NOW LOADING

အသိပေးမျှဝေမှု “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ မတ်လ (၁၃) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
• ဦးစီးဌာနတစ်ခုချင်းစီမှ ဆောင်ရွက်နေသည့် အရေးကြီးသော လုပ်ငန်းများကိုလည်းကောင်း၊ ပြည်ပသို့ အစည်း အဝေး/ ညီလာခံ/ အလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းအမျိုးမျိုး သွားရောက်ခဲ့ရာတွင် လေ့လာသိရှိခဲ့မှု များနှင့် ဆွေးနွေး ပြောကြားခဲ့မှုများ ကိုလည်းကောင်း ဦးစီးဌာနအားလုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိနိုင်ရေး မျှဝေနိုင်ရန်နှင့် အပြန်အလှန်ဆွေးနွေးအကြံပြုကြရန်အတွက် ယခုကဲ့သို့ အသိပေး မျှဝေမှု အစည်းအဝေးကို အပတ်စဉ် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊
• ထိုသို့ အသိပေးမျှဝေခြင်းဖြင့် ဦးစီးဌာနတစ်ခုမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကို အခြား ဦးစီးဌာနများကလည်း ပိုမိုသိရှိနိုင်ကာ လိုအပ်သည်များ အားဖြည့်ဆောင်ရွက်နိုင်ခြင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ အကြံပြုချက်များပေးအပ် နိုင်ခြင်းတို့ကို ပိုမိုထိရောက်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
• နိုင်ငံတကာမှ ရရှိ၊ သိရှိလာသော သတင်းအချက်အလက်များ၊ အသိပညာအတွေ့အကြုံများ ကိုလည်း ဝေမျှခြင်းဖြင့် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေကိုက်ညီသည်များကို ပြန်လည်အသုံးချ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။


 

     အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ပြည်ထောင်စုဝန်ကြီး၏ တာဝန်ပေးအပ်ချက်အရ ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းဌာန (လှည်းကူး)၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် အလုပ်သင်ဆရာဝန်များ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် သားဖွား ဆရာမများ ပြည်သူ့ကျန်းမာရေးကို နားလည်စိတ်ဝင်စားမှုမြင့်မားလာစေရန် အလုံးစုံခြုံငုံသုံးသပ်မှုများ ဆောင်ရွက် ထားရှိမှု၊ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့သည်ကိုလည်းကောင်း၊ လတ်တလောဆောင်ရွက်သင့်သည်များ၊ ရေရှည်တွင် အဆင့်ဆင့်ဆောင်ရွက်သင့်သည်များနှင့်ပတ်သက်၍ သုံးသပ်အကြံပြုချက်များကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အလုံးစုံခြုံငုံသုံးသပ်ရေးအဖွဲ့တွင် ပါဝင် သူများက ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းရွှေက ထိုင်းနိုင်ငံ Mahidol University တွင် PhD (Demography) ဘွဲ့သင်တန်းတက်ရောက်ခဲ့ရာတွင် သင်ယူခဲ့ သည့်ဘာသာရပ်များ၊ သင်ကြားသင်ယူမှုနည်းစနစ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြု အဆင်ပြေ ချောမွေ့စေရန် သင်ယူခဲ့ရသည့် ကျွမ်းကျင်မှု (soft skill) များ၊ ဆောင်ရွက်ခဲ့သည့် ပါရဂူဘွဲ့စာတမ်း စသည်တို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။


 

     ထိုသို့ရှင်းလင်းပြောကြားမှုများအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ပါမောက္ခဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာဦးစီးဌာန) ဒေါက်တာမိုးဆွေ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၉)ဦးခန့် တက်ရောက်ခဲ့ပါသည်။
     (၂၀၁၉) ခုနှစ်၊ မတ်လ (၆) ရက်နေ့ကလည်း “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” ကို အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော် တို့က ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေး၌ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာကျော့စန်းလွင်က University of Oslo, Norway နှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသော MY-NORTH program အကြောင်းအရာ၊ University of Oslo သို့ ဇန်နဝါရီလ အတွင်းက သွားရောက်လေ့လာခဲ့မှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်များ နှင့် ပတ်သက်၍ လည်းကောင်း၊ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကုသရေး/ ဆေးအကာအကွယ်/ ဆေးခုံ) ဒေါက်တာမိုးခိုင်က ဖေဖော်ဝါရီလ အတွင်းကသွားရောက်ခဲ့သည့် ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်အတွင်း လေ့လာခဲ့မှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းကာ ဂျပန်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်မည့် အထူးကုဆေးရုံသစ်ကြီး- ရန်ကုန်မြို့ တည်ဆောက်ရေးစီမံကိန်း (The Project for Construction of New Yangon Specialist Hospital) တို့နှင့် ပတ်သက်သည်များအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာ မြှင့်တင်ရေး) ဒေါက်တာဖြူဖြူအေးက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော ရေချိုခရုမှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေး လူထုလှုပ်ရှားဆောင်ရွက်မှုများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးစီစဉ်ခဲ့မှုများ၊ Community assessment ဆောင်ရွက်ခဲ့မှု၊ ရေချိုခရုမှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေတွင် အသိပေး ဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့မှု နှင့် လုပ်ငန်းများ ပိုမိုအောင်မြင် ထိရောက်မှုရရှိစေရန်အတွက် အကြံပြုချက်များကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကာ အစည်းအဝေးသို့ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags