အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပသည့် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်ညှိနှိုင်း အစည်းအဝေး (၃၅/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (16-3-2020, 9:00AM)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ဖြင့် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တာဝန်ရှိသူများပါဝင်တက်ရောက်သော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၅/၂၀၂၀) သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်မှ တစ်ဆင့် တက်ရောက်ခဲ့ပါသည်။


 

ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မြန်မာနိုင်ငံပြည်သူများတွင် COVID-19 ရောဂါကိုကာကွယ်ရေးနှင့် ပြည်သူများရောဂါ ဖြစ်ပွားသေဆုံးမှုမရှိစေရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအားလုံးကို ပြည်သူများကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြတ်သားသော ဆုံးဖြတ်ချက်များချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ရောဂါဖြစ်ပွားသော နိုင်ငံနှင့် နေရာဒေသများမှ ပြည်တွင်းသို့ ဝင်ရောက်သူများ နည်းပါးလာခြင်းဖြင့် ရောဂါဝင်ရောက်ကူးစက်ဖြစ်ပွားနိုင်ချေပါ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊

• ပြည်သူများမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းထားသည့် ပစ္စည်းကိရိယာများနှင့် လှူဒါန်းငွေများကို အကျိုးရှိထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ကျန်းမာရေးပြဿနာနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် ပါဝင်ဆောင်ရွက်သူများအားလုံးအကြား စနစ်တကျချိန်သားကိုက် ချိတ်ဆက် ဆောင်ရွက်မှုများသည် အထူးအရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တာဝန်ရှိသူများ ပါဝင်သည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးဌာန၏ အီးမေးလ်အစုဖွဲ့ (email group) ကိုဖွဲ့စည်းထားရှိပြီး ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊


 

• ထို့အပြင် ယခုကဲ့သို့ အင်တာနက်ကွန်ရက်ကို အသုံးပြုကာ Video conferencing ပုံစံဖြင့် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ပုံမှန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများပိုမိုထိရောက်စေရေးအတွက် - ကပ်ရောဂါဗေဒ ရှုထောင့်မှ နိုင်ငံတကာနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်သုံးသပ်မှုအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆန်းစစ်သုံးသပ်မှုအဖွဲ့၊ ဆေးရုံပိုင်းကြိုတင် ပြင်ဆင်မှုနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း လုပ်ငန်းများကို ဆန်းစစ်သုံးသပ်မှုအဖွဲ့နှင့် နိုင်ငံတကာ ဝင်၊ ထွက် ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို ဆန်းစစ် သုံးသပ်မှုအဖွဲ့တို့အားဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူ့ ကျန်းမာရေးအပိုင်းမှ ဆောင်ရွက်နေမှုသည် အတိုင်းအတာတစ်ခုထိကျေနပ်ဖွယ်ရာရှိပြီး ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုများပိုမိုအားထုတ်ဆောင်ရွက်ရန်သည် အရေးကြီးပါကြောင်း၊

• COVID-19 ရောဂါလူနာများ ရောက်ရှိလာပါက ကုသမှုပေးနိုင်ရန်အတွက် ဖြစ်စဉ်အခြေပြု စားပွဲတင်လေ့ကျင့်ခန်းများဆောင်ရွက်ထားရှိမှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းကို ဆန်းစစ်သုံးသပ်မှုမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို တင်ပြဆွေးနွေးကြစေလိုပါကြောင်း၊

• ယခုအစည်းအဝေးတွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ တာဝန်ရှိသူများ၊ ရောဂါနှိမ်နင်းရေး ပညာရှင်များ၊ ကုသရေးပါမောက္ခများ၊ ဝယ်ယူဖြန့်ဖြူးရေးတာဝန်ရှိသူများ စသည်ဖြင့် ကဏ္ဍစုံမှ ပါဝင်တက်ရောက်ကြသဖြင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံ၊ အခက်အခဲများနှင့် အားနည်းချက်များကို ပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ရေးဆွဲထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အစီအစဉ်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအခြေအနေများ အား ကမ္ဘာ့ကပ်ရောဂါ (Pandemic) ဟုကြေညာခဲ့မှုနှင့်အညီ လိုအပ်သလိုပြုပြင်မွမ်းမံ၍ စီမံချက် တစ်ခုရေးဆွဲသွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျဉ်းချုံးရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အင်တာနက်ကွန်ရက်အသုံးပြု၍ Video Conference အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ တာဝန်ရှိသူများ၊ ကုသရေးပါမောက္ခများ၊ ရောဂါနှိမ်နင်းရေးပညာရှင်များ၊ ဆေးရုံအုပ်ကြီးများက -

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်မှု အတွေ့အကြုံနှင့် အားသာချက်၊ အားနည်းချက်များ၊

• အသွားအလာကန့်သတ်ပိတ်ပင်ခြင်း (quarantine) ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြင်ဆင်ထားရှိမှုနှင့် လိုအပ်ချက်များ၊

• စောင့်ကြည့်လူနာများအား ထားရှိကုသမှုပေးနေမှုအခြေအနေများ၊

• COVID-19 ရောဂါလူနာများ ပေါ်ပေါက်လာပါက ကုသမှုပေးရန် ဆေးရုံနေရာ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် လိုအပ်ချက်များ၊

• ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများအတွက် ပိုစတာနှင့် လက်ကမ်းစာစောင်များ၊ ရုပ်သံများ၊ တိုင်းရင်းသားဘာသာစကားများဖြင့် အသံဖိုင်များ ပြုလုပ်ထားရှိ ဖြန့်ဝေနေမှု၊

• ဓာတ်ခွဲစစ်ဆေးမှုအတွက် ဓာတ်ခွဲနမူနာရယူမှု၊ ပို့ဆောင်မှုတို့ကို စနစ်တကျဆောင်ရွက်နိုင်ရန် လုပ်ငန်းလမ်းညွှန်များကို ဖြန့်ဝေထားမှု၊ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ facebook စာမျက်နှာများတွင် ဖော်ပြထားရှိမှု၊

• နယ်စပ်ဝင်၊ ထွက်ဂိတ်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆန်းစစ်တွေ့ရှိ ချက်များ တင်ပြရန်ကိစ္စ၊

• COVID-19 လူနာတွေ့ရှိပါက ထားရှိကုသရန် သတ်မှတ် ဆေးရုံ (designated hospital) များ သို့ ဆေးနှင့်ဆေးပစ္စည်းများ ဦးစားပေးဖြည့်ဆည်းနေမှု စသည်တို့ကို အသီးသီးတင်ပြခဲ့ကြပါသည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ရန် အစီအစဉ်များကို ပြန်လည်ဆွေနွေးခဲ့ကြပါသည်။


 

အဆိုပါအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူး (ကုသ)၊ ဆေးရုံအုပ်ကြီးများ နှင့် ဓာတ်ခွဲ၊ eHealth စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် စနစ်တကျချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုများ ကောင်းမွန်စေရန် (၅-၂-၂၀၂၀)၊ (၁၁-၂-၂၀၂၀)၊ (၁၃-၂-၂၀၂၀)၊ (၁၉-၂-၂၀၂၀)၊ (၃-၃-၂၀၂၀) နှင့် (၇-၃-၂၀၂၀) ရက်နေ့ တို့တွင် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ဖြင့် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများအကြား အစည်းအဝေးများကျင်းပခြင်းကိုလည်းကောင်း၊

(၁၂-၂-၂၀၂၀) ရက်နေ့တွင် GMS Health Security Project ၏ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင် နိုင်ငံရှိ ADB ရုံးချုပ်မှ တာဝန်ရှိသူများအကြား (COVID-19) နှင့်ပတ်သက်၍ နိုင်ငံအသီးသီး ၏ ကြိုတင်ကာကွယ်ရေးအစီအစဉ်များ၊ ဆောင်ရွက်ထားရှိမှုများ၊ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Project ၏ ရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့ပေးမည့် အစီအစဉ်များအား Video Conferencing ဖြင့် ဆွေးနွေးခဲ့ခြင်းကိုလည်းကောင်း၊

(၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘရူးနိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat Office) မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော COVID-19 ရောဂါနှင့် ပတ်သက်သည့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။


 

ထို့အပြင် (၆-၃-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ လူနာလွှဲပြောင်းမှုဆောင်ရွက်မည့် ဆေးရုံများ၊ အထွေထွေရောဂါကုဆေးရုံကြီးများ၊ တရားဝင်နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် လူနာများအား လက်ခံကုသမှုဆောင်ရွက်နိုင်မည့် ဆေးရုံများတို့မှ ဆေးရုံအုပ်ကြီးများ၊ သမားတော်များ၊ ကလေးအထူးကုဆရာဝန်များ၊ ရောဂါဗေဒအထူးကုဆရာဝန်များစသည့် အထူးကုဆရာဝန်ကြီးများ၊ ဓာတ်ခွဲဝန်ထမ်းများ၊ ရောဂါစောင့်ကြပ်ထောက်လှမ်းမှု ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် Clinical Management Committee for COVID-19 မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ဝင်များက COVID-19 စောင့်ကြည့်လူနာ၊ သံသယလူနာများနှင့် ရောဂါအတည်ပြုလူနာပေါ်ပေါက်ပါက ဆေးကုသမှုဆောင်ရွက်ရာတွင် ထိရောက်စွာ ကုသနိုင်ရေး ရောဂါဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းလမ်းညွှန်များကို ရှင်းလင်းဆွေးနွေးရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် တို့အတွက် Video Conferencing ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags