𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (8-2-2020,10:50 p.m)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် နေထိုင်သူ အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ချမ်းတုန်ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ညပိုင်းအဖျားကြီးခြင်း ရောဂါလက္ခဏာများခံစားခဲ့ရသဖြင့် (၃၁-၁-၂၀၂၀) ရက်နေ့တွင် ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ လာ ရောက်ပြသခဲ့ပါသည်။ အဆိုပါအမျိုးသားသည် (၂၇-၁-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ ပြန်လာခဲ့ပြီး ဆီဆိုင်မြို့နယ်သို့ (၂၉-၁-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိကြောင်း စိစစ်သိရှိခဲ့ပါသည်။ (၇-၂-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာအား ဘန်းယဉ် တိုက်နယ်ဆေးရုံမှ တောင်ကြီး (စဝ်စံထွန်း) ဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာများရယူထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ပေးပို့ စစ်ဆေးသွားမည်ဖြစ်ပါသည်။

၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ မုန်းဝေမြို့နယ်တွင် (၆)လခန့်နေထိုင်ခဲ့ပြီး (၃၀-၁-၂၀၂၀) ရက်နေ့၌ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၁၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၇-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားနာကြောင်း သိရှိရသည့်အတွက် ယင်းနေ့တွင်ပင် သဲတပ်ကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ အဆိုပါ အမျိုးသမီး၏ နေအိမ်သို့သွားရောက် စမ်းသပ်စစ်ဆေးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသို့ လွှဲပြောင်းညွှန်းပို့၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ပါသည်။ အဆိုပါလူနာ အမျိုးသမီးတွင် ဖျားနာခြင်းမှလွဲ၍ အခြားလတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။ အဆိုပါလူနာကို ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူထားကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ပေးပို့ စစ်ဆေးသွား မည်ဖြစ်ပါသည်။

၄။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ မိုင်းတိန်မြို့နယ်မှ (၆-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် နေထိုင်သူ အသက် (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၇-၂-၂၀၂၀) ရက်နေ့တွင် ဖျားနာခြင်း၊ ချောင်းဆိုး ခြင်းစသော လက္ခဏာများ ခံစားရသဖြင့် ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ပြသခဲ့ပါသည်။ အဆိုပါ လူနာအား (၈-၂-၂၀၂၀) ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်ပြည်သူ့ ဆေးရုံ၊ ထိုမှတဆင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေး လျက်ရှိပါသည်။ ၎င်းလူနာ၏ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။

၅။ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် လှိုင်သာယာပြည်သူ့ဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုမှုခံယူခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား၊ အသက်(၃၂)နှစ် အရွယ် အမျိုးသားတစ်ဦး၏ ဓာတ်ခွဲအဖြေတွင် 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်း သိရှိရသဖြင့် (၈-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး၊ မင်းပြားမြို့နယ်ဆေးရုံရှိ အသက် (၃၈) နှစ်အရွယ် အမျိုးသားလူနာ၏ ဓာတ်ခွဲနမူနာ အဖြေမှာလည်း 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုးမရှိကြောင်း သိရှိရသဖြင့် သံသယလူနာ စာရင်းမှပယ်ဖျက်ကာ လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

၆။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၈-၂-၂၀၂၀) ရက်နေ့၊ ည (၉း၀၀) နာရီ အချိန်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၁၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ် ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၇။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါစောင့်ကြည့် လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

More Tags