အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၆/၂၀၂၀) ကျင်းပ (1-4-2020, 1:00PM)

Union Minister Dr. Myint Htwe attends the central coordination meeting (46/2020) on containment and prevention of Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီ (၁) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ် (၁) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၆/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် -

• မိမိတို့နိုင်ငံတွင် ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၅) ဦးတွေ့ရှိနေရပြီ ဖြစ်ပြီး နိုင်ငံပြင်ပမှ ကူးစက်ဝင်ရောက်မှုများအပြင် နိုင်ငံတွင်းကူးစက်မှုလည်း ပါဝင်နေပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သံသယလူနာများရှာဖွေ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများအား အသွားအလာကန့်သတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုကဏ္ဍ၊ ကွင်းဆင်းကြီးကြပ်မှု၊ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုကဏ္ဍများတွင် လည်း ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံး၊ တက္ကသိုလ်များအားလုံးမှ ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာနေရာ (quarantine site) များ စီမံခန့်ခွဲမှု၊ အသွားအလာ ကန့်သတ်ခြင်းခံရသူများ စည်းကမ်းမှာလိုက်နာဆောင်ရွက်စေရေး ကြီးကြပ်ဆောင်ရွက်မှုတို့ကို အထူးအလေးထား စနစ် တကျဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာနေရာအားလုံးတွင် လိုက်နာရမည့် စည်းကမ်းချက်ပိုစတာများကို နေရာအနှံ့ကပ်ထားရမည် ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ခြင်း (၁၄) ရက်တာကာလပြည့်မြောက်မည့် လူဦးရေအလိုက် စာရင်းဇယားများ ပြုစုထားရှိခြင်းနှင့် အသွားအလာကန့်သတ်ခြင်း(၁၄) ရက်တာကာလပြည့် မြောက်သူများအား ပြည့်မြောက်ကြောင်းလက်မှတ်ထုတ်ပေးနိုင်ရေးတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ခြင်း (၁၄) ရက်တာကာလပြည့်မြောက်သူများသည် ကျန်းမာရေး ကောင်းမွန်သူ၊ ရောဂါမရှိသူများ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ရောဂါ ကူးစက်ခံရမည်ကို စိုးရိမ်ပြီး ခွဲခြားဆက်ဆံမှုများ မပြုလုပ်စေရန်မှာ အရေးကြီးပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အတွေ့အကြုံများ၊ အခက်အခဲများနှင့် ပတ်သက်၍လည်း ယခုအစည်းအဝေးတွင် ဝေမျှပြောကြားစေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ကောင်းမွန်သည့် လုပ်ဆောင်ချက်ကို အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ လိုက်လံလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည်၍ လက်ကိုင်အသံချဲ့စက်ငယ်များ (သို့မဟုတ်) အသံချဲ့စက်များ အသုံးပြု၍ ကျန်းမာရေးအသိပေးနှိုးဆော်မှုများပြုလုပ်ခြင်းသည် အထူး ထိရောက် သည့် နည်းဗျူဟာဖြစ်သည့်အတွက် ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ထိုသို့ပြောကြားရာတွင်လည်း ပြည်သူများစိတ်ဝင်စားမှုရှိအောင် ပြောကြားရမည်ဖြစ်ပါကြောင်း၊

• အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပေးနှိုးဆော်မှုများပြုလုပ်ရာတွင် အသုံးပြုနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ကျန်းမာရေးအသိပညာပေးမှု အကြောင်းအရာ (၈) မျိုးကို ပြုစုဖြန့်ဝေ ထားရှိ ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် ဝေဘာဂီအထူးကုဆေးရုံကြီးတွင်သာမက လူနာများပိုမိုများပြား လာပါက ကုသမှုပေးနိုင်ရေးအတွက် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ လူနာဆောင်သစ်နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တို့တွင် ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ထိုသို့ဆောင်ရွက်နေမှုတွင် ပံ့ပိုးပေးနေသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း COVID-19 လူနာများပိုမိုများပြားလာပါက ထားရှိကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများကို ကြိုတင်သတ်မှတ်ထားရှိကာ ကြိုတင်ပြင် ဆင်မှုများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများမှ အထူးကြပ်မတ်ကုသဆောင်များကို ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်နှင့် လိုအပ်ချက်များကို စာရင်းပြုစုကာ အမြန်ဆုံးတင်ပြစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ကုသရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဆေးရုံရှိ အထူးကုဆရာဝန်ကြီးများနှင့် ဆေးရုံအုပ်ကြီးများမှ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်စေလိုပါကြောင်း၊

• ယခုအချိန်တွင် အရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့် အရင်းအမြစ်များ ဗျူဟာကျရွှေ့ပြောင်းမှု (resource mobilization) တို့သည် အထူးအရေးကြီးပါကြောင်း၊

• မိမိတို့အနေဖြင့် လာမည့် (၄) ပတ်တာကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပီပြင်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချကာကွယ် နိုင်မည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ အကြားတွင်လည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာ ဆေးပညာရပ်အထူးကုဆရာဝန်များအကြားတွင်လည်းကောင်း ယခုကဲ့သို့ Video Conferencing ပုံစံ အစည်းအဝေးများ ပုံမှန် ပြုလုပ်ဆွေးနွေးတိုင်ပင် ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသန ဦးစီးဌာန) နှင့် ဗဟိုအဆင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်မှ လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများက သက်ဆိုင်ရာ ဌာန/ ဆေးရုံများမှ လည်းကောင်း ပါဝင်တက်ရောက်ခဲ့ပြီး -

• အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများစီမံဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသော အခက်အခဲများ၊

• အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရာနေရာများကို ကြီးကြပ်ဆောင်ရွက်ရန် မြို့နယ်များတွင် quarantine officer များ တာဝန်ပေးအပ် ဆောင်ရွက်နေမှုများ၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 လူနာများအား ကြိုတင်သတ်မှတ်ထားသော ဆေးရုံ (designated hospital) များတွင် ကုသမှုပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များ၊

• ကုသရေးလုပ်ငန်းလမ်းညွှန်များ မွမ်းမံပြင်ဆင်ထားရှိမှုများ၊

• သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များတွင် Clinical Management Committee များဖွဲ့စည်း ဆောင်ရွက်နေမှုများ အပါအဝင် ကိစ္စရပ်များကိုသက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး၊

• COVID-19 လူနာထားရှိကုသမည့် သတ်မှတ်ဆေးရုံ (designated hospital) များသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးနှင့်ဆေးပစ္စည်းအရင်းအမြစ်များကို resource mobilization အနေဖြင့် ရွှေ့ပြောင်းထားရှိနိုင်ရေး တိုင်ပင်ညှိနှိုင်းရေး၊

• ကျန်းမာရေးဝန်ထမ်းများအတွက် (risk allowance) ပေးအပ်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags