2019-nCoV လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးမှ အသိပေးရှင်းလင်းပြောကြား (6-2-2020, 9:00 a.m)

Union Minister Dr. Myint Htwe attends the central level daily coordination meeting (10/2020) on preparedness for detection and response to 2019-nCoV acute respiratory disease

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်၊ နံနက် (၉) နာရီ

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် -

• ယခုအစည်းအဝေးမှတစ်ဆင့် ပြည်သူများကို ခြုံငုံသုံးသပ်၍ အသိပေးပြောကြားလိုသည်မှာ ယခု ဖြစ်ပွားနေသော 2019-nCoV လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နေ့စဉ်ရက်ဆက် ပိုမိုမြင့်မား နေပြီး (၃၁-၁-၂၀၂၀) ရက်နေ့တွင် လူနာသစ်တွေ့ရှိမှုမှာ တစ်ရက်လျှင် (၂,၀၀၀) ဦးခန့်ရှိခဲ့ရာမှ (၅-၂-၂၀၂၀) ရက်နေ့တွင် (၄,၀၀၀) ဦးခန့်အထိ မြင့်တက်လာခဲ့ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၆-၂-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်များအရ ရောဂါဖြစ်ပွားသူများ၏ (၉၉) ရာခိုင်နှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဖြစ်ပြီး အခြားနိုင်ငံ (၂၄) နိုင်ငံတွင်လည်း ကူးစက်ဖြစ်ပွားမှုရှိပါကြောင်း၊

• ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားသူပေါင်း (၂၈,၂၇၆) ဦးရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၂၈,၀၆၀) ဦးဖြစ်ပါကြောင်း၊ ဓာတ်ခွဲအတည်ပြု လူနာများအနက်သေဆုံးမှုရာနှုန်းမှာ (၂.၀) ရာခိုင်နှုန်းဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် အဆိုပါရောဂါဖြင့်သေဆုံးသူ (၅၆၅) ဦး ရှိပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ပတွင် ဓာတ်ခွဲအတည်ပြုရောဂါဖြစ်ပွားသူအနေဖြင့် ဂျပန် နိုင်ငံတွင် (၃၃) ဦးရှိပြီး မိမိတို့အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် (၂၅) ဦး၊ စင်ကာပူနိုင်ငံ၌ (၂၄) ဦး၊ ဗီယက်နမ်နိုင်ငံတွင် (၁၀) ဦး တွေ့ရှိနေရပါကြောင်း၊

• ယခုရောဂါဖြစ်ပွားမှုဖြစ်စဉ်များကို ကပ်ရောဂါဗေဒရှုထောင့်နှင့် ပြည်သူ့ကျန်းမာရေးပညာ ရှုထောင့်တို့မှ သုံးသပ်ပါက ဤကပ်ရောဂါဖြစ်ပွားမှု အခြေအနေများသည် ပိုမိုမြင့်တက် လာနိုင်သည့် အလားအလာများရှိနေပါကြောင်း၊

• ရောဂါ၏ ဖြစ်ပေါ် ပြောင်းလဲမှု သဘောသဘာဝ (natural history of disease) ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆက်လက်လေ့လာလျက်ရှိပြီး တွေ့ရှိချက်များကို ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ပေးလျက်ရှိကာ မိမိတို့ဝန်ကြီးဌာနမှလည်း ပြည်သူ များထံသို့အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိပါကြောင်း၊


 

• ကွန်ပျူတာဖြင့် မျှော်မှန်းတွက်ချက်ခြင်း (modelling and simulation) လုပ်ဆောင်ရာ၌ ဤရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားဖြစ်ပွားနိုင်ခြေရှိသူများထံကူးစက်ပျံ့နှံ့နိုင်မှု အခြေခံ နှုန်း (basic reproduction number (R0)) (အာရ်သုည) တန်ဖိုးသည် အခြားကူးစက် မြန်ရောဂါများထက် မြင့်မားနေသည်ကို တွေ့ရှိရပါကြောင်း၊

• ယခုဖြစ်ပွားလျက်ရှိသော ရောဂါအခြေအနေများကို သုံးသပ်ချက်အရ ရောဂါပိုးသည် လူတစ်ဦးမှ တစ်ဦးထံသို့ ကူးစက်နိုင်ခြင်း (human to human transmission) မှာ သေချာနေပြီဖြစ်သဖြင့် မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန် (လုံးဝ) မလျှော့ပဲ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အထူးသဖြင့် သံသယရောဂါလက္ခဏာရှိသူ လူနာများအားစောစီးစွာထောက်လှမ်းခြင်း (early detection)၊ သံသယလူနာနှင့် စောင့်ကြည့်လူနာများအား အခြားသူများနှင့် မထိတွေ့ စေဘဲ သီးခြားခန်းတွင်ထားရှိကုသမှုပေးခြင်း (isolation and case management) နှင့် သံသယလူနာ/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (contact tracing) တို့ကို ဆက်လက်ပြီး ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ရောဂါပိုးစတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ပြသသည့် ကြားကာလ (ရောဂါပျိုးချိန်သည်) အနည်းဆုံး (၂) ရက်မှ အများဆုံး (၁၀) ရက်အထိ ရှိသည်ဖြစ်၍ မိမိတို့နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများသည် ရောဂါပျိုးချိန်အတွင်းဖြစ်၍ ရောဂါလက္ခဏာ မပြသေးသူများ မိမိတို့ပတ်ဝန်းကျင်၌ ရှိနေနိုင်ပါကြောင်း၊


 

• ပြည်သူများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားသည့်နိုင်ငံများမှ လာရောက်သည့် သံသယရောဂါလက္ခဏာရှိသူများကို တွေ့ရှိရပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြား ရန်ဖြစ်ပါကြောင်း၊ အလားတူ ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများ အနေဖြင့်လည်း ထိုသို့ သံသယရောဂါလက္ခဏာရှိသူများကို တွေ့ရှိရပါက မဆိုင်းမတွဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေး အကြောင်း ကြားရမည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ပြုလုပ်ပါက ရောဂါသံသယရှိသူများမှ တစ်ဆင့် အခြားသူများထံ ကူးစက်မှုနှုန်းကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးဌာနများကလည်း ထိုသို့သတင်းပေးပို့မှု အပေါ် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊

• ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာအချက်အလက်များကို လူစည်ကားရာ ဈေးများ၊ ဘတ်စ်ကားဂိတ်များ၊ ဘတ်စ်ကားများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ နိုင်ငံတကာ ခရီးသွားများ လည်ပတ်ရာနေရာ (tourist attraction site) များ၊ စားသောက်ဆိုင်များ၊ ကျောင်းများ၊ ရုံးများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြန့်ဝေလျက်ရှိပါကြောင်း၊ ပြည်သူများကလည်း ဤကျန်းမာရေးအသိပညာအချက်အလက် ပိုစတာများကိုလည်း ဖတ်ရှု၍ ပါရှိသည့် အချက်အလက်များကို မိမိ၏ မိသားစုနှင့် မိတ်ဆွေ အပေါင်းအသင်း များကိုလည်း ဝေမျှပေးစေလိုပါကြောင်း၊

• ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍လည်း ရုပ်မြင်သံကြားနှင့် အထူးသဖြင့် တိုင်းရင်းသားဘာသာ ရေဒီယိုများ၌လည်း ထုတ်လွှင့်ပေးရန် ဆောင်ရွက်ထားပြီးဖြစ် ပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်နေမှု၊ နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

• ပြည်သူများအား ပြည့်စုံမှန်ကန်သည့်ကျန်းမာရေးအသိပညာအချက်အလက်များနှင့် သတင်း များကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါ ကြောင်း၊

• ပြည်သူများအနေဖြင့် ကောလဟလသတင်းမှားများကို မှန်ကန်သည့် သတင်းရင်းမြစ်များ မှ သတင်းအချက်အလက်များနှင့် ချိန်ထိုးစိစစ်ပြီးမှ ယုံကြည်ကြစေလိုပါကြောင်း၊ မမှန်ကန် သည့်၊ မသေချာသည့် သတင်းများကို လူမှုရေးကွန်ရက်များမှ ဆက်လက်မဖြန့်ဝေပါရန် မေတ္တာရပ်ခံပါကြောင်း၊

• လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ရောဂါပိုမိုကူးစက်ပြန့်ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း လိုအပ်မှသာကျင်းပခြင်းနှင့် တတ်နိုင်သမျှ လျေှာ့ချခြင်း (social distancing) ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုများကို ကာကွယ်လျှော့ချ နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြစေလိုပါကြောင်း၊

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုထုတ်ဝေသည့် ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျအသုံးပြုမှု၊ လက်ကိုစင်ကြယ်စွာဆေးကြောမှု၊ နှာချေ၊ ချောင်းဆိုးလျှင် လိုက်နာရမည့်ကျင့်ဝတ်များ စသည့် ကျန်းမာရေးအသိပညာအချက်အလက်များကို တိကျစွာ လိုက်နာကျင့်သုံးပါက မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုများကို ကောင်းစွာထိန်းချုပ် နိုင်မည်ဖြစ်ပါကြောင်း၊

• ထိုကဲ့သို့သော ကျန်းမာရေးအသိပညာအချက် အလက်များကို ပြုစု၍ ပြည်သူများထံ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊


 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေး အခြေအနေသည် (ယနေ့၊ နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်ပါကြောင်း၊

• သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသည့် သံသယလူနာများ အပါအဝင် လူနာများအားလုံး ကျန်းမာရေးအခြေအနေကောင်းမွန်ပါကြောင်း၊

• ရည်ညွှန်းဓာတ်ခွဲခန်းသို့ လူနာ (၁၀) ဦး၏ ဓာတ်ခွဲနမူနာများကို ပေးပို့၍စစ်ဆေးခဲ့ရာ (၅) ဦးတွင် ရောဂါပိုးမရှိကြောင်းတွေ့ရှိရ၍ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ပါကြောင်း၊ ကျန်လူနာများ ၏ ဓာတ်ခွဲအဖြေများ မရရှိသေးပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၃၀-၁-၂၀၂၀) ရက်နေ့၌ ယခုရောဂါကူးစက်ပြန့်ပွားမှုဖြစ်စဉ်ကို “အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern)” အဖြစ် ကြေညာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှ ဆောင်ရွက်ရန် ပေးအပ်ခဲ့သည့် အကြံပြုချက်များကို မိမိတို့နိုင်ငံအနေဖြင့် ဤကြေညာချက် မကြေညာခင် (၅-၁-၂၀၂၀) ရက်နေ့ကတည်းကပင် အဆိုပါအကြံပြုချက်တွင်ပါဝင်သော လုပ်ငန်းများ ဖြစ်သည့် - ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း(active surveillance)၊ သံသယလူနာများအားစောစီးစွာထောက်လှမ်းခြင်း (early detection)၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင်ထားရှိကုသမှုပေးခြင်း (isolation and case management)၊ သံသယလူနာ/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (contact tracing)၊ ရောဂါ ထပ်မံပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်း (prevention of onward spread of 2019-nCoV infection)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန် အလှန်ဝေမျှခြင်း (to share full data with WHO)တို့ကို လုပ်ဆောင်နေခဲ့ပြီး ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသစ်ဆောက်လုပ်ပြီးစီးပြီး လူနာများထားရှိခြင်း မရှိသေးသော ကျန်းမာရေးအဆောက်အဦနှင့် လူနာဆောင်သစ် (၂၅) ခု တွင် စောင့်ကြပ် ကြည့်ရှု လူနာများ ထားရှိနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိရန် ညွှန်ကြားထား ရှိပြီး ဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူးများထံသို့ တိကျပြတ်သားသော ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များ ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊

• ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သူများကို ဆိုက်ရောက်ဗီဇာထုတ်ပေးမှု ဆိုင်းငံ့ရပ်ဆိုင်းထားသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် လာရောက်သူမှာ (၃၁-၁-၂၀၂၀) အထိ နေ့စဉ်ပျမ်းမျှ (၂,၃၀၀) ဦးခန့် ရှိခဲ့ရာမှ ယမန့်နေ့ (၅-၂-၂၀၂၀)တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ လာရောက်သူ (၃၂၃) ဦးအထိ သိသာစွာ နည်းပါးသွားပါကြောင်း၊ ၎င်း (၃၂၃) ဦး တည်းခိုမည့် ဟိုတယ်နှင့် တည်းခိုခန်းများသို့လည်း အကြောင်းကြားချိတ်ဆက်ထားပြီးဖြစ်ပါကြောင်း၊

• နှစ်နိုင်ငံနယ်မြေခြင်းထိစပ်မှုမှာ (၁,၃၀၀) မိုင်ခန့် ရှည်လျားပြီး ကုန်းလမ်းကြောင်း များရှိ တရားဝင် ဝင်၊ ထွက်ပေါက်များအပြင် တရားမဝင် ဝင်ထွက်ပေါက်များမှပါ ဝင်ရောက် နေမှုများရှိနေသည့် အချက်သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့်အချက် ဖြစ်ပါကြောင်း၊ တရားဝင် ဝင်၊ ထွက်ပေါက်များ၌ မိမိတို့ဝန်ထမ်းများသည် နှီးနွှယ်ဝန်ကြီးဌာနများမှ ဝန်ထမ်း များနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရောဂါစောင့်ကြပ်ကြည့်ရှုနေပါကြောင်း၊

• ဤ ဝင်၊ ထွက်ပေါက်များမှ ဝင်ရောက်မှုသည် လေကြောင်းခရီးဖြင့် ဝင်ရောက်မှုထက် အဆ များစွာ များပြားသဖြင့် မိမိတို့အနေဖြင့် နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍လည်းကောင်း၊ နယ်မြေခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေကို မှန်းဆရာတွင် အဆိုပါ အချက်ကို ထည့်သွင်းစဉ်းစား၍ ဆေးနှင့်ဆေးပစ္စည်း၊ ဓာတ်ခွဲပစ္စည်း စသည်တို့ကို ပံ့ပိုးပေးကိစ္စ၌ မြန်မာနိုင်ငံကို ဦးစားပေးနိုင်ငံ အဖြစ် သတ်မှတ်ထားရှိ ဆောင်ရွက်ရန် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် မည်သည့်အဖွဲ့အစည်းမှ အကြံပြုချက်များကိုမဆို မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေအရပ်ရပ်နှင့် ချိန်ထိုးပြီး စဉ်းစားသုံးသပ်၍ ဆုံးဖြတ်ချက်များချမည် ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ပြည်သူ့ကျန်းမာရေးရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်၊ ဓာတ်ခွဲစမ်းသပ်မှု ဆိုင်ရာရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့်စသည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်များ အပြင် ပထဝီအနေအထား၊ ဒေသတွင်းရောဂါ ကူးစက်ပြန့်ပွားမှု၊ လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာမှု စသည့် အခြေအနေအရပ်ရပ်ကို ဘက်စုံထည့်သွင်း စဉ်းစား၍ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် အညီ တုံ့ပြန်ဆောင် ရွက်ကြမည်ဖြစ် ပါကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး မထိခိုက်စေရေးအတွက်ကိုလည်း အလေးထား ထည့်သွင်းစဉ်းစားမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများအနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အချင်းချင်း အပြန်အလှန် အသိပေးဝေမျှရန် ပြောကြားထားပြီး ဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့်ချိတ်ဆက် ဆောင်ရွက်နေပါကြောင်း၊


 

• ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှ ဆောင်ရွက်မှု နမူနာကောင်းများကို အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ မိမိတို့နေရာဒေသနှင့် သင့်တော်ကိုက်ညီစွာ အသုံးပြုရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှီးနွှယ်ဌာနများ ပါဝင်သော အဖွဲ့များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဖွဲ့စည်းဆောင်ရွက်နေသည်ကို တွေ့ရှိနေရခြင်းသည် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု သာဓကများပင် ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုများအားလုံးကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များအားလုံးတွင် နောင်ဖြစ်ပေါ်လာမည့် ကိစ္စရပ် များတွင် အသုံးပြုရန်နှင့် ပြည်သူ့ကျန်းမာရေးမဟာသိပ္ပံသင်တန်းများတွင် သင်ကြားနိုင်ရန် မှတ်တမ်းပြုစုကာ စုစည်းထားလျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ အတွေ့အကြုံမြင့်မားသော ပညာရှင်များအနေဖြင့်လည်း မျိုးဆက်သစ်ပညာ ရှင်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများကိုလည်း လက်တွေ့လုပ်ငန်းအတွေ့အကြုံများရရှိစေရန် လက်တွဲခေါ်ဆောင်၍ ဤရောဂါကိုကာကွယ်ထိန်းချုပ်သည့်လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်စေလျက်ရှိပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနမှ မျိုးဆက်သစ်ပညာရှင်များအနေဖြင့် ဤရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် များစွာသော အတွေ့အကြုံများရရှိလျက်ရှိ သည်ကိုလည်း ပြောကြားလိုပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနအနေဖြင့် နေ့စဉ်လုပ်ဆောင်နေသော ရောဂါကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လုပ်ဆောင်နေသော လုပ်ငန်းများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ သတင်းအချက် အလက်များကို ပြည်သူများမှ ဝင်ရောက်ဖတ်ရှုကြခြင်းဖြင့် လတ်တလောဖြစ် ပေါ်နေသည့် အခြေအနေများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသူများအားလုံး အကြား တွင် ဆက်သွယ်မှုလမ်းကြောင်း (line of communication) ကို တိကျပြတ်သားစွာ ဖြင့် စနစ်တကျ ချိန်သားကိုက်ချိတ်ဆက်ဆောင်ရွက်မှု (systematic and synchronized coordination and collaboration) တို့ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းကို ပြည်သူများအား အသိပေအပ်ပါကြောင်း၊

• ထို့အပြင် ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် ရောဂါကာကွယ်တားဆီး ရေးလုပ်ငန်းများ ဆောင်ရွက်နေကြခြင်းဖြစ်သည်ကို နှလုံးသွင်း၍ ကြိုးပမ်းနေကြသည်ကို အသိအမှတ်ပြုချီးကျူးပါကြောင်း နှင့် ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့ပါသည်။


 

ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ eHealth၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ကုသရေး စသည့် ဌာနခွဲနှင့် ကဏ္ဍ များမှ တာဝန်ရှိသူများက -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှု ဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှု ဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊

• ဝန်ကြီးဌာနမှ သံသယလူနာများကို အားထုတ်ကြိုးပမ်း ရှာဖွေပြီး ရောဂါကာကွယ်ထိန်းချုပ် ဆောင်ရွက်မှု မဟာဗျူဟာ (Containment Strategy) ဖြင့်ဆောင်ရွက်နေမှု၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုဆောင်ရွက်မှု အချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှု နှင့် သတင်းပေးပို့ နေမှုအခြေအနေများ၊

• သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊

• ဆေး နှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေများ၊

• လူမှုကွန်ရက် (facebook) တွင် ကောလဟလသတင်းမှားများ ဖန်တီးဖြန့်ဝေနေမှု ကိစ္စရပ်နှင့် ပတ်သက်၍ Myanmar Facebook Team နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့မှု၊

• ကောလဟလသတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ပြန်လည် အသိပေးရှင်းလင်းနိုင်ရေးစသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်း နှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

 


 

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများ နှင့် ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags