အသွားအလာကန့်သတ်ခြင်း (quarantine) ပြုလုပ်ရန် နေရာအဖြစ်အသုံးပြုမည့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်သို့ ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းသွားရောက်ကြည့်ရှု

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင်​ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်သို့သွားရောက်၍ “COVID-19 ရောဂါဖြစ်ပွားရာနေရာဒေသ၊ နိုင်ငံများမှ ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာကြသူများနှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများမှ မည်သည့်ရောဂါလက္ခဏာတစ်စုံတစ်ရာမျှမရှိသူများအား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine)” လုပ်ငန်းများဆောင်ရွက်ရာ၌ ထားရှိရန်အတွက် “ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ” မှ ပံ့ပိုးပေးသောနေရာများ စီစဉ်နေမှုကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။


 

    ထိုသို့သွားရောက်ကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများအား -

• အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဆောင်ရွက်ရာ ယခုကျောင်းတိုက်တွင် လုပ်ငန်းကြီးကြပ်ရန် တာဝန်ခံအရာရှိတစ်ဦးနှင့် လုပ်ငန်းဆောင်ရွက်ရန် ကျန်းမာရေးအဖွဲ့များ တာဝန်ချထားရမည်ဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပမိခင်နှင့်ကလေးဆေးရုံသို့ ဘဏ္ဍာငွေများ ထပ်မံခွဲ‌ဝေချထားပေးခဲ့ပါကြောင်း၊

• COVID-19 ရောဂါကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရန်မှာ အချိန်နှင့်အမျှအရေးကြီးသဖြင့် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအား လုပ်ပိုင်ခွင့် (delegation of authority) အပြည့်အဝပေးအပ်ထားပါကြောင်း၊ ဆုံးဖြတ်ချက်ချလုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ပြီး ဗဟိုအဆင့်သို့ သတင်းပေးပို့ရန်သာဖြစ်ပါကြောင်းပြောကြားခဲ့ပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


 

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒအား လျှောက်ထားတင်ပြရာတွင် -

• ယခုကဲ့သို့ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ရန် နေရာများပံ့ပိုးခြင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း လျှောက်ထားတင်ပြခဲ့ပါသည်။


 

  ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းတိုက်အကျိုးတော်ဆောင်အဖွဲ့တို့သည် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။


 

     ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ ပံ့ပိုးမှုဖြင့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါသည်။

     အဆိုပါကျောင်းတိုက်၏ အဆောင်များတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူသူ (၄၀၀) ဦးခန့်ကို ထားရှိနိုင်မည်ဖြစ်ပြီး ယနေ့ညတွင် စတင်ထားရှိအသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။

 
 

More Tags