NOW LOADING

အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Mahatma Gandhi International Sanitation Convention နှင့် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကင်ဆာညီလာခံတို့သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ (၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် စက်တင်ဘာလ (၂၉)ရက်နေ့ မှ အောက်တိုဘာလ(၂) ရက်နေ့ အထိ ကျင်းပပြုလုပ် သည့် Mahatma Gandhi International Sanitation Convention နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာလ(၁)ရက်နေ့ မှ (၄)ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် World Cancer Congress များသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။


 

     အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်သည့် Mahatma Gandhi International Sanitation Convention ဖွင့်ပွဲ အခမ်းအနားကို အိန္ဒိယနိုင်ငံ သမ္မတ H.E Mr. Ram Nath Kavind တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အာရှ၊ အာဖရိက၊ အရှေ့ဥရောပနှင့် လက်တင်အမေရိကရှိ နိုင်ငံပေါင်း (၆၇) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများ၊ ဘဏ္ဍာရေးဝန်ကြီးများ၊ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးများ၊ ရေအရင်းအမြစ်ဆိုင်ရာဝန်ကြီးများ၊ စွမ်းအင်နှင့်စီမံကိန်းဆိုင်ရာ ဝန်ကြီးများ၊ ဖိတ်ကြား ထားသူများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


 

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တင်ပြဆွေးနွေးရာတွင်

- ယခုအစည်းအဝေးမှ စဉ်ဆက်ပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (Sustainable Development Goals)မှ ရည်မှန်းချက်အမှတ် (၆) ဖြစ်သော သန့်ရှင်းသည့် သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး (Goal 6: Clean Water and Sanitation) ပြည့်မီစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါကြောင်း၊

- မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို ဖိတ်ကြားပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ရည်မှန်းချက်ကို သတ်မှတ်အချိန်များအတွင်း ပြည့်မီစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေပြင်တွင် မစင်စွန့်မှု ကင်းစင်ခြင်း (Open Defecation Free - ODF) နှင့်ပါတ်သက်၍ အိန္ဒိယနိုင်ငံ၏ အောင်မြင်မှုကိုလည်း ချီးကျူး မှတ်တမ်းတင်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် Strategic Partnerships ၊ Urban Sanitation and Focal Sludge Management ၊ Gender and Inclusive Sanitation ၊ Sustaining Open Defecation Free Status ၊ Sanitation as everyone’s business ၊ Technology and Innovation ခေါင်းစဉ်များဖြင့် ကျွမ်းကျင်မှုဆိုင်ရာ Parallel Technical Sessions များ၌ပါဝင်ဆွေးနွေးခဲ့ပါသည်။

     ဖိတ်ကြားထားသည့်နိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများက Mahatma Gandhi မွေးဖွားနေထိုင်ခဲ့ရာ Gujarat ပြည်နယ် Ahmedabad မြို့သို့သွားရောက်၍ ယင်းမြို့၌ မြေပြင်၌မစင်စွန့်မှုစနစ်လုံးဝမရှိတော့သည့် စီမံချက် ဆောင်ရွက်ထားရှိရာ ကျေးရွာများသို့ ရောက်ရှိခဲ့ပြီး ကျောင်းကျန်းမာရေးဆောင်ရွက်ထားရှိမှု၊ Primary Health Care Center နှင့် ကိုယ်ဝန်ဆောင်နှင့် မွေးပြီးမိခင် အာဟာရစောင့်ရှောက်မှုလုပ်ငန်း၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် Sanitary Latrine ဆောင်ရွက်ထားရှိမှုများအား သွားရောက် လေ့လာခဲ့ပါသည်။


 

     ဆက်လက်၍ ညီလာခံ ဒုတိယနေ့ အစီအစဉ်များကို နယူးဒေလီမြို့ Pravasi Bharative Kendra အဆောက်အဦး၌ ဆက်လက်ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်၊ ဘော(စ်)ဝါနာ၊ ကမ္ဘောဒီးယား၊ ကာဂျစ်စတန်၊ လိုင်ဘေးရီးယား၊ မောဒေ့(ရှ်)၊ မိုဇမ်ဘစ်၊ ဂါနာ၊ တာမီနစ်တန်၊ ဘူတန်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်-

- မိမိတို့တိုင်းပြည်၌ UNICEF, WHO နှင့်အခြား INGOs ၊ CBO များ၏ အကူအညီဖြင့် Sanitation လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့သော်လည်း စနစ်ကျစွာ တာဝန်ကိုယ်စီဖြင့် ပိုမိုတွန်းအားပေး ဆောင်ရွက်ရန်လိုအပ်နေသေးပါကြောင်း၊

- အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ၌လည်း ဤကိစ္စများကို ထည့်သွင်းရေးဆွဲထား ပြီးဖြစ်သော်လည်း ပိုမိုအလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

- မြန်မာနိုင်ငံတွင် Political Commitment ရရှိပြီးဖြစ်သော်လည်း ပုဂ္ဂလိက ကဏ္ဍ နှင့် အလှူရှင်အဖွဲ့အစည်း များ၏ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာအောင် ဆွဲဆောင်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သည့် World Cancer Congress သို့ တက်ရောက်ခဲ့ပြီး City Cancer Control 2025 (Yangon City) စီမံချက် ဆောက်ရွက်လျက်ရှိသော Union for International Cancer Control (UICC) နှင့် Colleges and Institutes Canada (CICan) တို့မှ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍

 


 

- ရန်ကုန်မြို့၌ ကင်ဆာရောဂါ ကာကွယ်ကုသရေးစီမံချက်ကို တက်ကြွစွာဆောင်ရွက် ပေးလျက်ရှိ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

- ယခုရေးဆွဲထားပြီးသော ရည်မှန်းချက် (၁၆) ခုအနက်မှ ဦးစားပေးရည်မှန်းချက်များကို ရွေးချယ်ပြီး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

- CBO များနှင့် အခြားစိတ်ပါဝင်စားသည့် အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်နိုင် ရေးအတွက်လည်း Guideline များကြိုတင်ရေးဆွဲ လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်ထားရှိမှုများအားလည်း အခြား ပြည်နယ်/တိုင်းဒေသကြီးများမှ တတ်နိုင်သမျှ လိုက်ပါဆောင်ရွက်နိုင်စေရန် သတင်းအချက်အလက်များ မျှဝေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။


 

     ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် လက်ရှိ UICC President နှင့်လည်းကောင်း UICC CEO နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး Knowledge Sharing အတွက် Tablet Phone များ စီစဉ် ဆောင်ရွက်ထားရှိမှုများ ယင်းမှတဆင့် ကင်ဆာရောဂါအကြောင်း လူထုမှ ပိုမိုပါဝင်သိရှိနိုင်ရေးနှင့် ရောဂါရှာဖွေ ကုသနိုင်ရေး အတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည့် နည်းလမ်းများ၊ Oncology Nurse specialty training သင်တန်းပေးရေးကိစ္စများ၊ လက်ရှိ ကျေးလက်ကျန်းမာရေးဌာနများရှိ လူထုကျန်းမာရေးဆေးခန်း (Community Health Clinic) များတွင် မကူးစက်တတ်သောရောဂါများ (Non-communicable diseases - NCDs) ပဏာမရှာဖွေ၊ ကုသပေးနေသည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ယင်းနောက် World Cancer Congress သို့ ရောက်ရှိနေကြသော အမေရိကန်နိုင်ငံ အခြေစိုက် Direct Relief မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အရည်အသွေးကောင်းမွန်သော ကင်ဆာဆေးဝါးများနှင့် အခြား မကူးစက်တတ်သောရောဂါဆိုင်ရာဆေးဝါးများ လက်ခံရရှိရေးနှင့် သွေးကင်ဆာရောဂါအတွက်လိုအပ်နေသော ဆေးများ လှူဒါန်းမည့် ကိစ္စများနှင့် ရေရှည်အတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ၊ Multicentric Research ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ကင်ဆာရောဂါကု ဓါတ်ကင်စက်များထုတ်လုပ်သော အမေရိကန်နိုင်ငံ အခြေစိုက် Varian မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကင်ဆာရောဂါ ဓါတ်ကင်ရန် စောင့်ဆိုင်းနေရသော ဝေဒနာရှင်များအတွက် စောင့်ဆိုင်းရချိန် လျော့ချနိုင်ရေးအတွက် လိုအပ် လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ရေး၊ လေ့ကျင့်သင်ကြားရေး ဌာနများ ဖွင့်လှစ်နိုင်ရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။


 

     ထို့နောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်-

- ကင်ဆာရောဂါအကြောင်း လူထုမှ ပိုမိုပါဝင်သိရှိနိုင်ရေးနှင့် စောစီးစွာ ရောဂါရှာဖွေနိုင်ရေးဆိုင်ရာ စကားဝိုင်းသို့ တက်ရောက်ပြီး မိမိတို့ နိုင်ငံတွင် ကင်ဆာရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များ၊ မဟာဗျူဟာများ ချမှတ်ပြီးဖြစ်သော် လည်း ပါဝင်ဆောင်ရွက်ကြသူအားလုံး ၊တာဝန်ရှိသူများအားလုံးက မိမိတို့၏အခန်းကဏ္ဍအလိုက် စနစ်တကျ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ရန်လိုအပ်ပါကြောင်း၊

- တစ်ဖက်မှလည်း ပြည်သူလူထု၏ကျန်းမာရေးဆိုင်ရာ အသိပညာများတိုးပွားလာအောင် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

     ညနေပိုင်းတွင် UICC ၏ဥက္ကဌအသစ်အဖြစ် ရွေးချယ်ထားသည့် ဂျော်ဒန်မင်းသမီး Princess Dina နှင့် တွေ့ဆုံ၍ City Cancer Control (2025) စီမံချက်အတွက် ရွေးချယ်ထားသည့် မြန်မာနိုင်ငံ ရန်ကုန်မြို့ အပါအဝင် ပါရာဂွေးနိုင်ငံ Asuncion မြို့၊ ကိုလံဘီယာနိုင်ငံ Cali မြို့နှင့် ဂါနာနိုင်ငံ Kumasi မြို့ စသည့် မြို့ကြီးများအချင်းချင်း လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်မှုများ၊ အတွေ့အကြုံများနှင့် အခက်အခဲများကို ဖလှယ်နိုင်ရန် Website တစ်ခုဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် မြန်မာနိုင်ငံ၌ ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် Palliative Care Clinic ဖွင့်လှစ်မည့် အစီအစဉ်နှင့် Oncology Nurse သင်တန်းပေးရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ အခြေစိုက် DSM အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဈေးသက်သာစွာဖြင့် အာဟာရဖြည့်စွက်ဆန် ထုတ်လုပ်ရောင်းချရေးဆိုင်ရာကိစ္စများနှင့် သုတေသန ဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ (၄) ရက်နေ့ မလေးရှားနိုင်ငံ မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

 
 

More Tags