𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (9-2-2020, 8:15)

(က) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၁။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နေ အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဉီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချိန်စက်မြို့မှ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး (၇-၂-၂၀၂၀) ရက်နေ့မှစ၍ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ စတင်ခံစားခဲ့ရပြီးနောက် (၈-၂-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသခဲ့ပါသည်။ လူနာမှာ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူလူနာများနှင့်ထိတွေ့မှု ရာဇဝင် မရှိကြောင်းသိရှိရ ပါသည်။ ၄င်းလူနာထံမှ ဓာတ်ခွဲနမူနာရယူပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။

၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ (၄-၂-၂၀၂၀) ရက်နေ့ တွင် ဝင်ရောက်လာသော အသက် (၅၃) နှစ်အရွယ်၊ တရုတ်အမျိုးသားတစ်ဉီးသည် (၈-၂-၂၀၂၀) ရက်နေ့ တွင် အဖျားရောဂါခံစားရသဖြင့် ပုဂ္ဂလိကဆေးရုံ တစ်ခုသို့သွားရောက်ပြသခဲ့ပြီး ထိုမှတဆင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ လူနာတွင် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း ဆေးစစ်ချက်အဖြေများတွင် သွေးဥမွှားများ ကျဆင်း နေခြင်း၊ သွေးတွင်းသကြားဓာတ်များပြားနေခြင်းတို့ကြောင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ သီးသန့်လူနာဆောင်တွင် ထားရှိကုသပြီး ဓာတ်ခွဲနမူနာရယူကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။

၃။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ အသက် (၂၄)နှစ်အရွယ် တရုတ်လူမျိုး အမျိုးသမီး (၁)ဦးသည် (၁၈-၁-၂၀၂၀)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး (၁၀)ရက်ခန့်နေထိုင်ခဲ့ကာ (၃-၂-၂၀၂၀)ရက်နေ့တွင် ဟူနန်ပြည်နယ်မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နေထိုင်စဉ်အတွင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိသော်လည်း (၈-၂-၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းသွားခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးရုံ (၁)ခုသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ သီးသန့်လူနာခန်းတွင် ခွဲခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နေ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်ဖိန်မြို့တွင် (၄)ရက်ကြာ နေထိုင်ခဲ့ပြီး (၂-၂-၂၀၂၀) ရက်နေ့၌ မောင်တောမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ (၃-၂-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၇-၂-၂၀၂၀) ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပါသည်။ ၎င်းလူနာအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ မောင်တောပြည်သူ့ဆေးရုံရှိ သီးသန့်လူနာခန်းတွင် ခွဲခြားထားရှိ ဆေးကုသလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။

၅။ စင်္ကာပူနိုင်ငံ International Health Regulation (IHR-2005) focal point မှ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲသို့ (၉-၂-၂၀၂၀) ရက်နေ့ နံနက် (၈:၅၁) အချိန်တွင် e-mail ဖြင့်ဆက်သွယ်၍ အသက် (၂၉) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် စင်ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ် (၅-၂-၂၀၂၀) ရက်နေ့၌ စင်ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး နှင့် အနီးကပ်ထိတွေ့ခဲ့သူ (close contact) ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးသည် (၅-၂-၂၀၂၀) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာကြောင်း အကြောင်းကြားလာခဲ့ပါသည်။

သတင်းရရှိလျှင်ရရှိခြင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်၍ အဆိုပါနေ့ (၅-၂-၂၀၂၀) တွင် စင်ကာပူနိုင်ငံမှ ဆိုက်ရောက်လာသော လေကြောင်းလိုင်းများ၏ ခရီးသည်စာရင်း (Manifest) များအားစစ်ဆေးခြင်းနှင့် အဆိုပါခရီးသည်၏ Health Declaration Card အားရှာဖွေခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အဆိုပါအမျိုးသမီးနေထိုင်သည့် လိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များအား စုံစမ်းရှာဖွေခဲ့နိုင်ခဲ့ပါသည်။

အဆိုပါ အမျိုးသမီးနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အမျိုးသမီးတွင် လက်ရှိကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီအထူးကု ဆေးရုံတွင် ခွဲခြားထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ထားပြီး အဆိုပါ အမျိုးသမီးနှင့်အနီးကပ် ထိတွေ့ခဲ့သူများတွင်လည်း လက်ရှိကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိသော်လည်း နေအိမ်တွင် နေထိုင်စေ၍ အသွားအလာကန့်သတ်ခြင်း (Home Quarantine) ပြုလုပ်ထားပါသည်။ ထို့အပြင် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာရှိပါက ချက်ချင်းသတင်းပေးပို့ ဆောင်ရွက်ရန် အသိပေးထားပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှလည်း နေ့စဉ်ဆက်သွယ်၍ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ပါသည်။

(ခ) သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၉-၂-၂၀၂၀) ရက်နေ့၊ ည (၆း၀၀) နာရီ အချိန်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၁၄) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

(ဂ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါစောင့်ကြည့် လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

More Tags