အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများမိတ်ဆက်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၈:၃၀) နာရီ အချိန်တွင် Hotel Max၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများမိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဆိုင်ရာကျင့်ဝတ်များအရ အကျဉ်းသားများကိုလည်း နိုင်ငံအတွင်းရှိ ပြည်သူများနည်းတူ တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုဆောင်ရွက်ရာတွင် အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံစားပိုင်ခွင့်၊ ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ အကျဉ်းကျလူနာများ၏ မိမိကျန်းမာရေးအတွက် မိမိကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်၊ အကျဉ်းသားများ၏ ကျန်းမာရေးအချက်အလက်များလုံခြုံစိတ်ချရမှု၊ ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှုတို့သည် အထူးအရေးကြီးပြီး လိုက်နာကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု စံလုပ်ထုံးလုပ်နည်းစာအုပ်သည် ကုလသမဂ္ဂအဖွဲ့၏ (၁၉၉၀) ခုနှစ်က သဘောတူဆုံးဖြတ်ချက် (resolution)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်ချက်များအရ ကျဉ်းသားများအပါအဝင် မည်သူမဆို လူ့အခွင့်အရေး၊ သိက္ခာရပ်များနှင့်အညီ ခွဲခြားမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုများ ကိုရရှိနိုင်ရေးနှင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Care) အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှု မကောင်းပါက တီဘီ၊ HIV/ AIDS၊ အသည်းရောင်အသားဝါရောဂါ စသည့် ကူးစက်ရောဂါဖြစ်ပွားနေသော အကျဉ်းသားများ အကျဉ်းထောင်မှလွတ်မြောက်လာပြီး ပြည်သူများအကြားပြန်ရောက်လာသည့်အခါ မိသားစုဝင်များနှင့် အခြားပြည်သူများသို့ ရောဂါကူးစက်ပြန့်ပွားနိုင်သောကြောင့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုသည်အလွန်အရေးကြီးကြောင်း၊ အကျဉ်းသားများသည် သာမန်ပြည်သူများထက် ပိုမို၍ရောဂါ ဖြစ်ပွားနိုင်ခြင်းပိုများသော ထိခိုက်လွယ်အုပ်စု (Vulnerable group) များဖြစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အလေးပေးဆောင်ရွက်ရန်လိုကြောင်း၊ ယခု အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများစာအုပ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ UNODC၊ WHO၊ UNAIDS၊ 3MDG Fund တို့၏ ကူညီပံ့ပိုးမှုဖြင့်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် တစ်ပြေးညီ အသုံးပြုနိုင်ရန်နှင့် နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီစေရန် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို အကျဉ်းသားများ လက်လှမ်းမီရရှိစေရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ကြောင်း၊

 

     ယခု စံလုပ်ထုံးလုပ်နည်းများစာအုပ်တွင် အထွေထွေကျန်းမာရေးစောင့်ရှောက်မှု၊ ကူးစက်ရောဂါနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး၊ မိခင် ကလေးကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ကျန်းမာရေးပြဿနာများ၊ နာတာရှည် ရောဂါများ စောင့်ရှောက်မှု အပါအဝင် ရောဂါများအားကုသနိုင်ရေးအပြင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ညွှန်းပို့ကုသပေးနိုင်ရေးအတွက် စံလုပ်ထုံးများပါဝင်ပြီး အလွန်ကောင်းမွန်ပြည့်စုံသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါစံပြလုပ်ထုံးလုပ်နည်းများကို စာအုပ်အဖြစ်သာမဟုတ်ဘဲလက်တွေ့ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အဆင့်လိုက်၊ အပိုင်းလိုက် ဦးစားပေးလုပ်ငန်းများသတ်မှတ်၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန တို့အနေဖြင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ INGO/ NGOများ၊ ICRC၊ IRC၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းစသော အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်ထိရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အမှာစကားကို လည်းကောင်း၊ UNODS မှ Ms. Marie Cauchois Pegie နှင့် 3MDG Fund မှ Fund Director Mr. Oren Ginzburg တို့မှ ကျေးဇူးတင်စကားများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ စာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ နှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ UNODC၊ WHO၊ 3MDG တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags