NOW LOADING

𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞 𝟐𝟎𝟏𝟗 (𝐂𝐎𝐕𝐈𝐃-𝟏𝟗) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၀) ကျင်းပ (14-2-2020, 8:30 a.m)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့

     Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၀) ကို ယနေ့၊ နံနက် (၁၁:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဉီးဆောင်၍ ကျင်းပခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မိမိတို့နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း မိုင်ပေါင်းများစွာ ထိစပ်နေသည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားပျံ့နှံ့မှုအခြေ အနေများသည် လက်ရှိတွင် တည်ငြိမ်မှုမရှိသေးပါကြောင်း၊

• မိမိတို့အနေဖြင့် ရောဂါဖြစ်ပွားမှုဖြစ်စဉ်အပေါ် အလွယ်တကူ ကောက်ချက်ချ၍ မရနိုင်ဘဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို သတိကြီးစွာဖြင့် ကြိုတင် တွက်ဆပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• အဆိုပါ နယ်စပ်ဒေသများတွင် Coronavirus Disease 2019 (COVID-19) ရောဂါကျန်းမာရေးအသိပညာအချက်အလက်များအား မြန်မာဘာသာဖြင့်သာမက တရုတ်ဘာသာဖြင့်ပါ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက် ဖြန့်ဝေသွားရမည်ဖြစ် ပါကြောင်း၊

• ပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဉီးစီး ဌာနမှူးများ၏ဦးဆောင်မှုသည် ယခုအချိန်တွင်အလွန်အရေးကြီးပြီး ကျန်းမာရေးဝန်ထမ်းများအားလုံးမှ လည်းအားတက်သရော ပါဝင်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူများအနေဖြင့် အဆိုပါ နယ်စပ်ဝင်၊ ထွက်ပေါက်များသို့ ကွင်းဆင်းသွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်း၊ နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

 

• ထိုသို့ဆွေးနွေးချက်များအား ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြ၍ ထပ်မံ လိုအပ်သည်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် နယ်စပ်ကုန်းလမ်းတစ်လျှောက်ရှိ ဆေးရုံကြီး (၅) ရုံတွင် ထပ်မံလိုအပ်မည့် ဆေးပစ္စည်းကိရိယာများကို ကြိုတင်တွက်ဆ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊

• ရန်ကုန်နှင့် မန္တလေးမြို့များရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝင်ရောက်လာကြသူများ နေထိုင်မှုအများဆုံးဖြစ်သည့် ရပ်ကွက်များတွင် လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပေးနှိုးဆော်မှုများကို ဆောင်ရွက်ခြင်းကို ဆက်လက်အားဖြည့်ဆောင်ရွက်စေလိုပါကြောင်း၊

• ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသိပေးဟောပြောမှု (Health Talk) များအား ပိုမိုအရေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• နိုင်ငံတကာလေဆိပ်များရှိခရီးသည်များအား တည်းခိုသောလိပ်စာ ရယူရာတွင် မြို့နယ်အလိုက် မြေပုံ (mapping) ဖြင့်စာရင်းပြုစုထားရှိရမည်ဖြစ်ပါကြောင်း၊

 

• ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်၍ ဟိုတယ်များ၌ တည်းခိုသည့် ဖျားနာလူနာများအား သတင်းရယူဆောင်ရွက်နိုင်ရေးကို ဆက်လက်အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• သံသယလူနာများအား စောစီးစွာထောာက်လှမ်းသိရှိနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို တွေ့ရှိရပါကြောင်း၊

• လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၄) နိုင်ငံအနက် (၂၅) နိုင်ငံတွင် ရောဂါဖြစ်ပွားမှုရှိနေပါကြောင်း၊

• သုတေသနတွေ့ရှိချက်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်(စ်) ပိုးများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ လင်းနို့များမှ တစ်ဆင့် ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ဖော်ပြထားပါကြောင်း၊

• အလားတူ တိရိစ္ဆာန်များမှတစ်ဆင့် လူတို့ထံသို့ ရောဂါပိုးများကူးစက်ပျံ့နှံ့ခဲ့ပြီး အထူးသဖြင့် သားသတ်ရုံများမှ အစပြု၍ ရောဂါပိုးများကူးစက်ပျံ့နှံ့ခဲ့သည့် ဖြစ်စဉ်များလည်း ရှိပါကြောင်း၊

 

• ထို့အတွက် မိမိနိုင်ငံရှိ သားသတ်ရုံများကို အထူးကြပ်မတ်စစ်ဆေးမှုများ အားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့် သားရိုင်းတိရိစ္ဆာန်များအားကိုင်တွယ်ခြင်းနှင့် သာမာန်စားသုံးနေကျမဟုတ်သည့် ထူးခြားသော အသားဟင်းလျာ (ဥပမာ - လင်းနို့) များ စားသုံးခြင်းကို သတိပြုရှောင်ရှားကြစေလိုပါကြောင်း၊

• နေအိမ်၌သာနေထိုင်စေ၍ အသွားအလာတားမြစ်ပိတ်ပင်ခြင်း/ ကန့်သတ်ခြင်း (Home Quarantine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု ခံရသူများ လိုက်နာရန် အချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိစေရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် လွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်ပြီး ရောဂါကူးစက်မှုကာကွယ်ရာတွင် အလွန်ထိရောက်သည့် စနစ်တကျလက်ဆေးခြင်း အလေ့အထကို ကျင့်သုံးစေလိုပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်များကို စီးပွားရေးနှင့် လူမှုရေးတည်ငြိမ်မှု ရှုထောင့်ကို အလေးပေး ချိန်ထိုးစဉ်းစားကာ ဆုံးဖြတ်ချက်ချ မှတ်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများမှ အားနည်းချက်နှင့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်၍ ဆက်လက်ဆောင် ရွက်မည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် သုတေသနအစည်း အဝေးကြီးတစ်ရပ်ကို (၂) ရက်တာကာလကြာ ကျင်းပလျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကွန်ရက်ချိတ်ဆက်၍ သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံတွင် မိမိတို့ဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်ဆန်းစစ်ခြင်းနှင့် အသုံးချသုတေသနပုံစံဖြင့်ဆန်းစစ်ခြင်းများကို ဆောင်ရွက်သွားကာ လိုအပ်ချက်နှင့် အားနည်းချက်များကို ချက်ချင်း အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အသုံးချသုတေသနများဖြင့် ဆေးရုံများတွင် သံသယလူနာများနှင့် လူနာများအတွက် အဆင်သင့်ပြင်ဆင်ထားရှိအခြေအနေနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအကြား စနစ်တကျပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများကို ဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သုတေသနသည် အဓိက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်ဟု အလေးပေးပြောကြားခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနမှ ထုတ်ဝေထားသော ရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေး၊ ဓာတ်ခွဲစမ်းသပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများကို လက်ရှိပြောင်းလဲလာသော ကူးစက်ရောဂါဖြစ်ပွားမှုဖြစ်စဉ်များနှင့် အညီ လိုအပ်သလို မွမ်းမံပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့် ပြည်သူများအကျိုးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ်ဆောင်ရွက် ဆက်လက် ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံ ပူးပေါင်း ပါဝင်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• မိမိတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါဖြစ်ပွားပျံ့နှံ့မှု အခြေအနေများကို အထူးသတိပြုစောင့်ကြည့်ကာ လိုအပ်သလို အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါ ဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော (စောင့်ကြည့်လူနာ (၁၈) ဦးတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်မှု အပါအဝင်) ရောဂါစောင့်ကြပ် ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများ၊ ပုံမှန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ထူးခြားဖြစ်စဉ် များအား တင်ပြခြင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ Coronavirus disease 2019 (COVID-19) နှင့် ပတ်သက်၍ စစ်ဆေးမှုနှင့် ယနေ့အထိ အဖြေရရှိမှုအခြေအနေများ၊

• လက်ရှိအချိန်ထိ 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞 𝟐𝟎𝟏𝟗 (𝐂𝐎𝐕𝐈𝐃-𝟏𝟗) ရောဂါနှင့်ပတ်သတ်သည့် ကျန်းမာရေးအသိပညာပေးခြင်းတွင် ပိုစတာ၊ လက်ကမ်း စာစောင် (၁၈) မျိုး၊ စံလုပ်ထုံးလုပ်နည်းများ (၁၁) မျိုး နှင့် ပညာပေး Video (၂) မျိုးအားထုတ်ဝေခဲ့မှု၊

• တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များရှိသည့် Fever Surveillance Points များနှင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် ရှိသော ကျေးလက်ကျန်းမာရေးဌာနများသို့ Tablet များဖြန့်ဝေကာ အရေးကြီးသတင်းများအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်စီစဉ်ထားရှိမှု၊

 

• ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဉီးဆောင်၍ တိုင်းဒေသကြီး /ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနများနှင့် ပြုလုပ်ကျင်းပခဲ့သည့် Tele conference တွင်ဆွေးနွေးခဲ့မှုအခြေအနေများ၊

• Clinical Managemant Committee ဖွဲ့စည်းဆောင်ရွက်ခဲ့မှုနှင့် Surveillance and Quarantine လုပ်ငန်းများအား ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော အခြေအနေများ၊

• မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် ( ၂၇ )ခု တွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှု သည့်အခြေအနေနှင့် သံသယလူနာ/စောင့်ကြည့်လူနာ မတွေ့ရှိရခြင်း၊

• နိုင်ငံတကာအလှူရှင်များထံမှ PPE, Hand Gel, Isolation Gown, Surgical နှင့် N95 Mask စသည့်ပစ္စည်းများ ရရှိရန်ဆောင်ရွက်ထားရှိမှုအခြေအနေအားတင်ပြခြင်း၊

• အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ ထိတ်လန့်စေရန်သော် လည်းကောင်း၊
အကျိုးအမြတ်တစ်မျိုးမျိုးရရှိရန်သော်လည်းကောင်း ရည်ရွယ်ချက် ရှိရှိဖြင့် သတင်းအမှားထုတ်ပြန်သူများတွေ့ရှိရမှုအခြေအနေနှင့် တည်ဆဲဉပဒေများဖြင့် အရေးယူနိုင်မှုများအား ဆွေးနွေးခြင်း စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်း နှင့် ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 
 

More Tags