NOW LOADING

(၁၃) ကြိမ်မြောက် မြန်မာနိုင်ငံ မေ့ဆေးပညာရှင်များ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီလ (၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်း၌ Sule Shangri-La Hotel၊ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ သြစတြေးလျ၊ အမေရိကန်၊ ယူအေအီး၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့မှ မေ့ဆေးပညာရှင်ကြီး (၆၀)ဦး နှင့် မြန်မာနိုင်ငံမှ မေ့ဆေးပညာရှင်ကြီး (၁၄)ဦးတို့က ဟောပြောဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ တက်ရောက်သူ စုစုပေါင်း (၅၃၀)ဦးတက်ရောက်လျက်ရှိသော“(၁၃) ကြိမ်မြောက် မြန်မာနိုင်ငံ မေ့ဆေးပညာရှင်များ ညီလာခံ (13th Biennial Myanmar Conference of Anaesthesia and Intensive Care)” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

     ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား ညီလာခံတက်ရောက်လာ ကြသူများက အလေးပြုခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့သော ညီလာခံမျိုးကို (၁၃)ကြိမ်မြောက်တိုင်အောင် ကျင်းပပြုလုပ်နိုင်ခြင်းသည် မြန်မာနိုင်ငံ မေ့ဆေးပညာရှင်များ၏ စည်းလုံးညီညွတ်မှုရှိခြင်း၊ မေ့ဆေးပညာရပ်နယ်ပယ်ကို ပိုမို တိုးတက်ဖွံ့ဖြိုးစေလို စိတ်ရှိခြင်းကို ပြသနေပါကြောင်း၊

• နိုင်ငံတကာတွင် မေ့ဆေးပညာရပ်သည် နည်းပညာရပ်ပိုင်း၊ ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာပိုင်းစသည်ဖြင့် ဘက်ပေါင်းစုံ၌ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း ပိုမိုကြိုးစား အားထုတ်မှုများပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံမှ မျိုးဆက်သစ် မေ့ဆေးပညာရှင်များအနေဖြင့် ညီလာခံတက်ရောက်သူ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ဝါရင့်ပညာရှင်ကြီးများထံမှ အတွေ့အကြုံနှင့် အမြင်များ ရယူဖလှယ်နိုင်ခြင်း၊ ခေတ်မီ နောက်ဆုံးပေါ် ကုထုံးများကို သိရှိနိုင်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သဖြင့် အကျိုးရှိ ထိရောက်စွာ အသုံးချစေလိုပါကြောင်း၊

• ယခုကဲ့သို့သော ညီလာခံကြီးများတွင် အောင်မြင်မှုများနှင့် အားသာချက်များကိုသာမက အားနည်းချက်၊ လိုအပ်ချက်နှင့် စိန်ခေါ်မှုများကိုပါ ထည့်သွင်းဆွေးနွေးသွားကြရမည် ဖြစ်ပါကြောင်း၊


 

• ယခုညီလာခံကြီးများတွင် ဆွေးနွေးမည့်ခေါင်းစဉ်များမှာလည်း အထူးကျယ်ပြန့်ပြီး အကြောင်းအရာစုံလင်သဖြင့် မြန်မာနိုင်ငံ၏ မေ့ဆေးပညာရပ်နယ်ပယ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် များစွာအထောက် အကူ ပြုနိုင်မည်ဖြစ်ကာ နိုင်ငံတကာမှ အတွေ့အကြုံများအနက် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် ကိုက်ညီ သဟဇာတဖြစ်မည့် အချက်များကို ကောက်ယူ အသုံးချသွားကြရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများ အပါအဝင် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများသည် များပြားလျက်ရှိရာ အဆိုပါလူနာများကို ကုသမှုပေးရန်အတွက် မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှု ပညာရှင်များအင်အား လိုအပ်ချက်များစွာရှိနေပါကြောင်း၊

• လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် ပညာရပ်အသီးသီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှု အထောက်အကူပြုပညာရှင်များ အားလုံးပါဝင် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ မေ့ဆေး ပညာရပ်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မေ့ဆေးအထူးပြု သူနာပြုများနှင့် နှီးနွယ်ကျွမ်းကျင်ဝန်ထမ်းများလည်း အဓိက လိုအပ်ပါကြောင်း၊

• ခွဲစိတ်ကုသမှုနှင့် ခွဲစိတ်မွေးဖွားမှုတို့တွင် ခွဲစိတ်ပညာရှင်များ မည်မျှပင်တော်တတ် ကောင်းမွန်စေကာမူ မေ့ဆေးပညာရှင်များ၏ စွမ်းဆောင်ရည်မကောင်းမွန်ပါက ခွဲစိတ်မှုမှာ အောင်မြင်ကောင်းမွန်နိုင်မည် မဟုတ်ပါကြောင်း၊


 

• တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်နှင့် တိုက်နယ်အဆင့်တို့တွင် မေ့ဆေးပညာရှင် အင်အား လိုအပ်ချက်များ ရှိနေပါကြောင်း၊

• မေ့ဆေးပါမောက္ခကြီးများမှလည်း ဘွဲ့လွန်မေ့ဆေးပညာရှင်များ ယခုထက်ပိုမိုမွေးထုတ်ပေးနိုင်ရေး ဆွေးနွေးတိုင်ပင်ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• (၂၀၁၅)ခုနှစ် ကမ္ဘာ့ကျန်းမာရေးအစည်းအဝေးမှ ဆုံးဖြတ်အတည်ပြုချက် (၆၈.၁၅)တွင် အရေးပေါ်နှင့် အခြေခံမရှိမဖြစ် ခွဲစိတ်ကုသမှုနှင့် မေ့ဆေးပညာရပ်ဖြင့်ကုသမှုတို့သည် “လူတိုင်းလက်လှမ်းမီ လွှမ်းခြုံသော သာတူညီမျှကျန်းမာရေး”ရရှိစေရေးအတွက်အချက်တစ်ခုဖြစ်ကြောင်းဖော်ပြထားရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မေ့ဆေးပညာရပ်ပိုမိုတိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရန် တိုက်တွန်းထားရှိပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ရာတွင် ပိုမိုအရည်အသွေးပြည့်ဝ၍ ပိုမိုဘေးကင်းစိတ်ချရစေရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ် ပွဲများ ယခုထက်ပိုမိုပြုလုပ်သွားစေလိုပါကြောင်း၊


 

• တိုက်နယ်နှင့် မြို့နယ် ဆရာဝန်များ၏ မေ့ဆေးပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်များ ယခုထက်ပိုမိုမြှင့်တင်ပေးရန်ကိုလည်း အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မှစ၍ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများတွင် အထူးကြပ်မတ် ကုသမှုဌာန (ICU) နှင့် နှလုံးအထူးကြပ်မတ်ကုသမှုဌာန (CCU)တို့ကို တွဲဆက်၍ တိုးချဲ့ဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ယခု ညီလာခံတွင် ဟောပြောဆွေးနွေးမှုများ၊ အကြံပြုချက်များကို နိုင်ငံတစ်ဝန်းရှိ ပညာရှင်များပါသိရှိနိုင်ရေး ဖြန့်ဝေပေးစေလိုပါကြောင်း၊

• မေ့ဆေးပညာရပ်နယ်ပယ် ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံမေ့ဆေးပညာရှင်များအဖွဲ့ အပါအဝင် နှီးနွယ်အသင်း အဖွဲ့များ၊ ဌာနများ အားလုံး လက်တွဲပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာအေးအောင်နှင့် မြန်မာနိုင်ငံမေ့ဆေးပညာရှင်များအဖွဲ့၊ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ပါမောက္ခဒေါက်တာအောင်ရွှေစောတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားအသီးသီးပြောကြားခဲ့ကြပါသည်။


 

     ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညီလာခံ အထိမ်းအမှတ်ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

     အဆိုပါ ညီလာခံကို ဖေဖော်ဝါရီလ (၆)ရက်နေ့မှ (၉)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကာ တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ သြစတြေးလျ၊ အမေရိကန်၊ ယူအေအီး၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့မှ မေ့ဆေးပညာရှင်ကြီး (၆၀)ဦး နှင့် မြန်မာနိုင်ငံမှ မေ့ဆေးပညာရှင်ကြီး (၁၄)ဦးတို့က ဟောပြောဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ တက်ရောက်သူ စုစုပေါင်း (၅၃၀)ဦးတက်ရောက်လျက်ရှိပါသည်။

 
 

More Tags