NOW LOADING

အသိပေးမျှဝေမှု “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် ၁၀-၄-၂၀၁၉

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၁၀) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ တက်ရောက်ခဲ့ပါသည်။

 

အဆိုပါအစည်းအဝေးတွင် အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု စောင့်ကြပ်ကြည့်ရှုရေးဌာန (National Health Plan Implementation Monitoring Unit) မှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်စင်ထူး က ဌာန၏(၂၀၁၉) မတ်လ အစီရင်ခံစာကို တင်ပြခဲ့ရာ လူနာညွှန်းပို့မှုစနစ်(Referral System) ကိုအားဖြည့်ဆောင်ရွက်ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနလက်စွဲ (RHC Manual) အသစ်ပြင်ဆင်ရေးဆွဲခြင်း၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် လူထုကျန်းမာရေးလုပ်သားမူဝါဒ (National Policy for Community Based Health Workers in Myanmar) ချမှတ်ရေးဆွဲခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးစီမံကိန်းရေးဆွဲခြင်း၊ Inclusive Township Health Plan များ ရေးဆွဲခြင်း၊ National Health Account(2016-17) ပြုစုခြင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းချိတ်ဆက်၍ လူမှုဖူလုံရေးစနစ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ အမျိုးသားကျန်းမာရေးစီမံကိန်းဆိုင်ရာ တတိယနှစ်မြောက် အကောင်အထည်ဖော်မှု လုပ်ငန်းစီမံချက်ပြုစုခြင်း (Development of 3rd year annual operational plan)၊ အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကာလလယ် ဆန်းစစ်သုံးသပ်ခြင်း (Mid-term evaluation of NHP Implementation) စသည်တို့နှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန် မှာကြားရာတွင် -

• ယခုကဲ့သို့ အစည်းအဝေးမျိုးတွင် ဝန်ကြီးဌာန၏ ကျွမ်းကျင်မှုဆိုင်ရာ အဓိက ဦးဆောင် ဆောင်ရွက်သူများဖြစ်ကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက်ခြင်းကြောင့် ဌာနအသီးသီးက ဆောင်ရွက်နေသည့်လုပ်ငန်းများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

• အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေးစနစ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဆေးရုံဆေးခန်းများတွင် ယာဉ်မတော်တဆဖြစ်ပွားမှုအပါအဝင် မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူလူနာများ တစ်စထက်တစ်စများပြားလျက်ရှိရာ ထိုကဲ့သို့ မတော်တဆ ထိခိုက်ဒဏ်ရာရရှိသူလူနာများကို ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ရိုက်စမ်းသပ်မှု၊ ကုသမှုစသည်တို့အတွက် ကုန်ကျစရိတ်များ၊ ဝန်ထမ်းအင်အားနှင့် လုပ်အားသုံးစွဲရမှု စသည်တို့ကို အသုံးချသုတေသနဖြင့် ဆန်းစစ်ဆောင်ရွက်စေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော သုတေသနလုပ်ငန်းများ၊ စာတမ်းများသည် နိုင်ငံအတွက် အကျိုးရှိထိရောက်စွာ အသုံးချနိုင်မှုအခြေအနေကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ပြီး ပိုမိုကောင်းမွန်စေရေးဆောင်ရွက်စေလိုပါကြောင်း၊

• Access to health fund ရန်ပုံငွေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအခြေအနေနှင့် ရန်ပုံငွေသုံးစွဲမှုအား လစဉ်ဆန်းစစ်သုံးသပ်တင်ပြရန်ဖြစ်ပါကြောင်း၊

 

• Myanmar Health Sector Coordination Committee မှ technical support group (၄) ခု၏ လုပ်ငန်းဆောင်ရွက်နေမှု အစီရင်ခံစာ (report) များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ဌာနများထံ ပုံမှန်တင်ပြသွားရန်ဖြစ်ပါကြောင်း၊

• ကျေးလက်ကျန်းမာရေးဌာနလက်စွဲစာအုပ်ကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံ ပြုစုမည့် ကိစ္စအား အလေးထား၍ အမြန်ဆုံးဆောင်ရွက်ကြစေလိုပါကြောင်း၊

• မြန်မာနိုင်ငံ အမျိုးသားအဆင့် လူထုကျန်းမာရေးလုပ်သားမူဝါဒ (National Policy for Community Based Health Workers in Myanmar) ပေါ်ပေါက်ရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လက်ရှိလူထုကျန်းမာရေးလုပ်သားများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ဆန်းစစ်လေ့လာသုတေသန ပြုလုပ်စေလိုပါကြောင်း၊

• ဆေးရုံများမှ စာရင်းဇယား သတင်းအချက်အလက်များရရှိရေးသည် လွန်စွာအရေးကြီးသဖြင့် ဆေးရုံအဆင့်အလိုက် နှစ်ပတ်လည်အစီရင်ခံစာကို ပုံစံပြုလုပ်ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် အဓိကအရေးကြီးသော လုပ်ငန်းများကို ညွှန်ကြားရေးမှူးချုပ်ထံ လစဉ်အစီရင်ခံစာ တင်ပြကြစေလိုပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးစီမံကိန်းနှင့် Inclusive Township Health Plan များ ရေးဆွဲခြင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကာလလယ် ဆန်းစစ်သုံးသပ်ခြင်း လုပ်ငန်းများအတွက် လိုအပ်သည့်ပံ့ပိုးမှုများ ပေးအပ် သွားမည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးတက္ကသိုလ်နှင့် လှည်းကူးမြို့နယ်ရှိ ကျန်းမာရေးကွင်းဆင်းသင်တန်းဌာနတို့နှင့် စပ်လျဉ်း၍ ဘက်စုံ ပိုမိုတိုးတက်ဖွံ့ဖြိုးတိုးတက်စေရေး အလုံးစုံဆန်းစစ်သုံးသပ်မှုများမှ အကြံပြုချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများ ဗဟိုအဆင့် အစည်းအဝေးနှင့် ဆွေးနွေးပွဲများတက်ရောက်ပြီးပါက တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အဆင့် အစည်းအဝေးများတွင် ထပ်ဆင့်ဖြန့်ဝေ ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထိုနောက် ရှင်းလင်းပြောကြားမှုများအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ယနေ့ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ပါမောက္ခဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာဦးစီးဌာန) ဒေါက်တာမိုးဆွေ၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

 
 

More Tags