NOW LOADING

(၂၀၁၇) ခုနှစ် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း နှစ်ပတ်လည်လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာလ (၈) ရက်

     အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ ၂၀၁၇-ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်၊ မက်(စ်) ဟိုတယ်၌ ယနေ့နံနက် (၉: ဝ၀) နာရီတွင် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးမှပြောကြားရာတွင် -

• အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း အနေဖြင့် နှစ်စဉ်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲများကို ဗဟိုနှင့် ပြည်နယ်တိုင်းဒေသကြီးများမှ တီဘီရောဂါဆိုင်ရာဆရာဝန်ကြီးများ၊ မိတ်ဆက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင် ရာဝန်ထမ်းများ စုံလင်စွာပါဝင်ကျင်းပလျက်ရှိသည်ကို သိရှိရ၍ ဝမ်းမြောက်ပါကြောင်း၊

• တီဘီရောဂါဖြစ်ပွားမှုအကြောင်းရင်းများသည် မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဖြစ်ပွားမှုလျော့နည်းကျဆင်းစေရန် ဆောင်ရွက်ပေးနိုင်သည်များရှိ သကဲ့သို့ မိမိတို့ဆောင်ရွက်နိုင်သည့် ပမာဏထက်ကျော်လွန်၍ အခြားဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများလည်းရှိပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း တီဘီဝန်ထမ်းများမှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေခြင်းကို တွေ့ရှိရ၍ ကျေနပ်အားရမိပါကြောင်း၊

• တီဘီရောဂါဖြစ်ပွားခြင်းအကြောင်းအရင်းများတွင် အဓိကအကြောင်းအချက်အနေဖြင့် ပြည်သူတို့၏ တီဘီရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာမြင့်မားမှုသည် အထူးအဓိကကျပါကြောင်း၊ ပြည်သူတို့မှ တီဘီ ရောဂါဆိုင်ရာလက္ခဏာများကို ရှေးဦးစွာသတိပြုမိမှု၊ တီဘီရောဂါ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြီး ကုသမှုခံယူလိုမှု၊ တီဘီဆေးပတ်လည်အောင် မှန်ကန်စွာသောက်မှု စသည့် အချက်များကို ပြည်သူလူထုမှ ပိုမိုလက်ခံသိရှိအောင် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး စသည်တို့သည် အလွန်အဓိကကျပါကြောင်း၊


 

• တီဘီရောဂါဆိုင်ရာ ဆရာဝန်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် တီဘီရောဂါကို ကာကွယ်နှိမ်နင်းထိန်းချုပ်ရာတွင် ပြည်သူလူထုအတွင်းရှိနေနိုင်သည့် တိမ်မြုတ်လျက်ရှိသော တီဘီလူနာများကို ရှာဖွေကုသ ပေးခြင်း တစ်နည်းအားဖြင့် တီဘီရောဂါဖြစ်ပြီး မိမိကိုယ်တိုင်သတိပြုမိမှု မရှိသော၊ တီဘီရောဂါကုသမှုကိုမခံယူရသောလူနာများအား ထိရောက်စွာရှာဖွေကုသ၍ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးသည် အထူး အရေးပါကြောင်း၊

• တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တီဘီရောဂါဆိုင်ရာဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှလည်း အဆိုပါလူနာများကို ပူးပေါင်းရှာဖွေဖော်ထုတ်ကုသလျက်ရှိကြောင်း သိရှိရ၍ အထူး ကျေနပ်ပါကြောင်း၊

• ရောဂါတိုက်ဖျက်ရေးစီမံကိန်းများအနေဖြင့် ယခုကဲ့သို့လုပ်ငန်းဆန်းစစ်သုံးသပ်မှုများ ဆောင်ရွက်ရာတွင် ပြတ်ပြတ်သားသား ဝေဖန်သုံးသပ်ဆောင်ရွက်၍ တွေ့ရှိချက်များနှင့် ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး ပေးရန် လိုအပ်သည့်အချက်များကိုလည်း ပွင့်ပွင့်လင်းလင်းတင်ပြကြရန် လိုအပ်ပါကြောင်း၊

• အချို့ဒေသများတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ ကျဆင်းလာကြောင်းသိရှိရ၍ ဝမ်းမြောက်မိသော်လည်း အမှန်တကယ်ကျဆင်းလာခြင်း (သို့မဟုတ်) စာရင်းဇယားပြည့်စုံမှုမရှိ၍ ကျဆင်းလာခြင်းကို ခွဲခြမ်း စိတ်ဖြာ သုံးသပ်၍ လိုအပ်ပါကြောင်း၊


 

• လုပ်ငန်းများဆောင်ရွက်မှုများ ယခုထက်ပိုမိုထိရောက်အောင်မြင်စေရေးအတွက် လက်တွေ့ အသုံးချလုပ်ငန်းသုတေသန (Implementation Research) များ တွဲဖက်လုပ်ကိုင်၍ ပိုမိုတိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

• တီဘီရောဂါထိန်းချုပ်ကာကွယ်ရေးတွင် အထူးအရေးကြီးသည်မှာ စာရင်းဇယားမှန်ကုန်မှု ဖြစ်ပါကြောင်း၊ လက်ရှိအသုံးပြုနေသော စာရင်းဇယားစနစ်သည် ကောင်းမွန်၍ကျေနပ်ဖွယ်ဖြစ်သော်လည်း ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း၊

• ရှာဖွေတွေ့ရှိရန်လိုအပ်သော (missing case) များအပါအဝင် တီဘီလူနာသစ်ရှာဖွေရန် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈-၂၀၂၀ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ (၁၀)သန်း ထပ်မံထောက်ပံ့ခဲ့ပြီး 3 MDG မှာလည်း ထပ်မံထောက်ပံ့ပေးရန်ရှိရာ အဆိုပါရန်ပုံငွေများကို စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း၊

• တီဘီရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ဆန်းသစ်တီထွင်သောနည်းလမ်းဖြင့် ကြိုပမ်းဆောင်ရွက်ကြစေလိုကြောင်း၊

• တီဘီရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထွေထွေရောဂါကု ဆရာဝန်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြေင်း၊ တီဘီလူနာများအား မဖြစ်မနေ အကြောင်းကြားရန် (Mandatory TB case Notification) အမိန့်ကြော်ငြာသည် ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလက ထွက်ရှိနေပြီဖြစ်ပါ၍ အားလုံးကပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊

• တီဘီလူနာများကို တိုးမြှင့်ရှာဖွေရန် Digital Mobile X-ray Rom ကား(၅)စီး အသုံးပြုသွားမည်ဖြစ်ရာ မည်သည့်နေရာဒေသ၌ မည်သည့်နည်းဗျူဟာဖြင့် ဆောင်ရွက်မည်ကို သတ်မှတ်၍ ညွှန်ကြားချက်များ ပြုလုပ်ထားရမည်ဖြစ်ပါကြောင်း၊

• တီဘီ၊ အိပ်(ချ်)အိုင်ဗွီ ပူးပေါင်းကုသခြင်း လုပ်ငန်းများအား ၂၀၁၅-ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၆-ခုနှစ်တွင် တစ်နိုင်ငံလုံးရှိမြို့နယ်အားလုံးကို လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သော်လည်း တီဘီလူနာများ တွင် အိပ်(ချ်)အိုင်ဗွီ ပိုး ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ART coverage အနည်းဆုံး (၉၀%)ရရှိရန် ကြိုးစားဆောင်ရွက်ရန်မှာကြားလိုကြောင်း၊


 

• ၂၀၁၂-၂၀၁၃ ခုနှစ်တွင်ဆောင်ရွက်ခဲ့သော 3rd Drug Resistance Survey အရ ဆေးယဉ်ပါးတီဘီရောဂါသည် သလိပ်ပိုးတွေ့ တီဘီလူနာသစ်များတွင် (၅%) ခန့်နှင့် တီဘီရောဂါ ပြန်ဖြစ်လူနာများတွင် (၂၇%) ခန့်တွေ့ရှိခဲ့ရပြီး ဆေးယဉ်ပါးတီဘီရှာဖွေတွေ့ရှိသူများအားလုံးတွင် ဆေးကုသပေးနိုင်မှုလိုအပ်ချက်ကို ၂၀၁၂ ခုနှစ်တွင် (၄၃%) ရှိရာမှ ၂၀၁၇ ခုနှစ်တွင် (၁၇%) သို့ လျှော့ချနိုင်ခဲ့ကြောင်း၊

• ကမ္ဘာတစ်ဝန်း ဆေးယဉ်ပါးတီဘီ(MDRTB)/ ဆေးပေါင်းစုံယဉ်ပါးသောတီဘီ (XTR-TB) ရှာဖွေကုသမှုလုပ်ငန်းမှ လေ့လာတွေ့ရှိသော ဖြေရှင်းနည်းများကို မိမိနိုင်ငံအခြေအနေအရ လိုအပ်သလို ထည့်သွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များ၌ BSL-3 တီဘီဓါတ်ခွဲခန်းများဖြင့် ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ Rapid Diagnostic Test ဖြစ်သော Gene-Xpert စုစုပေါင်း (၈၆)လုံးဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတို့တွင် လွှမ်းခြုံဆောင်ရွက်လျက်ရှိပါကြောင်း၊

• တီဘီရောဂါတိုက်ဖျက်ရေးမှာ ယခုလိုအောင်မြင်မှုများရရှိလာသည့်အတွက် ဗဟိုတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုအား ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းနှင့်

• နိဂုံးချုပ်အနေဖြင့် ယခုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပြီး ဖြစ်နိုင်ချေရှိသော ဆောင်ရွက်ရန်အချက်များ ချမှတ်ကြရန်ဖြစ်ကြောင်း နှင့် ဆွေးနွေးပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူများအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်မှ မြန်မာနိုင်ငံတီဘီရောဂါအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည်လုပ်ငန်းများ၊ လိုအပ်ချက်များ၊ ပံ့ပိုးပေးရန် လိုအပ်မည့်အချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ထို့နောက် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှ တီဘီရောဂါဆိုင်ရာတာဝန်ခံ ဆရာဝန်ကြီးများမှ မိမိတို့ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် တီဘီရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဆန်းစစ်သုံးသပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တီဘီရောဂါဆိုင်ရာ တာဝန်ရှိသူမှလည်း တီဘီရောဂါနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။

     အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်/ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ပြည်နယ်/ တိုင်းဒေသကြီးမှ တီဘီတာဝန်ခံဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန် အသင်း စသည့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags