NOW LOADING

သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံ သုတေသန ကောင်စီ (Myanmar Research Council) ဖွဲ့စည်းနိုင်ရေး အကြံပြုတင်ပြနိုင်ရေးတို့နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ မတ်လ (၁၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မတ်လ (၁၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သော သုတေသန လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံ သုတေသန ကောင်စီ (Myanmar Research Council) ဖွဲ့စည်းနိုင်ရေး အကြံပြုတင်ပြနိုင်ရေးတို့နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်သာ ဘာသာရပ်နှင့် ပညာရပ်နယ်ပယ်ဆိုင်ရာ တိုးတက်မှုနှင့် သုတေသနပြုလုပ်သူ တစ်ဦးချင်း၏ ပညာရပ်ကျွမ်းကျင်မှုနှင့် တွေးခေါ်စဉ်းစားပုံ တိုးတက်မှု တို့မှတဆင့် နိုင်ငံတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သုတေသနပြုလုပ်တတ်သော အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာပြီး သုတေသနဆောင်ရွက်တတ်သည့် ယဉ်ကျေးမှု (research culture) ဖြစ်ပေါ်လာစေရေးအတွက် အသုံးချသုတေသနနှင့် ကုသမှုဆိုင်ရာသုတေသန (implementation research and clinical trial) များ ပြုလုပ်နိုင်ရန် ဘဏ္ဍာငွေများ သတ်မှတ်ချထားပေးလျက်ရှိပြီး ဆက်လက်၍လည်း ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊

• သုတေသနဆိုင်ရာ certificate သင်တန်းများကိုလည်း ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် စတင်ပြုလုပ်နေပြီဖြစ်ပါကြောင်း၊

• ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင်လည်း သုတေသနများပိုမိုတိုးမြှင့်လုပ်ဆောင်ကြစေလိုပါကြောင်း၊

 

• တက္ကသိုလ်များတွင် Institutional Research Board နှင့် Ethical Review Committee များ အရေအတွက် ပိုမိုတိုးမြှင့်ဖွဲ့စည်းစေလိုပြီး အဆိုပါ သုတေသနစိစစ်အကဲဖြတ်ရေးအဖွဲ့များမှ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်တိုးမြှင့်စေရေးကိုလည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• လက်ရှိတွင် မြန်မာနိုင်ငံ၌ အမျိုးသားအဆင့် မြန်မာနိုင်ငံ သုတေသန ကောင်စီ (Myanmar Research Council) ဟူ၍မရှိသေးပါကြောင်း၊

• ထို့အတွက် အမျိုးသားအဆင့် သုတေသန ကောင်စီတစ်ခုဖွဲ့စည်းနိုင်ရေး အကြံပြုချက်များ အဆင့်ဆင့်သို့ တင်ပြနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုဆောင်ရွက်ကြစေလိုပါကြောင်း၊

• အမျိုးသားအဆင့် သုတေသနကောင်စီ ရှိခြင်းဖြင့် ကဏ္ဍပေါင်းစုံမှ သုတေသနအဆိုပြုလွှာများ ကို ပိုမိုစနစ်တကျစိစစ်အကဲဖြတ်ခြင်း၊ ဆောင်ရွက်ရန်ခွင့်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်ရုံသာမက ကဏ္ဍပေါင်းစုံမှ သုတေသနလုပ်ငန်းများ ပိုမိုအရည်အသွေးပြည့်ဝကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊

 

• သုတေသနလုပ်ငန်းများပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဝန်ကြီးဌာနအား ပံ့ပိုးအားထုတ်ဆောင်ရွက်ပေးနေသော အကြံပေးပညာရှင်ကြီးများ အပါအဝင်အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• လုပ်ဆောင်ထားရှိသော သုတေသနများမှ ရလဒ်တွေ့ရှိချက်များကို လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအသုံးချဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆန်းစစ်သုံးသပ်မှုနှင့် resource flow analysis တို့ကိုလည်းပြုလုပ်သွားစေလိုပါကြောင်း၊

 

• သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်certificate သင်တန်းများ ပြုလုပ်ရာတွင် coordinator နှင့် technical အဖွဲ့တို့ကို ဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• သင်တန်းများပြုလုပ်ရာတွင် သင်ကြားပေးမည့်သူများကိုလည်း စနစ်တကျရွေးချယ် သတ်မှတ်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပါမောက္ခဒေါက်တာအောင်သန်းဘတူ (ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဆေးသုတေသနဦးစီးဌာန) က လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် သုတေသန ကောင်စီ ပေါ်ပေါက်လာရေးကိစ္စရပ်အပေါ် အကြံပြုချက်များပြုစုဆောင်ရွက်ခဲ့မှုကို တင်ပြခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက အသီးသီးဆွေးနွေးအကြံပြုခဲ့ကြပါသည်။

 

     ထို့နောက် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော Research registry နှင့် ပတ်သက်သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနဆိုင်ရာစွမ်းဆောင်ရည်မြှင့် certificate သင်တန်းများတို့နှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန) ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ပါမောက္ခဒေါက်တာဖေသက်ခင် (ပြည်ထောင်စုဝန်ကြီး (ငြိမ်း)) မြန်မာနိုင်ငံဆေးပညာရှင်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags