(၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား (25-11-2019)

နေပြည်တော်၊ (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာ (၂၅) ရက်နေ့

     (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ ( ၉ )ခုမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက (၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ရန် အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် (၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီး ကော်မတီကို (၈) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၆) ရပ် ချမှတ်ပေးခဲ့ပါကြောင်း၊

ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခင်နှစ်များကဲ့သို့ လုပ်ငန်းကော်မတီ(၁)ခုနှင့် ဆပ်ကော်မတီ(၉)ခုကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များချမှတ်ကာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ယနေ့ကျင်းပသည့် အစည်းအဝေးသည် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်း ရင်းဆေး သမားတော်များညီလာခံနှင့်နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ နှင့် နှီးနှောဖလှယ်ပွဲများကို ရန်ကုန်မြို့တွင် (၆)ကြိမ်၊ နေပြည်တော်တွင် (၁၃)ကြိမ်၊ စုစုပေါင်း (၁၉)ကြိမ်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကျင်းပပြီးခဲ့သည့် ညီလာခံအဆက်ဆက် တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းဖြင့် တာဝန်ယူဆောင်ရွက်နိုင် ခဲ့သည် မဟုတ်ဘဲ နှီးနွယ်ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုများကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကျင်းပ မည့် (၂၀)ကြိမ်မြောက် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင်လည်း ဆက်စပ်နေသည့် ဝန်ကြီးဌာနများအနေဖြင့် အစဉ်အလာ မပျက် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊

ယခုကျင်းပမည့် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတိုင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့မည်ဖြစ်ပြီး ဒုတိယသမ္မတက အခမ်းအနားကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားပြီးပါက ညီလာခံကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပါကြောင်း၊ နောက်ရက်တွင် နှီးနှောဖလှယ်ပွဲ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားသို့ တိုင်းရင်းဆေးကောင်စီဝင် များ၊ အနယ်နယ်အရပ်ရပ်က ညီလာခံကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပက အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၂၈)ဦးခန့် တက်ရောက်မည့်အပြင် တိုင်းရင်းဆေးပညာရပ်ဝန်း အလွှာအသီးသီးမှ တိုင်းရင်းဆေးပညာရှင် များနှင့် ဘာသာရပ်ဆိုင်ရာ နှီးနွှယ်သောပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားပါကြောင်း၊

(၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ကျင်းပရသည့် ရည်ရွယ်ချက်(၄)ချက်မှာ “မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေး ပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေရန်” ၊ “မြန်မာ့တိုင်းရင်း ဆေးဆရာတို့၏ အရည်အချင်းနှင့် ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်”၊ “တိုင်းရင်းဆေး ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်း၊ ပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန်”နှင့် “တိုင်းရင်းဆေးဝါးကုန်ကြမ်းများ ပြည်တွင်း၌ ဖူလုံစွာရရှိစေရန် အတွက် ဦးစီးဌာန ပရဆေးဥယျာဉ်များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်လာစေရန်” တို့ဖြစ်ပါကြောင်း၊

ထို့ပြင် မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှီးနှောဖလှယ်ပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်(၄)ချက်မှာ “မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့်ပေးရန်”၊ “အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မား သည့် အစွမ်းထက် တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်”၊ “တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအားပဏာမ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းဆေးဆရာများ၏ အစွမ်းထက် ကုထုံးများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်” နှင့် “ပြောင်းလဲလာသည့် နိုင်ငံတကာစီးပွားရေး မူဝါဒနှင့်အညီ အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် မြန်မာ့တိုင်းရင်းဆေးဝါးများ ပြည်ပသို့ တင်ပို့နိုင်ရေး၊ ပြည်ပမှ အရည်အသွေးပြည့်မီသော တိုင်းရင်းဆေးဝါးများ တင်သွင်းလာစေရေး ဆောင်ရွက်ရန်” တို့ဖြစ်ပါကြောင်း၊

ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ အလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို သေချာစွာပူးပေါင်းညှိနှိုင်းဆောင်ရွက်သွား ရန်၊ ညီလာခံ၏ ရည်မှန်းချက်နှင့် ညီလာခံက ထွက်ပေါ်လာသည့် လုပ်ငန်းလမ်းညွှန်ချက်များ ကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ညီလာခံ၏ အကြံပြုချက်များသည် များစွာ အကျိုးရှိပြီး ၎င်းအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက မြန်မာ့တိုင်းရင်းဆေးဝါး များသည် နိုင်ငံတကာကို ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ်အခမ်းအနားတွင် တိုင်းရင်းဆေး ပညာရပ်၏ တိမ်မြုပ်နေသော ဝိဇ္ဇာဓရဆိုင်ရာ ဗီဒီယိုမှတ်တမ်းတင်ပြကွက်များ၊ မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များစာအုပ် မိတ်ဆက်သည့်ပြကွက်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားလာပါက Online စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို တင်ပြသွားမည်ဟု သိရှိရ၍ထူးခြားမှုရှိပါကြောင်း၊ ညီလာခံက ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များကို နောင်နှစ်ညီလာခံမတိုင်မီတွင် အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊

ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ယခင်နှစ်ကျင်းပခဲ့သည့် အတွေ့အကြုံများအပေါ်အခြေခံပြီး အကောင်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်နှင့် အဘက်ဘက်မှ လစ်ဟာမှုမရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊

     အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် (၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ပြောကြားသည်။

 

     ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ နှင့် နှီးနှောဖလှယ်ပွဲ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းရင်းဆေးသင်တန်းသားများကို နိုင်ငံခြားသို့ သင်တန်းများစေလွှတ်နေမှု အခြေအနေ၊ မြန်မာ့တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရန် ဘဏ္ဍာငွေလျာထားမှု အခြေအနေ၊ ပြည်သူများအား တိုင်းရင်းဆေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးသမားတော်များ ပေါ်ထွက်လာရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မြန်မာ့တိုင်းရင်းဆေး ကောင်စီအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

     ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

     ယင်းနောက် မြန်မာတိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဌာနမှူး ဦးဇော်ထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးကြီးဇေယျ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်တို့က အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းတင်ပြ ကြသည်။ ထို့နောက် ဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 
 

More Tags