NOW LOADING

အစားအသောက်ဓာတုဗေဒဆိုင်ရာ နိုင်ငံတကာအဆင့်မီ ရည်ညွှန်းဓာတ်ခွဲခန်း အပါအဝင် ဓာတ်ခွဲခန်းများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုရန်/ သိရှိရန်နှင့် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်

နေပြည်တော်၊ စက်တင်ဘာ (၁၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့၊ နေ့လယ်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သို့ သွားရောက်၍ အစားအသောက်ဓာတုဗေဒဆိုင်ရာ နိုင်ငံတကာအဆင့်မီ ရည်ညွှန်းဓာတ်ခွဲခန်း (Food Chemistry Laboratory and Molecular Laboratory)၊ ဆေးဝါးဓာတု ဓာတ်ခွဲခန်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အဏုဇီဝဓာတ်ခွဲခန်း၊ ဆေးဝါးထိန်းချုပ်မှုဓာတ်ခွဲခန်း အပါအဝင် ဓာတ်ခွဲခန်းများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှု၍ ဓာတ်ခွဲစမ်းသက်စစ်ဆေးမှု စက်ပစ္စည်းများ တပ်ဆင်ထားသော ရွေ့လျားဓာတ်ခွဲခန်းကားများ (mobile lab) နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ပါသည်။


 

     ထိုသို့ သွားရောက်စဉ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ -

• နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းကြီးသည် အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် နိုင်ငံတကာအဆင့်မီ စစ်ဆေးပေးနိုင်ကြောင်း၊

• အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုစက်ပစ္စည်းများ တပ်ဆင်ထားသော ရွေ့လျားဓာတ်ခွဲခန်းကားများ (mobile lab) (၁၄) စီးထပ်မံဝယ်ယူထားပြီး တိုင်းဒေသကြီးပြည်နယ်များ၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်၊ ဆေးဝါးနှင် အလှကုန်ပစ္စည်းများ ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းစစ်ဆေးသွားနိုင်မည်ဖြစ်ကြောင်း၊


 

• အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး ပြခန်းများဖြင့် ပြသသွားမည့်လူထုပညာပေးပြပွဲကြီးကို ပျဉ်းမနားမြို့နယ်တွင် စက်တင်ဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြပွဲကြီးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ နှီးနွယ်ဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ ပါဝင်ပြသသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြောကြားရာတွင် -

• ဘေးအန္တရာယ်ကင်း၍ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများဖြစ်စေရန် စစ်ဆေးနိုင်ခြင်းသည် မြန်မာနိုင်ငံတနိုင်ငံလုံးရှိ ပြည်သူအားလုံးအတွက် လွန်စွာ အကျိုးရှိကြောင်း၊

• ကျန်းမာရေးကောင်းမွန်မှု (သို့မဟုတ်) မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုသည် ပြည်သူများ နေ့စဉ်စားသောက်နေသော အစားအစာများ အပေါ်တွင် (၈၀) ရာခိုင်နှုန်းခန့် မူတည်နေကြောင်း၊


 

• ကျန်းမာရေးအသိပညာများရရှိပါက ပြည်သူလူထုအနေဖြင့် ဘေးဖြစ်စေနိုင်သော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း၊

• ယခုကျင်းပပြုလုပ်မည့် လူထုပညာပေးပြပွဲကြီးသည် ပြည်သူများအတွက် ကျန်းမာရေးအသိပညာများတိုးတက်စေနိုင်မည်ဖြစ်သဖြင့် ကောင်းမွန်ကြောင်း၊

• အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မိမိဌာနတိုးတက်ရေးကိစ္စများကို မိမိကိုယ်ပိုင်ကိစ္စရပ်ကဲ့သို့သဘောထားကာ စုပေါင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


 

• နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာ၍ ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လုပ်ငန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိရသော အခက်အခဲများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

More Tags