိရပါကြောင်း၊

• US CDC မှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် ပတ်သက်၍ Hands on Training လာရောက် သင်ကြားပေးမည် ဖြစ်၍ ဇီဝလုံခြုံရေးအတွက် လိုအပ်မည့်ပြင်ဆင်မှုများကို လုပ်ဆောင်ထားစေလိုကြောင်းနှင့် ဖေဖော်ဝါရီလကုန်ခန့်တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို မိမိတို့မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရပါကြောင်း၊

 

• ဝေဘာဂီကူးစက်ဆေးရုံကြီးရှိ ယခုဆောင်လုပ်ပြီးစီးတော့မည့် နှစ်ထပ်ဆောင်တွင် လူနာ (၂၀)ဦးအား သီးခြားခွဲခြားထားရှိ၍လည်းကောင်း၊ သုံးထပ်‌ဆောင်တွင် အတည်ပြုလူနာ (၁၅)ဦးအား သီးခြားခွဲခြားထားရှိ၍လည်းကောင်း၊ အထူးကြပ်မှတ်ကုသရန်လိုသည့် လူနာများအတွက် လူနာ(၁၀)ဦးစာအခန်းအဖြစ်လည်ကောင်း၊ ဆောင်ရွက်နိုင်သည်ကို သိရှိရသည့်အတွက် နှစ်ထပ်ဆောင် ဆောက်လုပ်မွန်းမံခြင်းလုပ်ငန်းကို ဦးစားပေး လုပ်ငန်းအဖြစ် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်စေလိုကြောင်း၊

• မန္တလေးတိုင်းဒေသကြီးတွင် ကူးစက်ရောဂါစောင့်ကြည့်ဆေးရုံတစ်ရုံကို ထပ်မံ ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊

• မန္တလေးအထွေထွေရောဂါကု‌ဆေးရုံကြီးအနေဖြင့် စောင့်ကြည့်လူနာ ထားရှိမည့် နေရာ (၅)နေရာနှင့် ICU တွင်ထားရှိမည့် နေရာ(၂)နေရာကို ပြင်ဆင်ထားရှိသော်လည်း၊ ယခုထက် ပိုမို၍ လူနာထားရှိနိုင်ရေးကို သက်ဆိုင်ရာဌာနများအနေဖြင့် အလျင်အမြန် ဆောင်ရွက်စေ လိုကြောင်း၊

 

• တိုင်းဒေသကြီး/ပြည်နယ်များရှိမိမိတို့ဆေးရုံများတွင် ICU facility ထားရှိရမည့် လုပ်ငန်းစဉ်များကို အမြန်ဆုံး update လုပ်ပြီး၊ follow up လုပ်စေလိုကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် ဆေးရုံများ၏ လိုအပ်ချက်များကို ချက်ချင်းဖြည့်စည်း ပေးနိုင်မှာ ဖြစ်ကြောင်း၊

• ကန်တော်နဒီဆေးရုံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် ကျောင်းသား/သူ (၅၉)ဦး နှင့် ကျန်းမာရေးဝန်ထမ်း (၃)ဦးတို့အား Quarantine စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းသည် (၁၅.၂.၂၀၂၀)ရက်နေ့၊ ည (၁၂)နာရီတွင်ပြီးစီးမည်ဖြစ်ပြီး (၁၆.၂.၂၀၂၀)ရက်နေ့၊ နံနက်တွင် ပြန်လည်ထွက်ခွာ၍ရမည်ဖြစ်ပါ၍ လိုအပ်သောစီစဉ်မှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် အသုံးပြုခဲ့သော အခန်းများကို Disinfection ပြုလုပ်မည့် အစီအစဉ်များကို အသေးစိတ် strategy ဆွဲထားစေလိုကြောင်း၊

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနအနေဖြင့် ယခုဖြစ်စဉ်နှင့် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သည့် စာရွက်စာတမ်း များ၊ သတင်းအချက်အလက်များကို မှတ်တမ်းစနစ်တကျထားရှိဆောင်ရွက်စေလိုကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများအနေနှင့် ယခုကဲ့သို့ အရေးပေါ်အခြေအနေတွင် နိုင်ငံတကာနှင့် ချိတ်ဆက်၍ သတင်းအချက်အလက် ဖလှယ်ခြင်း၊ လက်ရှိဖြစ်ပွားသေဆုံးမှုများ၊ Epidemiological analysis, Trend များကို သုံးသပ်ပြီး နိုင်ငံတကာရှိ IHR Focal များနှင့် ချိတ်ဆက်၍ သတင်းဖလှယ်သည့် အစဉ်အလာကောင်းများရှိပါကြောင်း၊

• MBDS (Mekong Basin Disease Surveillance), Senior Officials’ Meeting on Health Development (SOMHD), PHE (Public Health England), RPHL(Regional Public Health Laboratory Network), NIC (National Influenza Centre Network), GMS- HS (GMS Health Security Network) အစရှိသည့် Public Heath Focal များနှင့်လည်း ချိတ်ဆက်၍ သတင်းအချက်အလက်ဖလှယ်မှု အစီအစဉ်များဆောင်ရွက်ပါက နိုင်ငံ ဖြတ်ကျော် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအတွက် အလွန်ထိရောက် သည့် Coordination system/ network ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

• (၈.၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လေယာဉ်(၅)စီး၊ ခရီးသည်စုစုပေါင်း(၃၉၆)ဦး ဝင်ရောက်ခဲ့ပြီး လိုအပ်သည်များစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ထားသည်ကို တွေ့ရှိရ ပါကြောင်း၊

 

• (၂၀.၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒုတိယဝန်ကြီး (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)မှ ဦးဆောင်ပြီး လေကြောင်းလိုင်းများ/ နှီးနွယ်ဌာနများမှ တာဝန်ရှိသူများပါဝင်သည့် ညှိနှိုင်းအစည်းအဝေးပြုလုပ်မည်ဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် များကို ဗဟိုကော်မတီမှ အကြံပြုထားသည့် အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း သက်ဆိုင်ရာလေကြောင်းလိုင်းများနှင့် နှီးနွယ်ဌာနများက လိုက်နာဆောင်ရွက်ရေး တိုက်တွန်းဆွေးနွေးမည်ဖြစ်ပါ ကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနအနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမြန် ဆက်သွယ်၍ လက်ရှိဖြစ်ပွားနေသော Virus ရောဂါပိုး၏ Virus Shedding Period မည်သည့်အချိန်ထိရှိသည်ကို လက်ရှိဖြစ်ပွားနေသောအခြေအနေပေါ် မူတည်သုံးသပ်ချက် အား စုံစမ်းမေးမြန်းစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ကုသရေး၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့် ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊

 

• အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုဆောင်ရွက်မှုအချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသောရောဂါစောင့်ကြပ်ကြည့်ရှုရေးဆောင်ရွက်နေမှုနှင့် သတင်းပေးပို့ နေမှုအခြေအနေများ၊

• သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊

• ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေများ စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကိုတင်ပြခဲ့ ပါသည်။

၎င်းနောက် အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးရာတွင် -

• ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာနှီးနွယ်ဌာနများနှင့် ပေါင်းစပ် လုပ်ကိုင်သည့်အခါတွင် Novel Coronavirus (2019-nCoV) ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုကော်မတီမှ အကြံပြုဆွေးနွေးထားသည့်အချက်အလက်များအတိုင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွကနေမှု၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ပညာသင်ယူနေသည့် မြန်မာကျောင်းသားများ အား စောင့်ကြပ်ကြည့်ရှုနေသည့် ကန်တော်နဒီဆေးရုံတွင် ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး) မှ နှစ်သိမ့်အားပေး စကားပြောကြားခဲ့မှုနှင့် အဆိုပါကျောင်းသားများကို စောင့်ကြပ် ကြည့်ရှုမှု လုပ်ငန်းတွင် ပိုမိုအဆင်ပြေစေရန် (CCTV) တပ်ဆင်အသုံးပြု ဆောင်ရွက်လျက် ရှိမှု၊

• စောင့်ကြည့်ချိန်ကာလပြီးမြောက်၍ မိမိတို့နေရပ်သို့ ပြန်သည့်အခါတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်၍ သတင်းပေးပို့ရန်ကိစ္စရပ်၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဗဟို၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်များရှိ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများသည် စည်းလုံးညီညွတ်စွာ ဖြင့် ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးရန် အားပေးစကားပြောကြားရန်စသည်တို့ကို ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး(ရန်ကုန်ဆေးရုံကြီး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)၊ ပါမောက္ခချုပ် (ပြည်သူ့ကျန်းမာရေးတက္ကသိုလ်)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags