NOW LOADING

(၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ ဇန်နဝါရီလ (၈)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တွင် ပြုလုပ်ကျင်းပသည့် (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်-

• ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များနှင့် ကျောင်းများ၊ ဆေးရုံများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဌာနအသီးသီး တို့တွင် သုတေသနပြုလုပ်သည့် သုတေသနယဉ်ကျေးမှု (research culture) ပိုမိုဖြစ်ထွန်း ဖွံ့ဖြိုးစေရေးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

• အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ရပ်လုံး၏ စွမ်းဆောင်ရည်နှင့် ထိရောက် အကျိုးရှိမှု ပိုမိုမြင့်မားစေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သော ကျန်းမာရေးသုတေသန ကဏ္ဍကြီး ပိုမိုအဆင့်မြင့်မားတိုးတက်စေရန် လမ်းပြမြေပုံချမှတ် ဆောင်ရွက်ရာတွင် အားလုံး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊

• ယခုပြုလုပ်သော ကျန်းမာရေးသုတေသနညီလာခံကြီးသည် သုတေသနပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများအားလုံးအတွက် အတွေ့အကြုံနှင့် အသိပညာများ မျှဝေရာ နေရာကြီးလည်းဖြစ်ကြောင်း၊ ညီလာခံတွင် တင်ပြဆွေးနွေးကြသည့် သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များကို နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် လက်တွေ့အသုံးချဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

 

• ဝန်ကြီးဌာနမှ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်(၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း (၁၀ဝ၀)၊ (၂၀၁၈)ခု ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျပ်သန်း (၅၀ဝ)၊ (၂၀၁၈-၂၀၁၉)ခု ဘဏ္ဍာနှစ်တွင် လက်တွေ့ ကျပ်သန်း (၁၅၀ဝ) ကို ခွင့်ပြုချထားပေးခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်အတွက်လည်း ပိုမိုခွင့်ပြုချထားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါ ဘဏ္ဍာငွေများကို အသုံးပြု၍ ဝန်ကြီးဌာနရှိ စီမံချက်လုပ်ငန်းများ၏စီမံခန့်ခွဲအုပ်ချုပ်မှု၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ ပိုမိုတိုးတက်မြင့်မားစေရန်အတွက် လက်တွေအသုံးချ သုတေသနများ တိုးမြှင့်လုပ်ဆောင် ကြပါရန် တိုက်တွန်းပါကြောင်း၊

• INGO/ NGOများ၊ အခြားအဖွဲ့အစည်းများ အနေဖြင့်လည်း ဝန်ကြီးဌာန၏ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆေးသုတေသနဦးစီးဌဦန၏ လူပုဂ္ဂိုလ်များ အပေါ် သုတေသနစမ်းသပ်မှု ဆိုင်ရာ ကျင့်ဝတ်ကော်မတီ (ethics review committee) (သို့မဟုတ်) ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၏ institutional review board များထံမှ စိစစ်ခွင့်ပြုချက်ကို ရယူပြီး ကျန်းမာရေးသုတေသနများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားကြရန် တိုက်တွန်းပါ ကြောင်း၊

 

• ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ဘွဲ့ကြိုနှင့် ဘွဲ့ကြိုသင်တန်းသားများအတွက် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်လုပ်ငန်းများဆောင်ရွက်ရန် လမ်းပြမြေပုံချမှတ်ရာတွင်လည်း သုတေသနပညာရှင်ကြီးများမှ ပါဝင်ကူညီ ဆောင်ရွက်ပါရန် တိုက်တွန်းလိုပါကြောင်း၊

• နိုင်ငံတကာမှ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ဆေးကုမ္ပဏီ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းချိတ်ဆက်၍ multi-centric သုတေသနများဆောင်ရွက်သွားကြ စေလိုပါကြောင်း၊

• ကျန်းမာရေး သုတေသနလုပ်ငန်းကဏ္ဍများသည် ဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်

အမျိုးသားကျန်းမာရေးစီမံကိန်းပါလုပ်ငန်းများကို ဖြည့်ဆည်းအထောက်အကူပြုရန် အတွက် -

- ဆေးနှင့်ဆေးပစ္စည်းကိရိယာများ မှာယူဖြန့်ဖြူးခြင်း၊

- နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ရောဂါအမျိုးအစား၊ ဖြစ်ပွားသည့်နေရာဒေသနှင့် ဖြစ်ပွားမှုနှုန်း၊- ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်၊ လက်ရှိအင်အားနှင့် ခွဲဝေနေရာချထားမှု အခြေအနေ၊

- ဝန်ကြီးဌာန၏ စီမံခန့်ခွဲအုပ်ချုပ်ပုံ စနစ်၊

- ဆေးရုံဖွဲ့စည်းတည်ဆောက်ပုံအနေအထားနှင့် လူနာများလွယ်ကူမြန်ဆန်စွာ စမ်းသပ်စစ်ဆေး ကုသမှုခံယူနိုင်သည့် အခြေအနေ၊

- အရေးပေါ်ဌာနများတွင် လူနာများကို စနစ်တကျစီမံခန့်ခွဲ စောင့်ရှောက်ပေးနိုင်မှု အခြေအနေ၊

- ဝန်ကြီးဌာန၏ လူ့စွမ်းအားနှင့် ဘဏ္ဍာငွေ အရင်းအမြစ်အပါအဝင် အရင်းအမြစ်များ ခွဲဝေသုံးစွဲမှု အစရှိသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း တိုက်တွန်းလိုပါကြောင်း၊

 

• မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry) ကိုလည်း ဆောင်ရွက်လျက်ရှိပြီး သုတေသနဆောင်ရွက်မှု အားနည်းလျက်ရှိသော အရေးကြီး ကဏ္ဍများကို စိစစ်သုံးသပ်ပြီး ဦးစားပေး ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်)တွင် သုတေသနဆိုင်ရာ စွမ်းရည်မြှင့် certificate သင်တန်းများ စတင်ပြုလုပ်လျက်ရှိပြီး နိုင်ငံတကာ တက္ကသိုလ်များနှင့်လည်း ချိတ်ဆက်၍ ပညာသင်များ စေလွှတ်သင်ကြားလျက်ရှိပါကြောင်း၊

• ယခုညီလာခံကြီးတွင် သုတေသနပိုစတာပေါင်း (၉၀)နှင့် စာတမ်း (၁၄၁) ခုတို့ကို ဖတ်ရှုဆွေးနွေးသွားကြမည်ဖြစ်ပြီးယခင်နှစ်များနှင့်နှိုင်းယှဉ်လျင် အရည်အတွက်သာမက အရည် အသွေးပါမြင့်မားလာသည်ကိုတွေ့ရှိရကြောင်း၊

 

• အနာဂတ်မျိုးဆက်သစ်လူငယ်များတွင် သုတေသနလုပ်ငန်းများကို စိတ်ပါဝင်စားမှုရှိစေရန် အတွက်ကိုလည်း ပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊

• ဆောင်ရွက်ထားရှိပြီးသော သုတေသနများမှ တွေ့ရှိချက်နှင့် အကြံပြုချက်များကို လက်တွေ့ အသုံးချမှု စောင့်ကြည့်ဆန်းစစ်သုံးသပ်ရေး ကော်မတီ (research ultilization and monitoring committee) တစ်ခု ဖွဲ့စည်း၍ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ယခုညီလာခံ၏ ခေါင်းစဉ်ဖြစ်သော “Ensure WASH: A global agenda to improve quality of life”နှင့်အညီ ရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းကဏ္ဍများမှ လစ်ဟာချက်များ၊ လိုအပ်ချက်များကို အစိုးရ၊ ပညာရပ်နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ မိတ်ဖက် အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်၍ လူနေမှု ဘဝအရည်အသွေးမြင့်မားတိုးတက်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• သုတေသနလုပ်ငန်းဆောင်ရွက်သူ တစ်ဦးချင်းအတွက်လည်း ခွဲခြမ်းစိတ်ဖြာ စဉ်းစားဆင်ခြင် နိုင်မှု၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်နှံ့စပ်မှုများ ပိုမိုမြင့်မားလာစေမည်ဖြစ်ပါကြောင်း၊

• သုတေသနလုပ်ငန်းများသည် ပညာရပ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုပန်းတိုင်(SDG) ရည်မှန်းချက်များပြည့်မီစေနိုင်မှု၊ နိုင်ငံတော်နှင့် ပြည်သူ့များ၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို များစွာ အထောက်အကူပြုနိုင်သည့် လက်နက်တစ်ခုပင်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညီလာခံတွင် ခင်းကျင်းပြသထားသော ကျန်းမာရေးဆိုင်ရာ သုတေသန ပိုစတာများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

 

     ဆက်လက်၍ ညီလာခံ၊ ယနေ့၊ နံနက်ပိုင်း စာတမ်းဖတ်ပွဲအစီအစဉ်ကို ပြည်ထောင်စု ဝန်ကြီးက သဘာပတိအဖြစ်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက တွဲဘက်သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

     (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးသုတေသန ညီလာခံကို ဇန်နဝါရီလ (၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်းမာရေးသုတေသန စာတမ်း (၁၄၁)ခုနှင့် ပိုစတာ (၉၀)ခုတို့ကို ဖတ်ကြား တင်ပြခြင်း၊ နှီးနှောဖလှယ်မှု အစီအစဉ် (Symposium) (၁၀)ခုနှင့် ဟောပြောပွဲ (Scientific Talks) (၈) ခု ပါဝင်မည်ဖြစ်ပါသည်။ အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာသုတေသန ပညာရှင်များ၊ INGO/NGO များနှင့် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား၊ UK၊ ကိုရီးယားနိုင်ငံများမှ သုတေသနပညာရှင်များတက်ရောက်လျက်ရှိပါသည်။

 
 

More Tags