NOW LOADING

သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ (၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်၌ ပြုလုပ်ခဲ့သော သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် -

• ယခုသုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့ကို (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ အငြိမ်းစားပညာရှင်ကြီးများ၊ သုတေသနနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသော ပညာရှင်ကြီးများ ပါဝင်ဖွဲ့စည်းခဲ့ပါကြောင်း၊

• သုတေသနပြုလုပ်ခြင်းဖြင့် မိမိတို့နိုင်ငံတွင် သုတေသနပြုလုပ်သော အလေ့အကျင့် ယဉ်ကျေးမှုထွန်းကားလာကာ ပညာရပ်နယ်ပယ်အသီးသီးတွင် ယခုထက်ပိုမိုများစွာ တိုးတက်စေမည်ဖြစ်ပါကြောင်း၊

• သုတေသနပြုလုပ်ခြင်းဖြင့် ဖြစ်စဉ်တစ်ခု၊ အခြေအနေတစ်ရပ်၊ လုပ်ငန်းတစ်ခုကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်နိုင်မည်ဖြစ်ပြီး ထိုသို့ ဆန်းသစ်တီထွင်တွေးခေါ်ခြင်းနှင့် ဖောက်ထွက်တွေးခေါ်ခြင်းများ ပြုလုပ်ခြင်းဖြင့် မိမိတို့လုပ်ငန်းအသီးသီးတွင် တိုးတက်အောင်မြင်မှုများ ရရှိလာမည်ဖြစ်ပါကြောင်း၊

• ယခုသုတေသနရန်ပုံငွေကို အသုံးပြု၍ ဆေးသုတေသနဦးစီးဌာန တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်း အသီးသီးမှ မိမိတို့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် လက်တွေ့အသုံးချ သုတေသနများ ပြုလုပ်စေလိုပါကြောင်း၊

• အထူးသဖြင့် ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများ၊ ကျန်းမာရေးကြီးကြပ်များစသည့် အခြေခံကျန်းမာရေးဝန်ထမ်းများမှလည်း ပြုလုပ်စေလိုပါကြောင်း၊

• နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနမှ သုတေသနရန်ပုံငွေ အတွက် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် သန်း (၁၀ဝ၀)ကျပ်၊ (၂၀၁၈-၂၀၁၉) (၆ လ) ဘဏ္ဍာနှစ်တွင် သန်း (၅၀ဝ)ကျပ်၊ (၂၀၁၈-၂၀၁၉) ယခု ဘဏ္ဍာနှစ်တွင် သန်း (၁၅၀ဝ)ကျပ် လျာထား အကောင်အထည်ဖော်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် သန်း (၃၀ဝ၀) ကျပ်အထိထားရှိ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊


 

• ယခုကဲ့သို့ သုတေသန ရန်ပုံငွေများစွာချထားခြင်းသည် ဝန်ကြီးဌာန၏ သမိုင်းတွင် ပထမဦးဆုံးအနေဖြင့် ချထားခြင်းဖြစ်ပါကြောင်း၊

• သုတေသနဆိုင်ရာ ကျင့်ဝတ်ကော်မတီများကို အရည်အသွေးမြှင့်တင်ရေးနှင့် သုတေသနကျင့်ဝတ်ကော်မတီများ ယခုထက်ပိုမိုများပြားစွာ ဖွဲ့စည်းနိုင်ရေး၊ အထူးသဖြင့်တိုင်းဒေသကြီး/ပြည်နယ်များနှင့် တက္ကသိုလ်များတွင် အဆိုပါ ကျင့်ဝတ်ကော်မတီများတွင် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုဖွဲ့စည်းထားသော သုတေသနအဆိုပြုလွှာကနဦး စိစစ်ရွေးချယ်ရေးကော်မတီအနေဖြင့်လည်း အဆိုပြုလွှာများ စိစစ်ရွေးချယ်ရာတွင် ပြုလုပ်မည့် သုတေသနရည်ရွယ်ချက်၊ အသုံးဝင်ပုံ၊ ပြုလုပ်မည့် နည်းလမ်း၊ ကုန်ကျစရိတ်တို့ကို ဦးစားပေး စဉ်းစားရွေးချယ်ရမည်ဖြစ်ပြီး ကနဦးရွေးချယ်ခြင်းခံရသည့် သုတေသနအဆိုပြုလွှာများသည်လည်း သက်ဆိုင်ရာသုတေသနကျင့်ဝတ်ကော်မတီများ၏ အတည်ပြုချက် ရရှိမှသာ သုတေသနလုပ်ငန်းများ စတင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခု သုတေသနအဆိုပြုလွှာကနဦး စိစစ်ရွေးချယ်ရေးအဖွဲ့၏ သုတေသနဆိုင်ရာ အဆိုပြုလွှာများ တင်ပြပေးရန် ကြေညာချက် (call for proposal) ကိုလည်း ဦးစီးဌာနအသီးသီးတွင်နှင့် နှီးနွယ်အသင်းအဖွဲ့ များသို့ တရားဝင် ဆက်လက် အကြောင်းကြားရန် အားလုံးမှ သိရှိစေရေး ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ သုတေသနအဆိုပြုလွှာကနဦး စိစစ်ရွေးချယ်ရေးအဖွဲ့၊ ဥက္ကဌ အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တွဲဖက်ဥက္ကဌ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော် တို့မှ လက်ရှိသုတေသန အဆိုပြုလွှာများ တင်ပြလာမှု အခြေအနေနှင့် ရန်ပုံငွေလက်ကျန်အခြေအနေတို့ကို အသီးသီးတင်ပြခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေသနအဆိုပြုလွှာ ကနဦး စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီမံချက်မန်နေဂျာများ၊ တာဝန်ရှိသူများနှင့် နှီးနွယ်အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ စုစုပေါင်း (၄၅) ဦးခန့်တက်ရောက်ခဲ့ ကြပါသည်။

More Tags